Politics for Women Myanmar
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
Search by typing & pressing enter

YOUR CART

5/6/2025 0 Comments

တော်လှန်ရေးကာလမှာ လျစ်လျူမရှုထားသင့်တဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ

Picture

မနှင်းသက်မှူးခင် Executive Member
Sisters to Sisters
 
 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

မေး။       ။လိင်ပိုင်းဆိုင်ရာကျူးလွန်မှု မြင့်တက်လာရခြင်းက ဘာကြောင့်လို့ မြင်ပါသလဲ။

ဖြေ။      ။၂၀၂၁ မှာစပြီး အာဏာသိမ်းလိုက်တဲ့အချိန်ကတည်းက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တွေက အရမ်းများလာတယ်။ များလာတဲ့အဓိကအကြောင်းအရင်းတစ်ခုက ဥပဒေကြောင်း အရ တရားမျှတမှုပြန်ရှာဖို့ ခက်တာကြောင့်ပါ။ အကယ်၍ လိင်အကြမ်းဖက်မှုဖြစ်တယ်ဆိုရင် ဘယ်ကိုသွားမလဲ။ စစ်တပ်ဘက်ကိုသွားပြီးတော့ တရားမျှတမှုရှာမလား။ ဒါမှမဟုတ် တော်လှန်ရေးဘက်ကို သွားမလားဆိုတာက အမြဲတမ်းရွေးချယ်စရာ ဖြစ်နေတယ်။ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ဒီလို တရားမျှတမှုရှာလို့မရတဲ့အတွက်ကြောင့်မို့လို့ တဖက်ကကျူးလွန်သူအတွက်က ကျူးလွန်ဖို့ အခွင့်အ‌ရေးက ပိုများလာတယ်။

ခေတ်တလျှောက်လုံးမှာလည်း လိင်အကြမ်းဖက်မှုကျူးလွန်သူတွေက အပြစ်ပေးမခံရဘဲနဲ့ လွတ်မြောက်နေတယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရှိနေတယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခံစားနေရတဲ့အတွက်ကြောင့်ထပ်ဆင့်ကျူးလွန်ဖို့ ပိုပြီးတော့ လွယ်နေတယ်။ ဒါကြောင့် နောက်ထပ်လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမဲ့သူက စစ်ရှောင်လည်းဖြစ်ချင်ဖြစ်မယ်။ ပညာရေး ရယူဖို့အတွက် ခက်ခဲတဲ့အမျိုးသမီးတွေ ဒါမှမဟုတ်လည်း LGBT တွေ ဒီလိုလူတွေ ဖြစ်နေတက်တယ်။

မေး။     ။လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို စစ်ကောင်စီဘက်ကတင်မကပဲ စစ်အာဏာရှင် တွန်းလှန်သူတွေကိုယ်တိုင်က ကျူးလွန်လာကြတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။      ။တော်လှန်ရေးထဲမှာ ပါဝင်တဲ့လူတွေကိုယ်တိုင်ကိုက လိင်အကြမ်းဖက်မှုတွေကို လုပ်လာတယ်။ တခါတလေကျရင် သူတို့လုပ်တဲ့လူတွေက တော်လှန်ရေးထဲမှာပါဝင်နေတဲ့ အမျိုးသမီးတွေလည်း ပြန်ဖြစ်နေတတ်တယ်။ အဲ့ဒါဖြစ်လာရတဲ့အကြောင်းအရင်းကတော့ အဓိကက ခုနပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ ပြန်ပြီးဆက်စပ်တယ်။

ဥပမာ- နွေဦးဆရာတော် ဖြစ်စဉ်တွေမှာဆိုရင် တော်လှန်ရေးမှာ ပါဝင်နေတာပဲ၊ ပြောလို့မရဘူး။ အဲလို ငါတို့ တော်လှန်ရေးလုပ်နေတာပဲဆိုတာနောက်မှာ ကာဗာယူပြီးတော့ လုပ်နေကြတယ်။ ကျူးလွန် ခံရတဲ့လူတွေ အမျိုးသမီးလည်း ဖြစ်ချင်ဖြစ်မယ်။ အမျိုးသမီးမဟုတ်တာလည်း ဖြစ်ချင် ဖြစ်မယ်။ ကျူးလွန်သူက ထင်ပေါ်ကျော်ကြားသူဆို ပိုပြီးခက်တယ်။ ကိုယ့်ထက် ပိုပြီးရာထူးအာဏာပိုကြီးတဲ့လူတစ်ယောက်က ကိုယ့်ကိုကျူးလွန်တယ်ဆိုရင် အမျိုးသမီး တွေအနေနဲ့ ထုတ်ဖော်ပြောဖို့ကအရမ်းခက်တယ်။

တောထဲမှာလည်း အဲ့လိုဖြစ်စဉ်တွေ ခဏခဏကြားနေရတယ်။ Camp တွေထဲမှာ တချို့တွေကထုတ်ပြောပါမယ်လို့ ပြောတယ် ဆိုရင်တောင်မှ လက်မခံဘူး။ အဲ့အမျိုးသမီးကိုပေးမသွားတာမျိုး၊ နင့်ကိုသတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိူး၊ အဲ့ဒါတွေလည်းတောက်လျှောက်ကြားနေရတယ်။

မေး။     ။စစ်အာဏာရှင်တွန်းလှန်တာနဲ့အတူ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကိုပါ ကာကွယ်ပေးဖို့ ဘာတွေဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းချင်ပါသလဲ။

ဖြေ။      ။လက်ရှိမှာတော့ ခဏခဏလူတွေကပြောကြတာဘာလဲဆိုတော့ တော်လှန်ရေးကို အရင်လုပ် အမျိုးသမီးအခွင့်အရေးကိုနောက်မှလုပ်၊ နင်တို့အမျိုးသမီးအခွင့်အရေးက ဘာအရေးကြီးနေလို့လဲ၊ တော်လှန်ရေးနိုင်ရင် အမျိုးသမီးအခွင့်အရေးကပါလာမှာပေါ့ဆိုတာ၊ အဲ့ဒါကတကယ်တမ်းတော့ မမှန်နေဘူး။ ပြန်စဉ်းစားကြည့်လိုက်ရင် အာဏာမသိမ်းခင် ပုံမှန်အခြေအနေမှာရော အမျိုးသမီးအခွင့်အရေးက ရှိနေခဲ့လို့လား မေးစရာ ရှိပါတယ်။

တကယ်သာ ပြသနာတခုပြေလည်လို့ ကျန်တဲ့ဟာတွေပြေလည်မယ်ဆိုရင် အဲ့အချိန်မှာ လည်း အမျိုးသမီးအခွင့်အ‌ရေး ရှိနေရမှာပေါ့။ တကယ်တမ်းတော့ မရှိနေဘူး။ မရှိနေတဲ့ အခါကျတော့ အခုလည်း ကျွန်မတို့ တော်လှန်ရေးလုပ်ရင်းနဲ့ အမျိုးသမီးအခွင့်အရေးကို လုပ်ကြရမှာပါ။ ဘာကြောင့်လဲဆို မြန်မာနိုင်ငံရဲ့လူဦးရေကိုကြည့်မယ်ဆိုရင် လူဦးရေ ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်။ အဲ့အမျိုးသမီးတွေက တော်လှန်ရေးမှာလည်း ဦးဆောင်ဦးရွက် ပါဝင်နေကြတဲ့လူတွေ အများကြီးရှိတယ်။

ကိုယ်က ဒီလူဦးရေ ထက်ဝက်ကျော်ရဲ့ အခွင့်အရေးကို အခုချိန်မှာပေးမပြောဘူးဆိုရင် ဒါကဒီလူဦးရေ ထက်ဝက် ကျော်ကို နင်တို့မပါနဲ့တော့ နင်တို့တော်လှန်ရေးမှာမပါနဲ့တော့လို့ ပြောတဲ့ အဓိပ္ပာယ်နဲ့ အများကြီးတူနေတယ်။ သူတို့ရဲ့ပါဝင်မှုကို အထင်သေးလိုက်တယ်။ နှိမ့်ချလိုက်တယ် ဆိုတဲ့တဲ့ပုံစံနဲ့ တူနေတယ်။နောက်ပြီးတော့ ဘာတွေလုပ်နိုင်လဲဆို sisters to sisters ကလည်း အမျိုးသမီးအသံကို မြှင့်တင်ပေးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့အမျိုးသမီးအသံနဲ့ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ပေးဖို့ အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အသံတွေတိတ်သွားတယ်ဆိုရင် အမျိုးသမီးတွေ ဘာတွေကြုံနေရလဲ၊ အမျိုးသမီးတွေဘာတွေခံစားနေရလဲ။ သူတို့မှာ ဘာအခက်အခဲတွေ ရှိလဲ၊ သူတို့ရဲ့ပါဝင်မှုက ဘယ်လိုရှိလဲ။ ဒါတွေကို သိနိုင်တော့မှာ မဟုတ်ဘူး။ အသံက အရေးကြီးဆုံးပဲ၊ အသံဆိုတဲ့နေရာမှာလည်း တိုးတိုးပြောတာလည်း ဖြစ်နိုင်တယ်။ ကျယ်ကျယ်ပြောတာလည်း ဖြစ်နိုင်တယ်။ ကျယ်ကျယ်ပြောရမယ်လို့တော့ အတင်းကြီး တွန်းအားပေးစရာ မလိုဘူး။ ဒါပေမယ့် သူတို့အသံတွေ ထုတ်လာအောင်လို့ စပြီးတော့ လုပ်ပေးရမယ်။ အဲ့ဒီကနေမှ နောက်ကနေ တခြားသူတို့အခွင့်အရေးတွေလည်း ပါလာမယ်ပေါ့နော်။

“တော်လှန်ရေးမှာလည်း ဦးဆောင်ဦးရွက် ပါဝင်နေကြတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ ကိုယ်က ဒီလူဦးရေ ထက်ဝက်ကျော်ရဲ့ အခွင့်အရေးကို အခုချိန်မှာ ပေးမပြောဘူးဆိုရင် ဒါကဒီလူဦးရေထက်ဝက်ကျော်ကို နင်တို့တော်လှန်ရေးမှာမပါနဲ့တော့လို့ ပြောတဲ့ အဓိပ္ပာယ်နဲ့ အများကြီးတူနေတယ်”

မေး။     ။ဒီဖြစ်စဉ်တွေကို ဆရာမတို့အမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ဘယ်လိုကိုင်တွယ်ပြီး ကူညီဆောင်ရွက်နေပါသလဲ။

ဖြေ။      ။အခုလက်ရှိမှာတော့ sisters to sisters ကအမျိုးသမီးအသံထွက်နိုင်အောင် ကူပေးတာ ပါတယ်။ အမျိုးသမီးတစ်ယောက် သူဒီလိုဒီလိုကြုံနေပါတယ်လို့ လာပြောတယ်ဆိုရင် သူ့ကိုမေးတယ်။ ဒီဟာကိုအသံထုတ်ချင်လား မထုတ်ချင်ဘူးလား။ အဓိကက သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲပေါ့။ သူတို့ကအသံမထုတ်ချင်ဘူးဆိုရင် ရတယ်။ ကိစ္စမရှိဘူး။ သူတို့က ကိုယ့်ကိုလာပြောရုံပဲဆိုရင် အဲ့ဒါကို မှတ်တမ်းလုပ်ထားတယ်။

တကယ်လို့ သူတို့ အသံထုတ်ချင်တယ်ဆိုရင် ဘယ်လိုနည်းနဲ့ ထုတ်ဖော်ပြောနိုင်မလဲဆိုတာအခြေခံပြီးတော့ ဝိုင်းဝန်းပံ့ပိုးပေးတယ်။ ဒါကပထမအဆင့်ပေါ့။ ပြီးရင် အဲ့နောက်မှာမှ သူတို့တခြား ဘာအကူအညီလိုသေးလဲပေါ့။ စိတ်ပိုင်းဆိုင်ရာအကူအညီလိုလား။ လုံခြုံတဲ့နေရာတခုခုကို ပြောင်းဖို့အကူအညီလိုလား။ ဒါမှမဟုတ်ရင် ဥပဒေကြောင်းအရ လုပ်ချင်တာမျိုးတခုခု ရှိလား။ ကျန်းမာရေးအရအကူအညီလိုလား ဒါတွေကိုကြည့်တယ်ပေါ့နော်။ Sisters to Sisters အနေနဲ့ လုပ်ပေးနိုင်တာတွေလုပ်ပြီး ကျန်တဲ့ လိုအပ်မှုတွေအတွက် ဝိုင်းဝန်း ချိတ်ဆက်ပေးတယ်။ ပြန်ပြီး လွှဲပြောင်းပေးတယ်။

မေး။     ။လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောကြားမှုတွေ မြင့်တက်လာဖို့ ဘယ်လို ပံ့ပိုးပေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။ 

ဖြေ။      ။ကြုံတွေ့ရတဲ့အခက်အခဲကတော့ အမျိုးသမီးတွေက များသောအားဖြင့် လာပြီး ရင်ဖွင့်ကြပေမယ့် တကယ်တမ်း public မှာ ထွက်မပြောချင်ကြဘူး။ ထွက်မပြောရဲဘူး။  အဲ့ဟာကလည်း သူတို့ကို ကျွန်မတို့က အပြည့်အဝနားလည်ပေးတယ်။ အမျိုးသမီး အခွင့်အရေးနဲ့ပတ်သက်ရင် ကျွန်မတို့မြန်မာနိုင်ငံမှာသိပ်မသုံးတဲ့ စကားတခုက agency ဆိုတဲ့စကားပေါ့။ Agency ဆိုတာက ဒီအမျိုးသမီးမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ သူ့ကို သူသည် အခြေအနေကို ပြောင်းလဲချင်တယ်ဆိုရင်လည်း ဒါသူ့ဆုံးဖြတ်ပိုင်ခွင့်ပဲ၊ သူမပြောင်းလဲဘူး ဆိုရင်လည်း သူ့ဆုံးဖြတ်ပိုင်ခွင့်ပဲ။

Sisters to sisters ကအမျိုးသမီးတွေရဲ့ agency ကို အရမ်းအလေးထားတယ်။ အမျိုးသမီးတွေအနေနဲ့ ပြောချင်သည်ဖြစ်စေ၊ သူတို့မပြောချင် သည်ဖြစ်စေ သူတို့မှာပဲ ဆုံးဖြတ်ခွင့် ရှိပါတယ်။ ကျွန်မတို့လုပ်ပေးတာက သူတို့ ပြောနိုင်လာအောင် ပြောရဲလာအောင် သူတို့ လုံလုံခြုံခြုံခံစားလို့ရအောင် safe place လေး ဖန်တီးပေးတယ်။ ပြီးတော့ ကျွန်မတို့တခြားအမျိုးသမီးတွေ၊ တခြားညီအမတွေအနေနဲ့ ဒီညီအမတွေနဲ့ အတူတူရှိပါတယ်ဆိုတဲ့ အဲ့ခံစားချက်ကို ပေးတယ်။  

လက်ရှိမှာ နည်းလမ်း မျိုးစုံနဲ့  ကျူးလွန်ခံရတဲ့လူကို အပြစ်ပြောတဲ့ဟာတွေက လာတတ်ကြတယ်။ အဲ့လိုဆိုရင် အဲ့လိုမျိုးဟာတွေကို ခံနိုင်ရည်ရှိဖို့လည်း ကျွန်မတို့ကဝိုင်းပြီး support ‌ပေးတယ်၊ သူ့ဘက်မှာ ကျွန်မတို့ရှိပါတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်မတို့ပေးတယ်။ လူမှုအဖွဲ့အစည်းတခုလုံးကို တော့ ကျွန်မတို့ ရုတ်တရက် နေ့ချင်းညချင်း မပြောင်းနိုင်ဘူး။ ဒါပေမယ့် ရှိတဲ့အဝန်းအဝိုင်း ကိုတော့ လုံလုံခြုံခြုံဖြစ်အောင် လုပ်ပေးနိုင်တယ်။ အဲ့ကနေစပြီး လုပ်တယ်။ သူတို့ရဲ့ ဆုံးဖြတ်နိုင်ခွင့်ကို တန်ဖိုးထားတယ်။

မေး။     ။တော်လှန်ရေးကာလအတွင်းမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိဖို့ ဘယ်လို ကိုင်တွယ်သင့်ပါသလဲ။

ဖြေ။      ။လောလောဆယ်မှာတော့ဥပဒေကြောင်းအရ ပထမဆုံးစပြီးစဉ်းစားရတာကဖြစ်တဲ့ case က ဘယ်နေရာမှာ ဖြစ်တာလဲ။ ဘယ်နိုင်ငံရဲ့နယ်မြေနယ်နိမိတ်အတွင်းမှာ ဖြစ်တာလဲပေါ့။ အဲ့ဒါကိုမူတည်ပြီးတော့ သူတို့ရဲ့တရားစီရင်ရေးအောက်ကို ကျသွားတယ်။ အကယ်၍ မြန်မာနိုင်ငံမှာဖြစ်ခဲ့တယ်ဆိုရင် ပိုပြီးခက်တယ်။ ထိုင်းမှာဖြစ်တယ်ဆိုလည်း ခက်တာပါပဲ။

ဒါပေမယ့် ခက်ပုံခက်နည်းချင်းတော့ မတူဘူးပေါ့။ အကယ်၍ မြန်မာနိုင်ငံမှာဖြစ်ခဲ့တယ် ဆိုရင် NUG ကိုသွားပြီးတော့ သွားတိုင်မလား၊ ဒါဆိုရင် သွားတိုင်တယ်ဆိုရင်ရော NUG  က ဘယ်လောက်အထိ လုပ်နိုင်မှာလဲ။ ဒါမှမဟုတ် တောထဲမှာဖြစ်တယ်ဆိုရင်ရော တောထဲက အာဏာပိုင်အဖွဲ့အစည်းကို သွားတိုင်မလား။ အဲ့အဖွဲ့အစည်းကလည်း ဘယ်လောက်အထိ ဘက်မလိုက်ပဲနဲ့ တရားမျှမျှတတဆုံးဖြတ်မှာလဲ ဆိုတဲ့ စဉ်းစားစရာ မေးခွန်းထုတ်စရာတွေ က အများကြီးရှိတယ်။

အဲ့နည်းလမ်းကတော့ တနည်းအားဖြင့်ခက်တယ်။ ဒါပေမယ့် လူထုအားနဲ့ လုပ်လို့ရတာတော့ အခုလူတွေလုပ်နေကြတဲ့ social punishment လိုပုံစံမျိုးပေါ့။ အကယ်၍ တော်လှန်ရေးထဲကလူပဲဖြစ်ဖြစ် စစ်တပ်ဘက်လူပဲဖြစ်ဖြစ် သူတို့ကကျူးလွန်ခဲ့တယ်ဆိုရင် အဲ့ကျူးလွန်တဲ့ဟာကို လူထုအားနဲ့ဖယ်ကျဉ်ထားတဲ့ပုံစံမျိူး လုပ်လို့ရတယ်။ ကျူးလွန်တဲ့သူကိုပဲ အပြစ်ပြောပြီးတော့ ကျူးလွန်ခံရတဲ့သူကို အပြစ်မပြောတဲ့အလေ့အထပေါ့။

အဲ့ဒါကိုစပြီး ဖော်ဆောင်လို့ရတယ်။ Sisters to Sisters ကလည်းအဲ့ဒါကိုအဓိကလုပ်တာပေါ့။ အမျိုးသမီးအသံကိုမြှင့်တင်ပေးတယ်။ လူတွေအနေနဲ့ ကိုယ်ချင်းစာတက်လာအောင် ဝိုင်းပြီးတော့ ဒီအမျိုးသမီးကို ဘာကူပေးရမလဲဆိုတာ ဖြစ်လာအောင် အဲ့ဒါကိုလုပ်လို့ရတယ်။ ဆက်လက်ရှင်သန်သူကို လူမှုအသိုင်းအဝိုင်းထဲကို ပြန်ဝင်လာနိုင်အောင် ပြန်လုပ်ပေးနိုင်တဲ့အချက်တွေလည်း အများကြီးရှိတယ်။
 
“လူမှုအဖွဲ့အစည်းတခုလုံးကို တော့ ကျွန်မတို့ ရုတ်တရက် နေ့ချင်းညချင်း မပြောင်းနိုင်ဘူး။ ဒါပေမယ့်် ရှိတဲ့အဝန်းအဝိုင်း ကိုတော့ လုံလုံခြုံခြုံဖြစ်အောင် လုပ်ပေးနိုင်တယ်။ အဲ့ကနေစပြီး လုပ်တယ်။ သူတို့ရဲ့ ဆုံးဖြတ်နိုင်ခွင့်ကို တန်ဖိုးထားတယ်”

မေး။     ။လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျော့ကျ ပပျောက်လာဖို့အတွက် အမျိုးသားတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုအထိ အရေးပါပါသလဲ။ အမျိုးသားတွေအနေနဲ့ ဒီလိုဖြစ်စဉ်မျိုး မဖြစ်အောင် ဘာတွေ လုပ်ဖို့ လိုပါသလဲ။ 

ဖြေ။      ။လိင်အကြမ်းဖက်မှုမှာ အမျိုးသားတွေရဲ့ ကဏ္ဍအရမ်းအရေးကြီးတယ်၊ ဘာကြောင့်လဲ ဆိုတော့ ကျူးလွန်တဲ့ case တွေကို generally ကြည့်မယ်ဆိုရင်၊ ကျူးလွန်တဲ့သူက အမျိုးသားဖြစ်ပြီးတော့ ကျူးလွန်ခံရတဲ့သူကအမျိုးသမီးဖြစ်တက်တဲ့ သဘောရှိတယ် ပေါ့နော်။ အဲ့အတွက် အမျိုးသားတွေကိုယ်တိုင်ကလည်း ငါတို့က ဒီလိင်အကြမ်းဖက်မှုကို မကျူးလွန်ရဘူးဆိုတဲ့ နေရာ‌ကနေစဖို့ လိုတယ်။

အမျိုးသမီးတွေကိုပဲသွားပြီးတော့ အမျိုးသမီးပဲဖြစ်ဖြစ် LGBT ပဲဖြစ်ဖြစ် ကျူးလွန်ခံရတဲ့သူကိုပဲသွားပြီးတော့ ဒီအကျီမဝတ်နဲ့လို့ ဒါမလုပ်နဲ့လို့ ညဘက်တယောက်ထဲအပြင်မထွက်နဲ့လို့ ပြောနေတာက အခြားသူအခွင့်အရေး ကို ပိတ်ပင်တာ ဖြစ်သွားပြီ။ သူများအခွင့်အရေးကို သွားပြီးတော့ ထိပါးနှောက်ယှက်နေတဲ့ ကျူးလွန်တဲ့လူကိုပဲ ပြောရမှာ။ ဘယ်သူပဲဖြစ်ဖြစ် ကျူးလွန်တဲ့လူမှာပဲအပြစ်ရှိတယ်။ ကျူးလွန်ခံရတဲ့လူမှာ အပြစ်လုံးဝမရှိဘူး။ အဲ့အတွက်ကြောင့် အမျိုးသားတွေကို ပညာပေးဖို့ လိုတယ်။

ကလေးအရွယ်ထဲက သူ့ space နဲ့ ကိုယ့် space သိအောင်လို့ ကိုယ် ဘာလုပ်လို့ရလဲ၊ သူအခွင့်အရေးက ဘာလဲ၊ ကိုယ့်အခွင့်အရေးက ဘာလဲ၊ အဲ့ဒါမျိုးကိုသိအောင် လုပ်တယ်ဆိုရင်တော့ တဖြေးဖြေးနဲ့ ငါတို့သွားပြီးတော့ ဒီအမျိုးသမီးပဲ ဖြစ်ဖြစ်၊ ဒီ LGBT ပဲဖြစ်ဖြစ်၊ ဒီလူတွေကို ငါတို့သွားပြီးတော့ကျူးလွန်လို့မရဘူး။ အကြမ်းဖက်လို့မရဘူးဆိုတာကို စပြီးသိလာမယ်လို့ မြင်တယ်။ အဲ့ကနေစရမယ်။ International မှာလုပ်တဲ့ ကမ်ပိန်းတစ်ခုရှိတယ်။ He for She ဆိုတဲ့ဟာပေါ့။ He for She ဆိုတာ အမျိုးသမီးတွေအတွက်ကို အမျိုးသားတွေက ရပ်တည်ပေးတယ်ဆိုတဲ့ဟာမျိုးပေါ့။

ကိုယ့်အိမ်မှာပဲဖြစ်ဖြစ် ကိုယ့်မောင်နှမအသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် ကိုယ့်သူငယ်ချင်း အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေအတွက် အမျိုးသားတွေက ရပ်တည်ပေးတယ် ဆိုတဲ့ဟာမျိုး၊ ငါတို့လည်းကူပြီးတော့ နင်တို့အခွင့်အရေးရဖို့အတွက် ကူတိုက်ပေးမယ် ဆိုတဲ့ဟာမျိုး အဲ့လိုမျိုးကလည်း အရမ်းအရေးကြီးတယ်လို့ထင်တယ်။

LGBT ပဲဖြစ်ဖြစ် အမျိုးသမီးအခွင့်အရေးပဲဖြစ်ဖြစ် အမျိုးသားတွေရဲ့ပါဝင်မှုကတအားကိုအရေးကြီးတယ်။ အဲ့လိုမျိုးပါဝင်နေကြတဲ့အမျိုးသားတွေလည်း အရမ်းလေးစားစရာကောင်းတယ်။ သူတို့ အနေနဲ့ သူတို့ရဲ့ space တင်မဟုတ်ဘဲ သူများရဲ့ space ကိုပါ ကူပြီးတိုက်ပေးတဲ့ အဓိပ္ပာယ်မျိုးပေါ့။ အဲ့ဒါကတော့အရမ်းအရေးကြီးတယ်လို့ထင်ပါတယ်။

မေး။     ။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။

ဖြေ။      ။အဓိကကတော့ အမျိုးသမီးတွေအသံထွက်ဖို့ အရေးကြီးတယ်။ သူတို့ အသံထွက်နိုင် လောက်အောင် ရေခံခြေခံတွေကိုကိုယ်တွေက ပံ့ပိုးပေးဖို့လိုတယ်။ သူတို့အသံထွက်နိုင်ဖို့ အတွက် လုံခြုံတဲ့အဝန်းအဝိုင်းလေးဖြစ်အောင် လုပ်ပေးဖို့လိုတယ်။ ဒါက ကျွန်မတစ်ဦး တစ်ယောက်ထဲမှာ တာဝန်ရှိတာ မဟုတ်ဘူး။ လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းတခုလုံးက ပြောင်းလဲမှရမယ့်အရာဖြစ်ပါတယ်။

လူမှုအဖွဲ့အစည်းတခုလုံးက ကျူးလွန်ခံရတဲ့သူနဲ့ ကျူးလွန်တဲ့သူမှာ ကျူးလွန်ခံရတဲ့သူကို အပြစ်မတင်ပဲနဲ့ ကျူးလွန်တဲ့သူကို အပြစ်တင်ဖို့ လိုတယ်။ ကျူးလွန်တဲ့သူကို အပြစ်ပြောရဲဖို့လိုတယ်။ ကျူးလွန်တဲ့သူကို ဖော်ထုတ်ရဲဖို့ လိုတယ်။ ကျူးလွန်ခံရတဲ့သူကို ကာကွယ်ပေးဖို့ လိုတယ်။ သူ့ကို အပြစ်မတင်ဖို့ လိုတယ်။ အဲ့လိုအဝန်းအဝိုင်းကို တည်ဆောက်နိုင်ဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။

အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
0 Comments

5/6/2025 0 Comments

တော်လှန်ရေးကာလမှာ လျစ်လျူမရှုထားသင့်တဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ

Picture

နာင်းမို့မို့ အထွေထွေအတွင်းရေးမှူး
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)
 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

မေး။    ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာ ဘာလဲ။

ဖြေ။    ။လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှာ အမျိုးသမီးတွေအပေါ် အမျိုးသားတွေက ကျူးလွန်မှုတွေ သာမကဘဲ၊ အမျိုးသားတွေအပေါ် အမျိုးသမီးတွေက ကျူးလွန်တာတွေ၊ အမျိုးသမီး အချင်းချင်းကြား၊ အမျိုးသားအချင်းချင်းကြား၊ လိင်တူအချင်းချင်းကြား ကျူးလွန်မှုတွေကိုပါ ဆိုလိုတာ ဖြစ်ပါတယ်။ အဖြစ်အများဆုံးကတော့ အမျိုးသမီးတွေအပေါ် ကျူးလွန်မှုတွေ ဖြစ်ပါတယ်။

မေး။    ။လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို စစ်ကောင်စီဘက်ကတင်မကပဲ စစ်အာဏာရှင် တွန်းလှန်သူတွေ ကိုယ်တိုင်က ကျူးလွန်လာကြတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။    ။စစ်ကောင်စီက ကျူးလွန်တာဘဲ ဖြစ်ဖြစ်၊ တော်လှန်ရေးအင်အားစုက ကျူးလွန်တာဘဲ ဖြစ်ဖြစ်၊ အာဏာရှိသူတွေက ကျူးလွန်တာဘဲ ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအားလုံးကို ထုတ်ဖော်ပြောကြားဖို့ လိုပါတယ်။

မေး။    ။စစ်အာဏာရှင်တွန်းလှန်တာနဲ့အတူ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကိုပါ ကာကွယ်ပေးဖို့ ဘာတွေဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းချင်ပါသလဲ။

ဖြေ။    ။ဒီတော်လှန်ရေးကတကယ့်ကိုအလွှာပေါင်းစုံက တွန်းလှန်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ဒီတော်လှန်ရေးဟာ အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ ဖိုဝါဒကိုပါ တခါတည်းတိုက်ထုတ်တဲ့ တော်လှန်ရေးဖြစ်တယ်ဆိုတော့ ဒီလိုတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်း ဆိုင်ရာအမြတ်ထုတ်တာ၊ အကြမ်းဖက်တာတွေက ဘယ်လိုမှလက်ခံလို့မရဘူး။ ကျူးလွန် လို့လည်း မရသလိုမျိုး၊ ကျူးလွန်ခွင့်ကိုလည်း ခွင့်မပြုနိုင်သလို၊ ကျူးလွန်ခဲ့တဲ့တာတွေ ကိုလည်း လက်သင့်မခံနိုင်ဘူး။

အခုလို တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့အချိန်မှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေက ကျူးလွန်လိုတဲ့သူတွေ၊ ကျူးလွန်ချင်တဲ့သူတွေက ပိုပြီးတော့ အခွင့်ကောင်းယူ ကျူးလွန်ကြတာတွေ ရှိတယ်။ ဒါကြောင့် ဒီလိုကာလမှာ ပိုလို့တောင်မှ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေမရှိအောင် ကာကွယ်ပေးရမယ်။ တားဆီးရမယ်။

ဘယ်လိုပုံစံနဲ့ကြိုတင်ကာကွယ်တာ၊ ဘယ်လိုပုံစံနဲ့ ကြိုတင်တားဆီးတာလုပ်ရမလဲ ဆိုရင် တော့ဖြင့် ကိုယ့်ရဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ အထဲမှာ သေချာတဲ့ မူဝါဒတွေ ချက်မှတ်ပြဋ္ဌာန်းထားဖို့ လိုတယ်။ ကိုယ့်ရဲ့အဖွဲ့အစည်းတွေမှာက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်မှုကိုလုံးဝလက်သင့်မခံတဲ့မူတွေ ချမှတ်ပေးရမယ်။

တကယ်လို့ကိုယ့်ရဲ့ အစုအဖွဲ့ထဲမှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်လာတယ်ဆိုရင် အဖွဲ့အစည်းရဲ့စည်းမျဉ်း၊ စည်းကမ်းအရ ဘယ်လိုပုံစံနဲ့အရေးယူမှုတွေ လုပ်မယ်ဆိုတာတွေ တိတိကျကျပြဋ္ဌာန်းထားဖို့ လိုတယ်။ တဖက်မှာ အမျိုးသမီးတွေက အကြမ်းဖက်မှုခံရတယ်ဆိုရင် သက်ဆိုင်ရာ အစုအဖွဲ့တွေဆီမှာ တိုင်ကြားလို့ရနိုင်တဲ့ ယန္တရားတွေ အဲ့ဒီဟာတွေကအစ ထားပေးဖို့ လိုတယ်။ ဒါမှပဲ အမျိုးသမီးတွေရဲ့လုံခြုံမှုက ရှိလာမှာ ဖြစ်တယ်။

ဘယ်သူဘယ်ဝါကပဲ ကျူးလွန်သည် ဖြစ်စေ၊ အမျိုးသမီးတယောက်ကပဲ ကျူးလွန်ခံရပေမယ့် အမျိုးသမီးအားလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာဖြစ်တယ်။ ဒါကြောင့် တိကျတဲ့ကြိုတင်ကာကွယ်တဲ့ အစီအစဉ်တွေ ချမှတ်ဖို့ လိုတယ်။ ကျူးလွန်မှုတွေရှိလာခဲ့ရင် ထိရောက်တဲ့အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။


“ဘယ်သူဘယ်ဝါကပဲ ကျူးလွန်သည် ဖြစ်စေ၊ အမျိုးသမီးတယောက်ကပဲ ကျူးလွန်ခံရပေမယ့် အမျိုးသမီးအားလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာဖြစ်တယ်”

မေး။
    ။ဒီဖြစ်စဉ်တွေကို ဆရာမတို့အမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ဘယ်လိုကိုင်တွယ်ပြီး ကူညီဆောင်ရွက်နေပါသလဲ။

ဖြေ။    ။ကျွန်မတို့က အမျိုးသမီးနိုင်ငံရေးအစုအဖွဲ့ ဖြစ်တယ်။ အစိုးရမဟုတ်တဲ့အတွက်ကြောင့်  ကျူးလွန်ခံရတဲ့အမျိုးသမီးတွေအတွက် တရားမျှတရေးယန္တယားတွေ မရှိပေမဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တားဆီးတဲ့မူဝါဒတွေ ရှိတယ်။ အမျိုးသမီးအဖွဲ့အစည်း ဖြစ်သလို၊ တချိန်တည်းမှာ  မတူစုံလင်ကွဲပြားတဲ့အုပ်စုတွေနဲ့ အလုပ်လုပ်ရတာရှိတဲ့အခါ ကျတော့ ကျွန်မတို့ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံရဲ့ အဖွဲ့အတွင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အမြတ်ထုတ်မှု၊ အဲ့ဟာနဲ့ ပတ်သက်တဲ့တားဆီးတဲ့မူဝါဒချမှတ်ထားပါတယ်။  

အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ အနေနဲ့ နှစ်ပေါင်းများစွာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံ ရတဲ့အမျိုးသမီးတွေကို အကာအကွယ်ပေးတာတွေ၊ သူတို့လိုအပ်တာတဲ့အကူအညီတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်တယ်။ အခုဆိုရင် ဒီအမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင်အဖွဲ့အစည်း ကနေမှတဆင့် safe house တွေထားထားတာတွေ ရှိတယ်။ တဖက် မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုသမှုတွေ တွေကိုလည်း ပံ့ပိုးလုပ်ဆောင်ပေးပါတယ်။ နှစ်သိမ့်ဆွေးနွေးအကြံမှုတွေ လုပ်ပေးတာ ရှိပါတယ်။

တရားမျှတမှုနဲ့ပတ်သက်ရင် ဒေသတွင်းမှာရှိတဲ့ တရားမျှတရေးယန္တရားနဲ့ ချဥ်းကပ်ပြီးတော့  တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်နိုင်အောင် ပံ့ပိုးတာတွေရှိတယ်။ တချိန်တည်းမှာ ဓလေ့ထုံးတမ်းဥပဒေတွေက အမျိုးသမီးတွေကိုအကာအကွယ်ဖြစ်တဲ့ ဥပဒေတွေဖြစ်ဖို့ ဥပမာ EROs ရဲ့ တရားရေးယန္တရားဆိုလည်း အမျိုးသမီးတွေရဲ့ အခွင့်အရေး အမျိုးသမီးတွေရဲ့ တရားမျှတမှုကို အာမခံတဲ့ တရားရေးယန္တရားဖြစ်ဖို့ စည်းရုံးလုပ်ဆောင် ပါတယ်။

မေး။    ။လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောကြားမှုတွေ မြင့်တက် လာဖို့ ဘယ်လို ပံ့ပိုးပေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။ 

ဖြေ။    ။ကျွန်မတို့ကတော့ အဓိကက awareness ကို ပိုလုပ်တယ်။ ထုတ်ဖော်ပြောဆိုတဲ့ကိစ္စကို ကျွန်မတို့အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရတယ်ဆိုရင် ကိုယ်ကလည်း အကြမ်းဖက်မှု ခံရသေးတယ်။ ပတ်ဝန်းကျင်ရဲ့ဖယ်ကြဉ်မှု၊ ဝေဖန်တိုက်ခိုက်မှုကိုလည်း ခံရတယ်။ မိသားစုတွေရဲ့ဖယ်ကြဉ်ခြင်း၊ အပြစ်ပြောခြင်းကိုလည်း ခံရတယ်။

ဒီလိုအခြေအနေမျိုးမှု ထုတ်ဖော်ပြောဆိုနိုင်ဖို့အတွက် လူထုကို အသိပညာပေးဖို့လိုတယ်။  အကြမ်းဖက်ခံ ရတာ ရှက်စရာမဟုတ်ဘူး။ အကြမ်းဖက်တဲ့လူကသာလျှင် ရှက်စရာဖြစ်တယ်။ အကြမ်းဖက် တဲ့လူကသာလျှင် လူ့ပတ်ဝန်းကျင်က ဖယ်ကြဉ်ရမယ်။လူ့ပတ်ဝန်းကျင်က သူ့ကို အပြစ်ပေးရမယ် ။ဒီလူတွေကသာ ပိုပြီးရှက်စရာဖြစ်တယ်ဆိုတာကို သူတို့တွေ့ရဲ့အမြင်၊ ထင်မြင်ယူဆချက်တွေက ပြောင်းပြန်ဖြစ်ဖို့ အသိပညာပေးမှုကို တော်တော်လေး‌ လုပ်ရမဲ့ အနေအထားဖြစ်တယ်။

တချိန်တည်းမှာ အမျိုးသမီးတွေထုတ်ဖော်ပြောဆိုလာအောင် တရားမျှတတဲ့ ဖြေရှင်းမှုတွေ လုပ်ဆောင်ပေးဖို့ တိုက်တွန်းပေးရမယ်။ တကယ်လို့ တရားမျှတမှု ရရှိမှုဆိုရင် တခြားအမျိုးသမီးတွေကလည်း ပိုပြီး ထုတ်ဖော်ပြောဆိုလာကြမယ်။  ဒါတွေက အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု ရှာဖွေတဲ့အခါမှာ အရေးကြီးပါတယ်။
 
တရားမျှတမှုရရှိအောင် ကြိုးပမ်းဖို့အတွက် အဓိကက စိတ်ဆန္ဒပါ။  လက်ရှိအနေအထားမှာ ခက်တယ် ဆိုပေမယ့်လည်း ဒါကတော်လှန်ရေးကာလမို့ဆိုတဲ့ ဆင်ခြေတွေပေးရင် လက်မခံနိုင်ဘူး

မေး။    ။ တော်လှန်ရေးကာလအတွင်းမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိဖို့ ဘယ်လို ကိုင်တွယ်သင့်ပါသလဲ။

ဖြေ။    ။တရားမျှတမှုရရှိအောင် ကြိုးပမ်းဖို့အတွက် အဓိကက စိတ်ဆန္ဒပါ။  လက်ရှိအနေအထားမှာ ခက်တယ်ဆိုပေမယ့်လည်း ဒါကတော်လှန်ရေးကာလမို့ဆိုတဲ့ ဆင်ခြေတွေပေးရင် လက်မခံ နိုင်ဘူး။ တကယ်ဆိုရင် လုပ်လို့ရပါတယ်။ ဥပဒေတွေပြဋ္ဌာန်းတာ ပုံစံမျိုးစုံနဲ့ ကျူးလွန်တဲ့သူ တွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်တာတွေက လုပ်လို့ရပါတယ်။

NUG အနေနဲ့လည်း အမျိုးသမီးတွေအ‌ပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းလို့ရတဲ့ဥပဒေတွေကို သေသေချာချာနဲ့ ပြဋ္ဌာန်းအကောင်အထည်‌ ဖော်ဆောင်ရပါမယ်။  အဲ့လိုပုံစံနဲ့လုပ်ဆောင်လို့ရတယ်။ တဖက်မှာကလည်း ကျန်တဲ့ တော်လှန်ရေးအစိုးရတွေလည်း အမျိုးသမီးတွေအတွက် တကယ့်တရားမျှတမှုကို အာမခံတဲ့ ဥပဒေတွေဖြစ်ဖို့ကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။  

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက အခုလိုပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆို စစ်ရာဇဝတ်မှုနဲ့ ဆက်နွယ်တဲ့အကြမ်းဖက်မှု၊လူသားဖြစ်မှုအပေါ် ဆန့်ကျင်တဲ့ရာဇဝတ်မှု ဖြစ်တယ် ဆိုတာကို  အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆုံးဖြတ်ချက်အမှတ် ၁၃၂၅၊ ၁၈၂၀ မှာ အတိအလင်း ဖော်ပြထားတယ်။

ဒီဟာတွေကို မင်းအောင်လှိုင်စစ်တပ်က အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေတယ်ဆိုတော့ ဒါက စစ်ရာဇဝတ်မှု၊ လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ရာဇဝတ်မှုဖြစ်တယ်ဆိုတော့ နိုင်ငံတကာဥပဒေနဲ့ အရေးယူလို့ရတယ်။ အဓိကက စိတ်ဆန္ဒရှိဖို့ လိုပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေက မရပ်တန့်နိုင်သရွေ့ ကျွန်မတို့လိုချင်တဲ့အရွေ့ လိုချင်တဲ့အပြောင်းအလဲ၊ နိုင်ငံတော်အသစ် စနစ်အသစ် မပေါ်လာနိုင်ဘူးဆိုတာကို ခေါင်းဆောင်တွေရဲ့ ခေါင်းထဲမှာရှိဖို့ လိုတယ်။

လူတိုင်းက change agent ဖြစ်နိုင်တယ်။ ကျူးလွန် ခံရတဲ့လူတွေကလည်း change agent ဖြစ်နိုင်တယ်။ ကိုယ်ကျူးလွန်ခံရတဲ့ကိစ္စတွေကို ကိုယ်ကရဲရဲတင်းတင်းနဲ့ ထုတ်ဖော်ပြောဆိုခြင်း ကလည်း အကြမ်းဖက်မှုတွေ ပပျောက်အောင် လုပ်ဆောင်တဲ့ နည်းတနည်းဖြစ်တယ်။

မေး။    ။လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို လျော့ကျပပျောက်လာဖို့အတွက် အမျိုးသားတွေရဲ့ အခန်းကဏ္ဍက ဘယ်လို အရေးပါပါသလဲ။

ဖြေ။    ။အမျိုးသားတွေရဲ့အခန်းကဏ္ဍလည်း အရမ်းအရေးကြီးတယ်။ တကယ်ဆိုရင် အမျိုးသား ဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် လူဖြစ်ရင် ကိုယ့်ပတ်ဝန်းကျင်မှာ မတရားကိုတွေ့တယ်၊ မတရားကိုမြင်တယ်ဆို ကျွန်မတို့ကရေငုံနှုတ်ပိတ်နေရမယ့် အနေအထားမဟုတ်ဘူး။ အဲ့လိုမျိုး ထုတ်ပြောတဲ့အမျိုးသား၊ပါဝင်တဲ့အမျိုးသားတွေက သူတို့က တာဝန်ကျေတာပေါ့ နော်။ သူတို့က လူပီသတယ်။ တကူးတကကြီး  ဒီအမျိုးသားကတော့ သူများထက် ပိုပြီးထူးချွန်တယ်ဆိုပြီး ဆုတွေဘာတွေပေးတာမျိုးတော့ ကျွန်မကသဘောမကျဘူးပေါ့။

ဒီလိုမျိုး အပြောင်းအလဲဖြစ်ဖို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပပျောက်ဖို့ဆိုရင်  လူတိုင်းမှာတာဝန်ရှိတယ်။ လူတိုင်းက change agent ဖြစ်နိုင်တယ်။ ကျူးလွန် ခံရတဲ့လူတွေကလည်း change agent ဖြစ်နိုင်တယ်။ ကိုယ်ကျူးလွန်ခံရတဲ့ကိစ္စတွေကို ကိုယ်ကရဲရဲတင်းတင်းနဲ့ ထုတ်ဖော်ပြောဆိုခြင်းကလည်း အကြမ်းဖက်မှုတွေ ပပျောက်အောင် လုပ်ဆောင်တဲ့ နည်းတနည်းဖြစ်တယ်။

တဖက်မှာလည်း အမျိုးသားရဲ့အခန်းကဏ္ဍကလည်း အရေးကြီးတယ်။ အမျိုးသားတွေက အကြမ်းဖက်မှုတွေ ပပျောက်အောင်လှုပ်ရှားမှုတွေမှာ ပါဝင်လာခြင်းကနေ ကျန်တဲ့ အမျိုးသားထုတွေလည်း အများကြီးပါလာနိုင်တယ်လို့ မြင်တယ်။ လူမှုပတ်ဝန်းကျင်ကလည်း အများကြီးအရေးကြီးတယ်။ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေနဲ့အတူ ရပ်တည်ဖို့နဲ့ အဲ့အမျိုးသမီးတွေတရားမျှတမှုရဖို့အတွက် ဝိုင်းဝန်းဖို့ ကလည်း အ‌ရေးကြီးတယ်။ ဒါကြောင့် ကျူးလွန်ခံရတဲ့သူရော၊ အ‌မျိုးသားတွေရော၊ Community ကရော change agent ဖြစ်ပါတယ်။


မေး။
    ။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။

ဖြေ။    ။ဘယ်အကြမ်းဖက်မှုပဲဖြစ်ဖြစ်၊ အထူးသဖြင့်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ အကြမ်းဖက် တာတွေက ဘယ်အချိန်ကာလမှာမှ လုံးဝလက်ခံလို့မရဘူး။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဘယ်သူကပဲကျူးလွန်ကျူးလွန် ကျွန်မတို့ထုတ်ဖော်ရမှာ ဖြစ်တယ်။ ထိ‌ရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်ရမှာဖြစ်တယ်။ အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်လိုက်တာက အမျိုးသမီးအားလုံးရဲ့လုံခြုံရေးကို ခြိမ်းခြောက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေက မဖြစ်မနေ လုပ်ဆောင် ရမှာဖြစ်တယ်။

 ကျွန်မတို့က တိုက်နေတာက စနစ်ကိုတိုက်နေတာဖြစ်တယ်။ စနစ်ကြောင့် အကြမ်းဖက်မှုတွေက စနစ်တကျ ရည်ရွယ်ချက်ရှိရှိလုပ်နေတာ ဖြစ်တယ်။ ကျွန်မတို့က လူကိုတိုက်တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့  ဒီစနစ်ကို ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဘယ်သူကပဲကျင့်သုံးကျင့်သုံး  ကျွန်မတို့က ပြောဖို့လိုတယ်။ ဘယ်သူ့ကိုမှ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ  ပြစ်ဒဏ် ပေးခြင်းကနေ ကင်းလွှတ်ခွင့်ပေးတာကို လုပ်ဆောင်လို့မရဘူး။ ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်စေချင်တယ်။

ဒီတော်လှန်ရေးကာလမှာဆိုရင်  ပြစ်ဒဏ်ပေးခြင်း ကင်းလွတ်ခွင့် ရနေတဲ့လူတွေ အများကြီးပဲ။ တော်လှန်ရေးထဲမှာကိုမှ တော်လှန်ရေး အမည်ခံပြီးတော့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ ထိပါးနှောင့်ယှက် တာတွေ အများကြီးရှိတယ်။ ကျွန်မတို့အမျိုးသမီးအဖွဲ့တွေအနေနဲ့က ဒီကိစ္စကိုပြောရင် တော်လှန်ရေးကို နှောင့်နှေးစေတယ်လို့ ပြောတယ်။

တကယ်တမ်းကျတော့ ကျွန်မတို့က တော်လှန်ရေးကိုနှောင့်နှေးစေဖို့ ပြောတာမဟုတ်ဘူး။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တာကသာသည် တော်လှန်ရေးကို နှောင့်နှေးစေတာဖြစ်တယ်လို့ ဖြည့်စွက်ပြောချင် ပါတယ်။


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments

5/6/2025 0 Comments

တော်လှန်ရေးကာလမှာ လျစ်လျူမရှုထားသင့်တဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ

Picture

နော်စူစန်နာလှလှစိုး ပြည်ထောင်စုဝန်ကြီး
အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန
အမျိုးသားညီညွှတ်ရေးအစိုးရ
 
 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

မေး။     ။ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆိုတာ ဘာကိုဆိုလိုပါသလဲ။

ဖြေ။      ။ကျွန်မတို့ လူရယ်လို့ဖြစ်လာကတည်းက သဘာဝတွေနဲ့အတူတူရှိလာတယ်။ အမျိုးသမီး သဘာဝ၊ အမျိုးသားသဘာဝနောက်ပြီးတော့  ဒီလိုမျိုးလိင်ပိုင်းဆိုင်ရာ ခံယူချက်ခြင်းမတူတဲ့ သဘာဝတွေ ရှိပါတယ်။ ပါလာတဲ့အခါမှာ သဘာဝကပေးတဲ့အတိုင်း ကျားဆိုတာတော့ ပိုပြီးအားရှိတယ်။ နောက်ပြီးတော့ ခန္တာကိုယ်ပိုင်းအရ ပိုပြီးတောင့်တင်းသန်စွမ်းတယ်။

အမျိုးသမီးကကျတော့ အမျိုးသားတွေလောက် ခန္ဓာကိုယ်တည်ဆောက်မှုအရ အဲလောက် သန်စွမ်းမှု မရှိဘူး။     ပြီးတော့ အမျိုးသမီးတွေအနေနဲ့ လစဉ်ဖြစ်တက်တဲ့ဓမ္မတာတို့၊ စတဲ့ ဝေဒနာတွေက သဘာဝက ပေးအပ်ထားပြီးသား။ ဒါတွေကိုပြင်လို့မရဘူး။   အဲ့တော့ Gender Base violence ဆိုတာက ဒီလိုမတူညီမှု အပေါ်မှာ မူတည်ပြီးတော့ အခွင့်ကောင်းယူပြီးတော့ အားကြီးတဲ့သူက အားနည်းတဲ့အပေါ်မှာ ကျူးလွန်တဲ့အမှုတွေကို ခေါ်ပါတယ်။
 
မေး။     ။လိင်ပိုင်းဆိုင်ရာအကြမ်းမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။ လိင်ပိုင်း ဆိုင်ရာကျူးလွန်မှု မြင့်တက်လာရခြင်းက ဘာကြောင့်လို့ မြင်ပါသလဲ။

ဖြေ။      ။လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမြင့်တက်လာမှုကတော့ နံပါတ်တစ်က တရားဥပဒေစိုးမိုးမှု ပါ။ ကျွန်မတို့နိုင်ငံကသိတဲ့အတိုင်းပဲ ၂၀၂၁ မှာ အာဏာသိမ်းဖို့ ကြိုးစားတဲ့နောက်ပိုင်းမှာ ကမှောက်ကမတွေ ဖြစ်တယ်။ တရားဥပဒေစိုးမိုးမှုလည်း မရှိဘူး။ အာဏာသိမ်းတဲ့ စစ်တပ်ကိုယ်တိုင်က ဒါတွေကိုစိတ်မဝင်စားဘူး။ သူတို့ကိုယ်တိုင်က ကျူးလွန်တဲ့သူတွေ ဖြစ်နေတယ်။

နောက်ပြီးတော့ ပုံမှန်အခြေအနေဆိုရင် NGO တွေ CSO တွေက ပြည်သူက ရွေးချယ်တင်မြောက်တဲ့ အစိုးရတွေနဲ့ ပူးပေါင်းပြီး campaign တွေလုပ်တယ်။ အသိပညာတွေ ပေးတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒါတွေကို ပေါ်ပေါ်တင်တင်လုပ်လို့ မရဘူးဆိုတော့ စစ်အစိုးရရဲ့ဖိနှိပ်မှုက နေရာတကာမှာ ရှိနေတယ်။

အဲ့ဒါကြောင့်မို့ မြင့်တတ်လာတာတွေ များတယ်။ နယ်မှာဆိုရင် အိုးအိမ်ကိုစွန့်ပစ်ပြီးတော့ ဘေးကင်းတဲ့နေရာမှာနေတဲ့အခါမှာ၊  camp ထဲမှာနေတဲ့အခါမှာ သူ့အိမ်၊ ကိုယ့်အိမ် မဟုတ်တော့ဘူး။ အတူတကွနေရတယ်။ အဲ့လိုအချိန်မှာ ဂျန်ဒါ အဲ့လိုမျိုး ခွဲခြားမှုတွေ၊ အိမ်သာကအစ မရှိတဲ့အခါမှာ အခွင့်အရေးယူတဲ့ လူတွေအတွက် သားကောင်တွေ ဖြစ်သွားရတယ်။ ကလေးတွေရော အမျိုးသမီးတွေရော၊ ယောကျာ်းလေးငယ်တွေရော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့ကြရတယ်။

မေး။     ။စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကြာလာတဲ့အချိန်မှာ တော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို စစ်ကောင်စီဘက်ကတင်မကပဲ စစ်အာဏာရှင် တွန်းလှန်သူတွေကိုယ်တိုင်က ကျူးလွန်လာကြတဲ့အပေါ် ဘယ်လိုမှတ်ချက် ပေးချင်ပါသလဲ။

ဖြေ။      ။ ကျွန်မတို့ဝန်ကြီးဌာနအနေနဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီဘက်ကကျူးလွန်တာက (၁၂၅) မှု၊ နောက်ပြီးတော့ PDF ၊ EROs ၊ LDF စတဲ့တော်လှန်‌ရေးသမားတွေကျူးလွန်တာက (၃၃) မှု၊ ပြည်သူအချင်းချင်းကျူးလွန်တာက (၈၁) မှု၊ ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ မှတ်တမ်းဆိုရင် အားလုံး (၂၃၉) မှုရှိတယ်။

ကိုယ့်ဘက်က ကျူးလွန်တဲ့လူတွေလည်း ရှိတဲ့အခါမှာ အဲ့ဒါကိုကျွန်မတို့ကတော့ ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့အတွက်ကြောင့် ဒါကိုတော့ ထိထိရောက်ရောက် အရေးယူဖြစ်တယ်။     ကျွန်မတို့ ဝန်ကြီးဌာနမှာဆိုရင်  special case task force team အဲ့ဒါကိုဖွဲ့ထားပြီးတော့ တပတ်တကြိမ် case တွေ ကြည့်တယ်။ follow up လုပ်တယ်။ တလတကြိမ် ဝန်ကြီးဌာနစုံရာတွေ ခေါ်ပြီးတော့လည်း ပူးပေါင်း လုပ်ဆောင်နေပါတယ်။

နောက်ပြီးတော့ နိုင်ငံတကာ campaign တွေ၊ ၁၆ ရက်တာလှုပ်ရှားမှု၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ မှာဆိုလည်း ကျွန်မတို့ awarness တွေလုပ်တယ်။ လုပ်ပြီးတော့ပညာပေးမှုတွေ၊ NUG ကထုတ်ပြန်ထားတဲ့ PSHEA policy ကို သင်တန်းတွေပေးတာတို့၊ စကားဝိုင်းတွေ ကျင်းပတာတို့ ကျွန်မတို့ လုပ်ပေးပါတယ်။

မေး။     ။လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောကြားမှုတွေ မြင့်တက် လာဖို့ ဘယ်လို ပံ့ပိုးပေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။ 

ဖြေ။      ။ပထမဆုံးအနေနဲ့ ထုတ်ဖော်ပြောကြားသူရဲ့လုံခြုံရေးကို အာမခံရမယ်။ နောက်ပြီးတော့ ထုတ်ပြောလိုက်ရင် သိက္ခာများကျွန်မလားပေါ့။ အဲ့ဒီအစွဲတွေကိုလည်း ကျွန်မတို့ချွတ်ရမယ်။ ကျူးလွန်ခံရတဲ့လူက ရှက်စရာမဟုတ်ဘူး။ ကျူးလွန်တဲ့သူက ရှက်စရာကောင်းတာ။ အဲ့ဒါကို ကျွန်မတို့က ပညာပေးရမယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ကူညီပေးရမယ်။ နောက်ပြီးတော့ ကျန်းမရေးနဲ့ပတ်သက်တဲ့ ကူညီထောက်ပံ့မှုတို့၊ သူတို့လုံခြုံတဲ့နေရာမှာ ရွေ့ပြောင်းဖို့အတွက် ငွေရေးကြေးရေအကူအညီတို့၊ စတဲ့လိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးနိုင်ရင် ထုတ်ဖော်ပြောကြားမှုတွေ ရဲတင်းလာမယ်လို့ထင်ပါတယ်။

မေး။     ။လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိဖို့ ဘယ်လို ကိုင်တွယ်သင့်ပါသလဲ။

ဖြေ။      ။ကျွန်မတို့ဆီမှာ တိုင်ကြားမှုယန္တရားတွေ ရှိပါတယ်။ ကျွန်မတို့ဝန်ကြီးဌာနကို တိုက်ရိုက် တိုင်လို့ ရသလို မြို့နယ်အုပ်ချုပ်မှုတွေကနေတဆင့်လည်း တိုင်လို့ရပါတယ်။ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထဲမှာ ကျွန်မတို့ဝန်ကြီးဌာနရဲ့ မြို့နယ်မှူးတွေ ခန့်အပ်ထားတယ်။ သူတို့ကလည်း case management သင်တန်းတွေပေးထားတဲ့အတွက်ကြောင့် ဒီ case တွေ ကို ဘယ်လိုကိုင်တွယ်ရမလဲ၊ ဖြေရှင်းရမလဲ စသဖြင့် သူတို့အနေနဲ့လည်း ကူညီဆောင်ရွက် ပေးလို့ရတယ်။

ပြီးရင် ပြည်ထဲရေး၊ တရားရေးအဆင့်ဆင့် သွားပြီးတော့ မြန်နိုင်သမျှ မြန်အောင် ဆောင်ရွက်တယ်။ တချို့အမှုတွေဆိုရင် ကျွန်မမေးကြည့်တယ်။ ဘယ်လောက် လောက်ကြာလဲဆို၊ သုံးလဆိုရင်တော့  သိပ်မဆိုးဘူးပေါ့။ တရားစီရင်မှု အဆင့်ဆင့်ကလည်း ကြန့်ကြာနေမှုတွေ ရှိတတ်တယ်။ တချို့နေရာတွေမှာ တရားသူကြီးမရှိတာတို့ အဲ့ ပြသနာတွေ ရှိပါတယ်။

 မေး။    ။လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျော့ကျ ပပျောက်လာဖို့အတွက် အမျိုးသားတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုအထိ အရေးပါပါသလဲ။

ဖြေ။      ။အမျိုးသားတွေရဲ့ခံယူမှု၊ ဂျန်ဒါအသိအမြင်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ ပါးစပ်ကပြောရုံတင်မကဘဲ သူတို့တကယ် နှစ်နှစ်ကာကာ သိနားလည်လက်ခံပြောင်းလဲမှုအတွက် အသိပညာပေးမှုတွေ အများကြီးလုပ်ရမယ်။ Male champion ပေါ့။ အမျိုးသားထဲမှာမှ ကျွမ်းကျင်တဲ့သူတွေ ဟောပြောတဲ့သူတွေ၊ သင်တန်းပေးတဲ့သူတွေ အများကြီး လိုအပ်တယ်။

နောက်ပြီးတော့ မလိုလားအပ်တဲ့အလေ့စရိုက်တွေ၊ ဥပမာ ကျူးလွန်တဲ့သူကို ကြက်တစ်ကောင်၊ ဝက်တကောင်နဲ့ လျော်ကြေးပေးခိုင်းလိုက်တာတို့ အဲ့ဒါတွေကရှိတုန်းပဲ အဲ့ဒါတွေကိုလည်း ကျွန်မတို့က ပညာပေးရမယ်။ ထိခိုက်တဲ့သူတွေအတွက်လည်း ကျွန်မတို့က စိတ်ပိုင်း၊ ရုပ်ပိုင်း သေသေချာချာကုစားပေးရမယ်။ တသက်လုံးသူ ရပ်တည်သွားဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် စိတ်ပိုင်းဆိုင်ရာပါကုစားမှုတွေ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

မေး။     ။ ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။

ဖြေ။      ။ ဇွန်လ ၁၉ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ကျွန်မတို့ကျင်းပခဲ့တယ်။ ကမ်ပိန်းတွေလည်း လုပ်ခဲ့တယ်။ အဖွဲ့အစည်း အသီးသီးနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ကမ်ပိန်းတွေ လုပ်ခဲ့တယ်။ နယ်တွေမှာဆိုရင် သီချင်းပြိုင်ပွဲတွေရော စာစီစာကုံးပြိုင်ပွဲတွေ၊ ဟောပြောပွဲ‌တွေ တခါထဲ ပြုလုပ်ခဲ့တယ်။ သီချင်းပြိုင်ပွဲမှာဆိုရင် ခွန်အားဖြည့်မိငယ်ပေါ့။ အဲ့ဒီသီချင်းကိုပြိုင်သွားတဲ့အခါမှာ အမျိုးသား တွေရော၊ အမျိုးသမီးတွေရော ကလေးတွေရော ပြိုင်ကြတယ်။

အဲ့ဒီနောက်ကွယ်မှာဆိုရင် ကျွန်မတို့က လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ ကလေးသူငယ်‌တွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေ အားလုံးအတွက် ခွန်အားပေးဖို့ ရည်ရွယ်ပြီးလုပ်ခဲ့တဲ့အခါမှာ တော်တော်လေး အောင်မြင်ပြီးတော့ awarness တွေလည်း ရရှိခဲ့ပါတယ်။ တရက် လွတ်မြောက်တဲ့၊ လွတ်လပ်တဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အခါမှာ အသိပညာပေးမှုတွေကို သေသေချာချာလုပ်ပေးရင် လျော့ကျသွားမှာ ဖြစ်ပါတယ်။


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
0 Comments

5/6/2025 0 Comments

GBV အကြောင်းသိကောင်းစရာ

Picture

 Seng (လူ့အခွင့်အရေးလှုပ်ရှားသူ )

မေး။     ။ GVB ဆိုတာကို မြန်မာစကားလုံးအနေနဲ့ဘယ်လိုအလဲအလှယ်လုပ်ပြီးသုံးလို့ရမလဲ။ GVB ဆိုတာဘာကိုဆိုလိုတာပါလဲရှင့်။

ဖြေ။      ။ ဂျန်ဒါကိုအခြေပြုထားတဲ့အကြမ်းဖက်မှုများလို့ ပြောလေ့ရှိတယ်။ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုလို့ ပြောလိုက်ပြီဆိုရင် အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကို အမျိုးသမီး ဖြစ်ခြင်းဆိုတဲ့ ဂျန်ဒါအ‌ပေါ်မှာ အခြေပြုပြီး အကြမ်းဖက်မှုကျူးလွန်ကြတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျူးလွန်တဲ့သူအများစုကတော့ အမျိုးသားတွေ ဖြစ်နေတတ်ကြတယ်။ ဒါပေမဲ့ ကျူးလွန် ခံရတဲ့နစ်နာတဲ့သူတွေထဲမှာ အမျိုးသားတွေ‌၊ ယောကျာ်းငယ်လေးတွေ၊ လူနည်းစုတွေဖြစ်တဲ့ လိင်စိတ်ခံယူမှုဝိသေသလက္ခဏာကွဲပြားသူတွေလည်း  ပါဝင်တတ်ပါတယ်။

ဒီအကြမ်းဖက်မှု က ဘယ်လိုနေရာမျိုးမှာမဆို ဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းနေတဲ့အချိန်မှာ ဖြစ်မှာမဟုတ်ဘူးလို့လည်း စဉ်းစားကြတယ်။ ဒါပေမယ့် ငြိမ်းချမ်းတဲ့နေရာတွေမှာလည်း ဖြစ်တက်တယ်။ ဥပမာအားဖြင့်ဆို မိသားစုဝင်အချင်းချင်း၊ ချစ်သူတွေကြား၊ ရင်းနှီးတဲ့ လက်တွဲဖော်တွေကြားထဲမှာ ဖြစ်ကြတဲ့အကြမ်းဖက်မှု၊ တနည်း အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပါတယ်။

တချိန်တည်းမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလည်း GBV မှာ ပါဝင်ပါတယ်။ ပဋိပက္ခဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု CRSV  တွေလည်း ဂျန်ဒါအခြေပြုရာဇဝတ်မှု ထဲမှာ ပါဝင်ပါတယ်။


မေး။     ။ GVB ထဲမှာ ဘယ်လိုအကြမ်းဖက်မှုတွေ အများဆုံးဖြစ်နေပါသလဲ။ လက်ရှိ ကမ္ဘာပေါ်မှာရော၊ မြန်မာနိုင်ငံအတွင်းမှာရော လိင်အကြမ်းဖက်မှုပေါင်း ဘယ်လောက် ရှိသလဲ။

ဖြေ။      ။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေမှာဆိုရင် မိသားစုထဲမှာ ဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှု တွေက အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ လူကုန်ကူးမှု၊ လူတွေကိုပစ္စည်းသဖွယ်ရောင်းချတဲ့ ခေတ်သစ်ကျေးကျွန်ပြုမှု၊ နောက်ယောင်ခံလိုက်ပြီး အမျိုးသမီးတွေကို နှောင့်ယှက် စော်ကားမှု၊ အနိုင်ကျင့်မှု၊ ခြိမ်းခြောက်မှု အွန်လိုင်းကနေပြီးတော့ လုပ်တဲ့ကိစ္စရပ်တွေလည်း GBV ထဲမှာ ပါဝင်ပါတယ်။

ပြီးသွားရင် အခုမကြာခဏကြားနေရတဲ့ အကြမ်းဖက်မှုက စစ်မက်ဖြစ်ပွားရာဒေသက အမျိုးသမီးတွေက တခြားနိုင်ငံမှာ အလုပ်သွားလုပ်ရင်းနဲ့ အတင်းအဓမ္မကိုယ်ဝန်ဆောင်ခိုင်းမှုနဲ့ ပဋိပက္ခကာလအတွင်းမှာဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ခေါ်တဲ့ conflict relate sexual violence တွေလည်း အများကြီး ဖြစ်တယ်။


“ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေမှာဆိုရင် မိသားစုထဲမှာ ဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေက အများဆုံး ဖြစ်ပွားပါတယ်”

ကမ္ဘာမှာ လိင်အကြမ်းဖက်ခံရသူ အမျိုးသမီးအရေအတွက် သန်း ၇၀၀ ကျော် ရှိပါတယ်။ သုံးယောက်မှာတစ်ယောက်က ရှင်သန်သွားလာနေတဲ့ သက်တမ်းတလျှောက်မှာ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တွေ့ကြုံရတယ်။ မြန်မာပြည်မှာဆိုရင် စစ်အာဏာသိမ်းမှုကြိုးစားတဲ့ကာလကနေစပြီးတော့ ဒေတာတွေကအများကြီးမရတော့ဘူး။

၂၀၂၃ ခုနှစ်ဒေတာတွေအရကြည့်မယ်ဆိုရင် အမျိုးသမီးရာခိုင်နှုန်း (၂၀)လောက်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြုံခဲ့ရပါတယ်။ Global data အရပြောမယ်ဆိုရင်  အထူးသဖြင့်စစ်ပွဲတွေ ဖြစ်နေကြတဲ့ကာလတွေ၊  ပဋိပက္ခတွေဖြစ်နေကြတဲ့ကာလတွေဆိုရင် အိမ်တွင်းအကြမ်းဖက်မှုက အနည်းဆုံးနှစ်ဆ၊ နှစ်ဆခွဲလောက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။


မေး။      ။GBV ကဘာကြောင့်ဖြစ်တယ်လို့ သုံးသပ်ချင်ပါသလဲ။

ဖြေ။      ။GBV ဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့မှာ ဂျန်ဒါအခြေပြုပြီးစဉ်းစားထားကြတဲ့ ပုံသေကားချပ်လိုရှိတယ်။ မိန်းကလေးဆိုဘယ်လို၊ အိမ်မှာပဲနေရမယ်။ ယောကျာ်းလေးဆို အပြင်ထွက်ရမယ်၊ ပိုက်ဆံပဲရှာရမယ်။ အဲ့လိုမျိုး gender  stereotype  တွေရှိတယ်။ ဖိုဝါဒကြီးစိုးတဲ့ ဓလေ့ထုံးတမ်းရိုးရာတွေရှိတယ်။  ဘာသာရေးပိုင်းဆိုင်ရာ လွမ်းမိုးတဲ့ကိစ္စတွေ တွေ့ရတယ်။

ငွေရေးကြေးရေးခက်ခဲတာ၊ ဆင်းရဲတာ၊ စီးပွားရေးအားဖြင့် မကောင်းတဲ့နေရာမျိုးမှာ ငွေကိုဘယ်လိုရှာရမလဲဆိုတာ စဉ်းစားကြတဲ့အခါ သူတို့က  sexual အလုပ်တွေထဲမှာ ပါဝင်လာနိုင်သလို၊ IDP က အမျိုးသမီးတွေဆိုရင် စစ်ဘေးရှောင်တွေအနေနဲ့ဆို သူတို့သားသမီးတွေရဲ့ပညာရေး၊ သားသမီးတွေရဲ့ ဗိုက်ဖြည့်တင်းပေးဖို့ဆို တရုတ်နိုင်ငံကိုသွားအလုပ်လုပ်တယ်။ မျိုးစုံသော economic challenge တွေကြောင့်ဖြစ်နိုင်တယ်။

ပဋိပက္ခတွေဖြစ်လာကြပြီ ဆိုရင် အမျိုးသမီးတွေက ထိပ်ဆုံးကနေ ပစ်မှတ်လုပ်ခံရလေ့ရှိတယ်။ အထူးသဖြင့် မတူညီတဲ့ အုပ်စုတွေကြားမှာ ပြသနတွေတက်ကြမယ်ဆိုရင် မိန်းကလေးတွေကို မုဒိမ်းကျင့်ပြီး စစ်လက်နက်တစ်ဖွဲ့နဲ့တစ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာထိပါးအောင် မင်းတို့ရဲ့ အမျိုးသမီးတွေကို ငါတို့က မုဒိမ်းကျင့်တယ်ကွာ ဘာဖြစ်ချင်လဲဆိုတဲ့ပုံစံမျိုးနဲ့ ဆွပေးတာမျိုးတွေကအစ ၊ မိန်းကလေး တွေက ကြားထဲကနေ အသုံးခံရတာ အများကြီးရှိတယ်။ တချိန်တည်းမှာ ပြည့်စုံ လုံလောက်တဲ့ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးမှု မရှိတာလည်း ပါဝင်ပါတယ်။

ဒါ့ပြင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှု အားနည်းခြင်းကလည်း အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ နောက်တခုက နိုင်ငံရေးမှာ အမျိုးသမီးတွေ ချန်လှပ်ခံထားရခြင်းကြောင့်လည်း ပါဝင်ပါတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခြိမ်းခြောက်မှု တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်လေ့ရှိပါတယ်။


အဆိုးဆုံးကတော့ အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခြိမ်းခြောက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်လေ့ရှိပါတယ်။
 
မေး။       ။ တော်လှန်‌ရေးကာလမှာ GBV case တွေမြင့်တက်လာမှုကဘာကိုညွှန်ပြနေလဲ။

ဖြေ။    ။အရင်ဆုံးက GBV ဆိုတာအမျိုးသမီးတွေရဲ့လူ့အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှု ပိုပြီးများနေတယ်လို့ပဲ ပြောချင်ပါတယ်။ လူတိုင်းလူတိုင်းမှာ မွေးလာကတည်းက ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရရော လူ့အခွင့်အရေး ဆိုင်ရာအရရော တန်းတူညီတူနဲ့ လွတ်လွတ်လပ်လပ်မွေးလာတယ်လို့ ပြောထားပြီးသားဖြစ်တယ်။

​လူတိုင်းက တန်းတူမွေးလာတာဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အမှုတွေသည်လည်း လူ့အခွင့်အရေးကျူးလွန်တဲ့အမှုတွေ ဖြစ်တယ်။ ဒီလူ့အခွင့်အရေး ကျူးလွန်တဲ့အမှုတွေမှာ အခြားသော ဆက်စပ်ပြီးတော့ ချိုးဖောက်ပြီးလုပ်နေတဲ့ကိစ္စတွေ အများကြီးရှိနေတယ်လို့ ကျွန်မက အဓိကပြောချင်ပါတယ်။

 
မေး။     ။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု တွေဖြစ်လာပြီဆိုရင် ဘယ်လိုယန္တယားတွေနဲ့ ဖြေရှင်းဖို့ လိုသလဲ။ ဖြေရှင်းတဲ့အခါမှာ  ဆက်လက်ရှင်သန်သူတွေကို ဗဟိုပြုပြီးတုံ့ပြန်ဖို့ဆိုတာ အမြဲတမ်းပြောကြတယ်။ အဲ့ဒါဘာကိုဆိုလိုတာပါလဲ။

ဖြေ။      ။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု တွေကို ဖြေရှင်းဖို့အတွက်ဆိုရင် အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို သေသေချာချာလေ့ကျင့်သင်ကြားပေးထားတဲ့ လူပုဂ္ဂိုလ်တွေရှိရမယ်။ multidisciplinary  လို့ခေါ်တဲ့အများပူးပေါင်းပါဝင်မှုရှိတဲ့ ပေါင်းစပ်ယန္တရားတခု လုပ်ဆောင် နိုင်ရင် ပိုပြီးတော့ကောင်းတယ်။ တကမ္ဘာလုံးမှာလည်း ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကို ကိုင်တွယ်ဖို့ guideline တွေရှိပြီးသား။

ဆက်လက်ရှင်သန်သူတွေကို မထိခိုက်ပဲနဲ့ ပံ့ပိူးကူညီပေးမှုတွေက ဘာတွေပေးနိုင်မလဲ၊ သူ့အတွက်လိုအပ်တဲ့အချက်အလက်တွေ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကအစ စဉ်းစားထားတယ်။ ထိခိုက်လွယ်တဲ့အုပ်စုတွေကို ဘယ်လိုဆောင်ရွက်ပေးရမလဲဆိုတာလည်း ပါဝင်ပါတယ်။  ဒါ့ပြင် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး ပေါင်းစပ်လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းအချင်းချင်းကြားမှာလည်း လွှဲပြောင်းမှု ကို စနစ်တကျ တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။


မေး။     ။ဆက်လက်ရှင်သန်သူတွေအနေနဲ့ လူမှုအသိုက်အမြုံထဲမှာနေဖို့ ဘယ်လိုထောက်ပံ့မှုတွေ လိုအပ်ပါသလဲ။

ဖြေ။      ။ဆက်လက်ရှင်သန်သွားမယ့်အုပ်စုဆိုတာ မတူတဲ့အုပ်စုတွေ အများကြီးဖြစ်နိုင်တယ်။ မတူတဲ့အုပ်စုတွေအနေနဲ့ သူ့ရဲ့လိုအပ်ချက်တွေကအစ တခါတလေကျရင်မတူဘူး။ ကလေးသူငယ်တွေနဲ့ပတ်သက်လာရင် ကျွန်မတို့က မိဘအုပ်ထိန်းသူရှိသလားဆိုတာ စဉ်းစားရတယ်။ မိဘအုပ်ထိန်းသူရဲ့ပါဝင်ဆွေးနွေးမှု လုပ်တဲ့အခါမျိုးမှာ ဆက်လက် ရှင်သန်သူကို ဗဟိုပြုတုံ့ပြန်မှုဆိုတာက နည်းနည်းပြောင်းသွားမယ်။

စဉ်းစားဆုံးဖြတ်နိုင်တဲ့ အရွယ်တခုလို့သတ်မှတ်ထားတဲ့ ဆက်လက်ရှင်သန်သူကို  ဗဟိုပြုတုံ့ပြန်မှုလို့ပြောပြီဆိုရင် သူ့ကို  ဆုံးဖြတ်ချက်ချတာကအစ သူ့ကိုယ်သူလုပ်နိုင်အောင်  empower ဖြစ်အောင် လုပ်သွားပေးတဲ့ process မျိုးကို ရှင်သန်သူတွေကို ဗဟိုပြုတဲ့တုံ့ပြန်မှုမျိုး လို့ခေါ်တယ်။ အဲ့လိုမျိုးလုပ်တဲ့အခါမျိုးမှာလည်း တစ်ဦးတစ်ဖွဲ့ထဲက လုပ်ပေးတာမဟုတ်ပဲနဲ့ အားလုံး ပူးပေါင်း‌‌ပေါင်းစပ်ပြီးတော့လုပ်ပေးနိုင်မှုက သူအတွက် အကောင်းဆုံးဖြစ်တယ်။

ဆက်လက် ရှင်သန်နိုင်ဖို့အတွက် ထောက်ပံ့မှုတွေစဉ်းစားတဲ့အခါမှာလည်း သူ့ရဲ့လိုအပ်ချက်လိုအင်  သူကြုံတွေ့ရတဲ့  GBV က ဘာကြောင့်ကြုံတွေ့ရလဲဆိုတာ အများဆုံးစဉ်းစားဖို့ လိုပါတယ်။ အရင်ဆုံး ဆက်ပြီးတော့ ရှင်သန်သွားမယ့်လူတွေကို စပြီးစဉ်းစားတဲ့အခါမှာ တခါတလေ ကျရင် ကျွန်မတို့ထင်တာက ဒီလူတွေက စိတ်ပိုင်းဆိုင်ရာအရ ရုပ်ပိုင်းဆိုင်ရာအရ  အားနည်းလို့ အကူအညီမဲ့နေလို့ဆိုတဲ့ အတွေးမျိုးဝင်တက်တယ်။ အဲ့အတွေးမျိုးကို အရင်ဆုံးမေ့လိုက်စေချင်တယ်။

ဒီလိုအတွေးမျိုးတွေးလိုက်တယ်ဆိုရင် ကျွန်မတို့တွေက  ဆက်ရှင်သန်သွားမယ့်သူကို ကူညီပေးတဲ့အခါမှာ ကျွန်မတို့အတွေးတွေက ကြိုပြီး တွေးထားတဲ့အတွေးတခုက သူ့ကိုကူညီတဲ့အခါမှာ  ကူညီရာမရောက်ပဲနဲ့ မရည်ရွယ်ပဲနဲ့ သော်လည်းကောင်း၊ ရည်ရွယ်ပြီးတော့သော်လည်းကောင်း  ဖြစ်သွားနိုင်တဲ့အရာမျိုးတွေ ဖြစ်နိုင်တယ်။ သူကြုံတွေ့ရတဲ့ violence လုပ်တဲ့ပုံစံက တယောက်နဲ့တယောက် တူချင်မှတူမှာလေ တခါတလေကျရင် အရမ်းစိတ်ဆိုးပြီးတော့ အတွေ့မခံနိုင်တာလည်း ဖြစ်နိုင်တယ်။

တခါတလေကျရင်  အရမ်း ဆက်ဆက်ထိမခံနိုင်တာလည်းရှိတယ်။ တခါတလေကျရင် တုံနိဘာဝေလို ဘာမှမပြောတော့တာတွေလည်း ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့်မို့ ဒီဟာတွေကိုလုပ်တဲ့အခါမှာကျွန်မတို့က  ဒီကိစ္စရပ်မျိုး mentally ကို ကောင်းကောင်းလေး နားလည်ပြီးတော့သိထားတဲ့ လူရဲ့ role က အရမ်းအရေးကြီးတယ် ဆိုတာပြောချင်ပါတယ်။

တကယ်လို့ကိုယ့်ရဲ့နေရာဒေသမှာ ဒီလိုမျိုးဘယ်သူမှ  လေ့ကျင့် သင်ကြားပေးထားတဲ့သူ မရှိဘူးဆိုရင် ဘယ်လိုမျိုးကူညီပေးလို့ရမလဲဆိုတဲ့ လမ်းညွှန်ချက် တွေ ရှိတယ်။ ဗမာလို့လည်းရေးထားတာရှိတယ်။ အနည်းဆုံးတော့ အဲ့လမ်းညွှန်ချက်တွေကို ဖတ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လိုမျိုးလုပ်တဲ့အခါ မရည်ရွယ်ဘဲနဲ့ စေတနာ အမှားတွေ မကျူးလွန်မိအောင်  အဲ့လိုမျိုးလေးတွေလုပ်ဖို့လိုပါတယ်။ do no harm ဆိုတာ စဉ်းစားထားဖို့ လိုတယ်။

ဒီတခေါက်တော့ ကိုယ်အားနေတုန်းသွားပြီးကူညီပေးလိုက်မယ်၊ ကိုယ်မအားရင်မကူညီပေးတော့ဘူးဆိုတာ ပြသနာရှိနိုင်တယ်။ ဒီလို case တွေကကျတော့ ခံစားလာရတဲ့ပြသနာရော ကူညီ‌ပေးရတဲ့လမ်းကြောင်းကရော အရှည်ကြီးဖြစ်တယ်။ လူတယောက်ရဲ့ရှိနေကြတဲ့ violence pattern  behaviour တွေက မွေးကတည်းက ဘယ်သူမှ ငါကတော့မွေးကတည်းက အကြမ်းဖက်ချင်တယ်ဆိုပြီး  မွေးလာတဲ့လူမရှိဘူး။

violence pattern တွေကိုဘယ်လိုလျော့ချမလဲ ဖြေးဖြေးချင်းဘယ်လိုလုပ်မလဲဆိုတာ  ဖြေးဖြေးချင်းနဲ့အကျင့်စာရိတ္တကအစ ခံယူချက်တွေကိုပြုပြင်ပြောင်းလဲရတဲ့အခါတွေက ရေရှည်ကြာပါတယ်။ case by case နဲ့သွားကြရတာတွေဖြစ်တယ်။ မလိုအပ်ပဲနဲ့ မျှော်လင့်ချက်အမှား တွေမပေးမိဖို့ လိုပါတယ်။  

 
“  ဆက်လက်ရှင်သန်သူကို မလိုအပ်ပဲနဲ့ မျှော်လင့်ချက်အမှားတွေ မပေးမိဖို့ လိုပါတယ်   ”

မေး။      ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ရော ဘယ်လိုကိုင်တွယ်ပေးနိုင်တာရှိလဲ။

ဖြေ။   ။ တော်လှန်ရေးကာလမှာ ပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှုကနည်းနေတာပေါ့။ နိုင်ငံတကာ အဖွဲ့အစည်းတွေထဲမှာဆိုရင် မှတ်တမ်းတင် မှတ်တမ်းယူတဲ့ကိစ္စတွေ အများကြီးရှိတယ်။ မှတ်တမ်းတင် မှတ်တမ်းယူပြီးသွားရင် အထူးသဖြင့်  တရားဥပဒေစိုးမိုးမှုရှိလာတဲ့အချိန်မှာ  နိုင်ငံတကာတရားစီရင်ရေးယန္တယားတွေမှာ ဖြေရှင်းလို့ရအောင် အမှုတွေကို ကိုင်တွယ် ပေးတဲ့ လွတ်လပ်တဲ့မြန်မာနိုင်ငံဆိုင်ရာ မှတ်တမ်းတင်မှတ်တမ်းယူတဲ့အဖွဲ့တွေ ရှိတယ်။

အဲ့လိုအဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက်ပြီးတော့ မှတ်တမ်းတင်နိုင်ဖို့ လိုပါတယ်။ ကျွန်မတို့ သေသေချာချာလုပ်ပေးဖို့က အဲ့အရပ်ဒေသတွေမှာလှုပ်ရှားနေတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း တွေရော အမျိုးသမီးအဖွဲ့တွေရော တာဝန်ယူမှု တာဝန်ခံမှုလုပ်‌ပေးရမယ့်နေရာမှာ ထိုင်နေတဲ့သူတွေရော ဒါကို နားလည်အောင် လုပ်ပေးဖို့လိုတယ်။ တော်လှန်ရေး လက်နက်ကိုင်ထားတဲ့အဖွဲ့တွေက နိုင်ငံတကာ ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေ လိုက်နာဖို့ ပိုလိုပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာခုံရုံးမှာ ရိုဟင်ဂျာ လူမျိုးစုတွေအပေါ်မှာ ကျူးလွန်တဲ့ဟာတွေရှိတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ လူမျိုးစုတွေ အပေါ် ကျူးလွန်တဲ့ကိစ္စရပ်တွေ မပါနေသေးတော့ အဲ့မှာရှိနေတဲ့ အမျိုးသမီးတွေ၊ ရိုဟင်ဂျာ မဟုတ်သော အမျိုးသမီးတွေအတွက် ဒီဟာတွေက  အများကြီးလိုအပ်နေသေးတာတွေ ရှိတယ်။

ဒီလိုကိစ္စရပ်တွေကို  ကျွန်မတို့က နိုင်ငံတကာကိုလည်း ဖိအားပေးဖို့လိုတယ်။ ထပ်ပြီးလုပ်စရာတွေလည်းရှိတယ်။ နိုင်ငံတကာအဖွဲ့ဆိုတဲ့နေရာမှာ  အဖွဲ့အစည်းတွေရော UN လိုမျိုးတွေကရော သက်ဆိုင်ရာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့  လုပ်ထားတဲ့ တိုက်ပွဲချိန်မှာလိုက်နာရမယ့် စည်းမျည်းစည်းကမ်းတွေကို လက်မှတ်ထိုးပေးဖို့ အဲ့လိုမျိုးတွေ ဖိအားပေးဖို့လိုတယ်လို့ ပြောချင်ပါတယ်။


မေး။     ။ GBV  မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရသလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ GBV ဖြစ်ပွားမှုကို လျော့ချလို့ရမလဲ။

ဖြေ။      ။ GBV ကိုဖြစ်စေတဲ့ အကြောင်းအရင်းတခုချင်းစီကို သူ့ရဲ့ဖြစ်စေရတဲ့ဇစ်မြစ်အထိလိုက်ပြီး ဖြေရှင်းရတဲ့အထိ ဖြစ်ဖို့လိုပါတယ်။ တပွဲထိုးနဲ့ ရေတိုဖြေရှင်းချက်လေးနဲ့ မပြီးဘူး။ အမျိုးသမီးတယောက်က ဆင်းရဲတယ်၊ စီးပွားရေးအဆင်မပြေတဲ့အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတယ်။ သူ့ကိုယ်သူ လိင်ကျွန်ပြုရတဲ့အနေအထားမျိုး ရောက်သွားတယ်။

သူ့ကို ဆွဲထုတ်ချင်တဲ့အတွက် ငွေကြေးရင်းနှီးမတည်မှုသေးသေးလေး လုပ်ပေးမယ်။ အဲ့ဒါက ဘယ်လောက်ခံမှာလဲ။ အဲ့ဒါက ရေတိုဖြစ်မှာလား ရေရှည်ဖြစ်မှာလားဆိုတာ စဉ်းစားကြည့် တဲ့အခါမှာ  သက်ဆိုင်ရာ အရပ်ဒေသတခုလုံးမှာကိုက အမျိုးသမီးတွေက အလုပ်မရှိနေတာ။  အမျိုးသမီးတွေက စီးပွားရေးလုပ်ခွင့်မရတာ။ ရှေ့ထွက်လို့မရတာစတဲ့ အဲဒီအထိ ကြည့်စေချင်ပါတယ်။ culture တွေ norms တွေထဲမှာ အမျိုးသမီးတွေကို အန္တရာယ်ဖြစ်စေတဲ့ stereotype တွေကို ဘယ်လိုပြောင်းလဲမလဲ။

အမျိုးသမီးတွေသည် လူသားဖြစ်တဲ့အတွက် ပညာရေး၊ ကျန်းမာရေးကအစ အဲ့လိုရပိုင်ခွင့်ရှိပါတယ်ဆိုတဲ့ အသိပညာတွေကို ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲဆိုတာ အရမ်းကိုအရေးကြီးပါတယ်။ ယဉ်ကျေးမှုတွေထဲမှာ အသားကျနေတဲ့ အကြမ်းဖက်တဲ့အမူအကျင့်တွေကို ပြန်ပြီး ဘယ်လို ဖျောက်ဖျက်ကြမလဲဆိုတာ တွေက အများကြီးစဉ်းစားဖို့ လိုတယ်။

​အမျိုးသမီးတွေကိုယ်တိုင် သူတို့ရဲ့အခွင့်အ‌ရေးကိုနားလည် လာပြီးတဲ့အခါကျမှ သူတို့အပေါ်မှာသက်ရောက်နေတဲ့ ကြောက်စရာကောင်းတဲ့ ဂျန်ဒါအခြေပြု စံသတ်မှတ်ချက်တွေကို သူတို့နားလည်လာအောင်၊ သူတို့ပြန်ငြင်းလာနိုင်အောင် လုပ်နိုင်မှာပါ။ အမျိုးသားတွေကိုယ်တိုင်ကလည်း ဖိုဝါဒ ကြီးစိုးတဲ့အသိုင်းအဝိုင်းမှာ ဖြစ်နေပြီးတော့မှ သူတို့ကိုယ်တိုင်က ဒီဟာတွေကို မသိ၍ သော်လည်းကောင်း၊ သိ၍သော်လည်းကောင်း GBV ကို ပိုပြီးသွားနေတယ်ဆိုတာမျိုး  နားလည်လာအောင်လုပ်ဖို့ လိုတယ်။

“  အမျိုးသမီးတွေကိုယ်တိုင် သူတို့ရဲ့အခွင့်အ‌ရေးကိုနားလည် လာပြီးတဲ့အခါကျမှ သူတို့အပေါ်မှာသက်ရောက်နေတဲ့ ကြောက်စရာကောင်းတဲ့ ဂျန်ဒါအခြေပြု စံသတ်မှတ်ချက်တွေကို သူတို့နားလည်လာအောင်၊ သူတို့ပြန်ငြင်းလာနိုင်အောင် လုပ်နိုင်မှာပါ    ”

မေး။     ။ GBV မှာ အမျိုးသားတွေရဲ့အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါလဲ။

ဖြေ။      ။အမျိုးသမီးတွေသည် chang agent နံပတ်တစ်ဖြစ်တယ်။ အဲ့ဒါကလုံးဝငြင်း စရာ မရှိဘူး။ ဒါပေမယ့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှု သံသရာကို ချိုးဖောက်နိုင်ဖို့အတွက် ပတ်ဝန်းကျင် ကို ဖန်တီးပေးဖို့လိုတယ်။ ယောကျာ်းလေးတွေမှာလည်း မွေးကတည်းထဲက  အကြမ်းဖက်မှု လုပ်ဖို့ မွေးလာတာ မဟုတ်ဘူး။

အမျိုးသမီးတွေကို အမျိုးသားတွေက အကြမ်းဖက်နေတာကို ပတ်ဝန်းကျင်က အသားကျပြီး လက်ခံမှုက အမျိုးသားတွေကို အကြမ်းဖက်မှု လုပ်ဖို့အတွက် ကျူးလွန်သူ ဖြစ်လာဖို့အတွက် တွန်းအားပေးနေပါတယ်။ အတုမြင်အတတ်သင်ပြီးတော့ သိလာတဲ့အသိတွေ  ကျင့်သုံးလာတဲ့ကျင့်သုံးမှုတွေ ဖြစ်တဲ့အတွက် ဒါတွေကို unlearn ဘယ်လိုလုပ်မလဲဆို ပညာရေးက အရေးကြီးဆုံးပဲ ဖြစ်တယ်။

အမျိုးသား၊အမျိုးသမီးကြား ဘယ်လိုမျိုးနဲ့ ပိုပြီးကောင်းမွန်တဲ့ တန်းတူညီမျှတဲ့ ဆက်ဆံမှုမျိုးဖြစ်လာအောင် ကျွန်မတို့ရဲ့ပတ်ဝန်းကျင်ထဲမှာ၊  အိမ်ထဲမှာ ဒီဟာတွေကို ဘယ်လိုလျော့ကျအောင်လုပ်မလဲ ဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ခက်တော့ခက်ပေမယ့် ဖြေးဖြေးချင်းလုပ်ယူရမယ့်အထဲမှာ ပါကိုပါတယ်လို့ ပြောချင်ပါတယ်။

မေး။     ။ ဂျန်ဒါတန်းတူညီမျှမှုရှိဖို့က GBV အတွက်ဆိုဘယ်လောက်အထိအရေးပါလဲ။

ဖြေ။      ။ Gender မညီမျှမှု ဖြစ်နေသမျှ GBV ကိစ္စရပ်တွေကရှိနေဦးမှာပဲ၊ ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။ ဂျာအေးသူ့အမေရိုက်သလိုဆို သံသရာလည်နေဦးမှာပဲ။ ကျွန်မတို့က class တွေမတူတာကို တိုက်ဖျက်ဖို့လိုတယ်။ ကျွန်မတို့အတွက် class တွေမတူဘူးဆိုတာ အဓိကဒီနေရာမှာ  financial ရော intersectional ဖြစ်မှုတွေ ထည့်သွင်းစဉ်းစားပြီးတော့ တန်းတူညီမျှမှု ဖြစ်စေချင်တယ်။ 

အဲ့တော့မှ တကယ့်ကို ညီမျှမှုဆိုတဲ့ဟာရဲ့  အဓိပ္ပာယ်အနှစ်သာရကို ရနိုင်တော့မှပဲ ခုနပြောတဲ့ gender base violence ဆိုတဲ့ကိစ္စကို  လျော့ချဖို့ရော ပပျောက်သွားအောင် လုပ်နိုင်ဖို့‌ရော လုပ်နိုင်မှာ ဖြစ်တယ်။


“အမျိုးသမီးတွေကို အမျိုးသားတွေက အကြမ်းဖက်နေတာကို ပတ်ဝန်းကျင်က အသားကျပြီး လက်ခံမှုက အမျိုးသားတွေကို အကြမ်းဖက်မှု လုပ်ဖို့အတွက် ကျူးလွန်သူ ဖြစ်လာဖို့အတွက် တွန်းအားပေးနေပါတယ်”

 
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments

5/6/2025 0 Comments

မစိမ်းသက်သော်လည်း မရင်းနှီးချင်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

Picture

ယုဂန် (မြန်မာစာ)

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

          အကြမ်းဖက်မှု၊ လူအခွင့်အရေးချိုးဖောက်မှု၊ စစ်မက်ဖြစ်ပွားခြင်း စသဖြင့် ဆိုးဝါးပြင်းထန်သော ကိစ္စရပ်များသည် ကျနော်တို့၏ ဖြတ်သန်းလာသောဘဝတလျှောက်တွင် မစိမ်းသက်သောအရာများ ဖြစ်သည်။ အထူးသဖြင့် (၂၀၂၁) အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားစွာ ကြားသိမြင်တွေ့လာရသော ဖြစ်ရပ်များပင် ဖြစ်လေသည်။

လူအခွင့်အရေးချိုးဖောက်မှုများထဲမှ တစ်ခုအပါအဝင်ဖြစ်သော အကြမ်းဖက်မှုတွင် လူအများစုက အကြမ်းဖက်မှုဆိုသည်မှာ ကိုယ်ထိလက်ရောက်နာကျင်စေမှ အကြမ်းဖက်မှု မြောက်သည်ဟု လက်ခံထားကြလေသည်။ ကိုယ်ကာယကိုဖြစ် စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ ထိခိုက်နာကျင်စေမှု မှန်သမျှသည် အကြမ်းဖက်မှုမြောက်ကြောင်း ဂဃနဏ သိမြင်နားလည် ထားသင့်ပေသည်။ အကြမ်းဖက်မှုဟုဆိုလျှင် မည်သည့်အကြမ်းဖက်မှုမျိုးမှ မကောင်းပေ။

ထိုမကောင်းသည့်အရာများသည် မည်သည့်အတွက် မကောင်းကြောင်း ဘာကြောင့် ရှောင်ရှားကြရမည်။ ကာကွယ်တားဆီးကြမည် ဖြစ်ကြောင်းလည်း သိနားလည် ထားဖို့ လိုအပ်ပေသည်။ အကြမ်းဖက်မှုများစွာထဲမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အကြောင်းကို လေ့လာ တွေ့ရှိချက် နှင့် အတွေ့အကြုံများမှတဆင့် ကျွန်တော့အမြင်သဘောထားတို့ကို ဆွေးနွေး တင်ပြလိုပါသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုသည်မှာ အဓိကအားဖြင့် သဘောဆန္ဒမပါဘဲ လိင်စော်ကား ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း ဖြစ်ပါသည်။ ထို့အပြင် အတင်းအကြပ် ကိုယ်ဝန်‌ဆောင်စေခြင်း၊ အတင်းအကြပ် လက်ထပ်စေခြင်း၊ သန္ဓေသားပျက်စီးစေရန်လုပ်ဆောင်ခိုင်းတာများသည်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများပင် ဖြစ်ပါသည်။

အမျိုးသမီးများကို နှုတ်ဖြင့်ဖြစ်စေ၊ အမူအရာဖြင့်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား ခံရခြင်းများကို ကြုံတွေ့ခံစားကြရတာကို ကြားသိတွေ့မြင် နေကြရပါသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သည် ကိုယ်ထိ‌လက်ရောက်မှသည် နူတ်ဖြင့်လည်းကောင်း၊ အမူအရာဖြင့်လည်းကောင်း ပြုမူခြင်းသည်လည်း ပါဝင်နေကြောင်း သတိပြုသင့်သည်။

ရာခိုင်နှုန်းအားဖြင့် အချိုးချလိုက်သည့်အခါ အမျိုးသမီးအများစု တွေ့ကြုံခံစားရသည့်အတွက် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည်ဟု ပြောဆိုထုတ်ပြန်ခြင်းဖြစ်သော်လည်း အမျိုး သမီးများ သာမက အမျိုးသားများပါ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အမြတ်ထုတ်ခံရမှုနှင့် အနိုင်ကျင့်ခံရခြင်းများ တွေ့ကြုံရသည်ကို သတင်းအချက်အလက်များ ပတ်ဝန်းကျင်များတွင် တွေ့ရှိရပါသည်။

ထိုကဲ့သို့ တွေ့ရှိရသော်လည်း လူပတ်ဝန်းကျင်၏ စံနှုန်းသတ်မှတ်ချက်များ၊ ဂျန်ဒါခွဲခြားဆက်ဆံခြင်းတို့ကြောင့် အမျိုးသားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက မရှိသလို ပျောက်ကွယ်သွားသည်များလည်း ရှိပါသည်။

အမှန်တကယ် ဖော်ထုတ်ရမည်ကို ရှက်ရွံ့ခြင်း၊ အကဲ့ရဲ့ခံရမည်ကို စိုးရိမ်းခြင်းတို့ကြောင့် ထုတ်မပြောရဲဘဲ ပျောက်ကွယ်နေခြင်းသာ ဖြစ်ပါသည်။ ထိုသို့ပြောခြင်းကြောင့် အမျိုးသမီးများက ရှက်ရွံ့မှုမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ ရှက်ရွံ့မှုကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို သည်းခံနေခြင်းထက် ဖော်ထုတ်ကာထိုက်တန်သော အရေးယူမှုခံရအောင်ပြုလုပ်သင့်ပါသည်။

လိင်ပိုင်းဆိုင်အကြမ်းဖက်မှုတွင် ကျူးလွန်သူများသည် အပြစ်ရှိသူများဖြစ်သည်။ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအနေဖြင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်အောင် ကူညီကြရမည်။ ကျူးလွန်ခံရသူကို ဖေးမကြရမည်။ သို့သော်အများစုက ရှေ့တင်တစ်မျိုး ကွယ်ရာတသွယ်၊ ရှေ့တွင် သနားသယောင် ကရုဏာသက်သယောင် ပြုမူကြပေမဲ့ နောက်ကွယ်တွင် သွားပုပ်လေလွင့်ထင်ရာပြော ချိုးနှိမ်ကြခြင်းဟူသည် မဖြစ်သင့် မရှိသင့်သောအရာ ဖြစ်လေသည်။ ဘယ်သူဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြမ်းဖက်ခံရမည်ဆိုလျှင် အကြမ်းဖက်သူရဲ့ အမှားသာ ဖြစ်ပါသည်။ ကျူးလွန်ခံရသူ၏အမှား မဟုတ်ပေ။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သူများက အဓိကအားဖြင့် အရွယ်မရောက်သေးသူများနှင့် အမျိုးသမီးများကို ပစ်မှတ်ထားလေ့ရှိသည်။ ကလေးသူငယ်များနှင့် အမျိုးသမီးများသည် အကြမ်းဖက်မှု၏ သားကောင်များမဟုတ်ပါ။ အရွယ်သုံးပါးမရွေး၊ ဂျန်ဒါမရွေးခံရနိုင်ပြီး အထူးသဖြင့် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကလေးသူငယ်များနှင့် အမျိုးသမီးများအပြင်၊ LGBTQIA ဟုခေါ်သော လိင်ခံယူစိတ်ကွဲပြားသူများက ကျူးလွန်ခံရမှု ပိုများကြပါသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်စေရသည့် အကြောင်းအရင်းကို အတိအကျ ဖော်ပြရန် ခက်ခဲသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင် လိင်ပိုင်းဆိုင်ရာ ထိတွေ့မှု၊ အလွဲသုံးစားလုပ်မှုများမှ အခြေခံလာနိုင်သကဲ့သို့ တိုက်ရိုက်အကြမ်းဖက်မှု အဆင့်မြောက်သည် များလည်းရှိသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများသည် လူ့ဘောင်အဖွဲ့အစည်း၏ နေရာတိုင်းတွင် ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့်ယခုကာလတွင် စစ်မက်ဖြစ်ပွါးရာဒေသများ၌ စစ်ကောင်စီတပ်သား များ၏ ရည်ရွယ်ချက်ရှိရှိ၊ စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သတ်ဖြတ်မှုများနှင့် စစ်ကြောရေးရှိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများမှာ မကြားချင် မသိချင် မှအဆုံး ဖြစ်ပွါးလျက် ရှိနေသည်။

ထိုကိစ္စရပ်များမှာ လူ့အခွင့်အရေးကို အုပ်စုလိုက်ချိုးဖောက်နေမှုများ ဖြစ်ပြီး တရားမျှတမှုဖော်ဆောင်ရေးအတွက် ယခုကတည်းက မှတ်တမ်းတင် စာရင်းပြုစုထားကြရပေမည်။ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကလည်း မှတ်တမ်းတင်ခြင်း၊ ထုတ်ဖော်ခြင်းများ ပြုလုပ်နေ ကြသည်ကို‌ တွေ့ရှိရသည်။

စစ်ကောင်စီတပ်သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက်သဖွယ်အသုံးချ၍ ကျူးလွန်နေကြသည်မှာ လွန်စွာဆိုးရွာရက်စက်သော ရာဇဝတ်မှုမှသည် လူအခွင့်အရေးချိုးဖောက်မှု မြောက်သောကိစ္စများ ဖြစ်လေသည်။

စစ်ကောင်စီတပ်တွေဟာ အာဏာမသိမ်းမီကတည်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေကို နေရာဒေသအတော်တော်များများမှာ ပြုလုပ်ခဲ့ကြသည်။ ထင်ရှားသည့် ဖြစ်ရပ်အနေဖြင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဦးဂါရွာအိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှု (၂၀၂၀/စက်တင်ဘာလ(၁၆) BBC New)ပါဖြစ်ရပ်များနှင့် အလားတူဖြစ်ရပ်ပေါင်းများစွာက သက်သေပြလျက် ရှိသည်။ အာဏာသိမ်းပြီး နောက်ပိုင်းတွင်တော့ ပိုမိုဆိုးရွာရက်စက်စွာ ပြုကျင့်ကြပါတော့သည်။

အကျဉ်းထောင်အသီးသီးက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများလည်း နာကျင်ဖွယ် ရွံရှာဖွယ် ကြားမြင်သိနေရလေသည်။ (၂၀၂၄)မေလ ၊ဧရာဝတီသတင်းတွင်လည်း မွန်ပြည်နယ် ကျိုက်မရောထောငအတွင်းရှိ နိုင်/ကျဉ်းအမျိုးသမီးတချို့ကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကြုံတွေ့ရကြောင်း သိရှိရသည်။

အမျိုးသားအကျဉ်းထောင်ဝန်ထမ်းများရှေ့တွင် အမျိုးသမီး အကျဉ်းထောင်ဝန်ထမ်းများက နိုင်/ကျဉ်း အမျိုးသမီးနှစ်ဦး၏ မိန်းမကိုယ်အတွင်း ရှာဖွေမှုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဓမ္မပြုကျင့်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမြောက်ခြင်း မဟုတ်ပေ။ ဤအခြင်းအရာ သည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းပင် ဖြစ်သည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမည်ဆိုလျှင် နောက်ဆက်တွဲ သက်ရောက်များလည်း ရှိပါသည်။ နောက်ဆက်တွဲအနေဖြင့် ကျူးလွန်ခံရသူများသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုများနှင့် မျိုးဆက်ပွါး ကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။

ထို့ကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်၌သော်လည်းကောင်း ကြုံတွေ့ရပါက လုပ်ဆောင်သင့်သည့်အရာများကို သိထားသင့်ပါသည်။ မျိုးဆက်ပွား ကျန်းမာရေးအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ကျန်းမာရေးဆိုင်ရာ NGO, INGOများ စသည့်အဖွဲ့အစည်းများတွင် လိင်အကြမ်းဖက် ခံရသူများအား ကျန်းမာရေးဝန်ဆောင်မှုများအပြင် လိုအပ်သော လွှဲပြောင်း၊ ညွှန်းပို့ခြင်းများပြုလုပ် ပေးကြပါသည်။

၎င်းအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များမှာ လေ့လာတွေ့ရှိချက်များအရ လိင်အကြမ်းဖက်ခံရပြီး ဖြစ်နိုင်သမျှအမြန်ဆုံး ဆေးဘက်ဆိုင်ရာ အကူအညီနှင့် အကြံဉာဏ်များ ရယူနိုင်ပါသည်။ ထို့ပြင် HIV ရောဂါပိုး ကူးစက်ခြင်းမှ ကာကွယ်ရန် (၇၂)နာရီအတွင်း HIV ကူးစက်မှုကိုကာကွယ်လျော့ချပေးနိုင်သည့်ဆေး (PEP)ကို သောက်သုံးကြရမည်။ HIV ရောဂါပိုးကို ထိရောက်စွာကာကွယ်ရန်အတွက်(PEP)ဆေးကို (၂၈) ရက်တိတိ မပျက်မကွက် သောက်သုံး ရပါမည်။

အကြမ်းဖက်ခံရမှုကြောင့် မလိုလားအပ်သည့် ကိုယ်ဝန်ဆောင်မှုများကာကွယ်ရန် (၅)ရက် အတွင်း စောနိုင်သမျှ အစောဆုံး အရေးပေါ် သန္ဓေတားဆေးကို သောက်သုံးရပါမည်။ လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ကာလသားရောဂါများကာကွယ်ရန်အတွက်လည်း ပိုးသတ်ဆေးများ သောက်သုံး ပေးရပါမည်။ ကျန်းမာရေးဝန်ဆောင်မှုများအပြင် စိတ်ပိုင်းဆိုင်ရာ အကူအညီများလည်း ရယူသင့် ပါသည်။

လိင်အကြမ်းဖက်ခံရခြင်းတွင် ဆက်လက်ရှင်သန်သူကို ကူညီဖေးမရမည်ဖြစ်ပါသည်။ မိမိ ကိုယ်တိုင်လည်း ကျူးလွန်သူမဖြစ်အောင် ရှောင်ကြဉ်ကြရပါမည်။ သို့မှသာ ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရန် အတွက် အတူတကွ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

          လက်ရှိကာလတွင် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု၊ အကြမ်းဖက်မှုများ မြင့်တက်လျက် ရှိနေသည်။ ထိုအချင်းအရာက ကျနော်တို့ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု မြင့်တက်လာခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကို ညွှန်ပြလျက်ရှိသည်။ လူ့အခွင့်အရေးကို လူတိုင်းနားလည်ပြီး မိမိအခွင့်အရေးကို မိမိကာကွယ်နိုင်ခြင်း၊ သူတစ်ပါးအခွင့်အရေးကိုလည်း လေးစားခြင်းတို့ရှိရမည်။

ထိုသိုဖြစ်ရန်အတွက် အသိပညာ ဗဟုသုတများ ကြွယ်ဝကာ သိနားလည်မှုမှ လက်တွေ့ လိုက်နာကျင့်သုံးမှု အဆင့်ထိ သွားကြရမည်။ ပညာရေးတွင် လိင်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် ပေးကြရမည်။ ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ရိုးတွင် ထိုက်သင့်သလောက်ထည့်သွင်းထားသော်လည်း အပြည့်အဝ သင်ကြားလေ့လာကြရန် အထူးအရေးကြီးကြောင်း၊ မိဘများကိုပါ  အသိပညာများ၊ ဟောပြောပွဲများ ရံဖန်ရံခါပြုလုပ် ပညာပေးရပါမည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မကျင့်ခြင်းစသည့် အကြောင်းအရာများပြောသည့်အခါ မိဘများကပြောလေ့ရှိကြသည်မှာ" မသိတဲ့သူတွေခေါ်ရင်မလိုက်နဲ့၊ ကျွေးတာတွေလျှောက်မစားနဲ့" ဟူ၍ ဖြစ်သည်။ သို့သော် ရင်းနှီးပါသည်ဟူသောလူများ၊ ဆွေမျိုးများ၊ မိတ်ဆွေအရင်းအချာပါဆိုသော သူများသည်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၏ ကျူးလွန်သူများ ဖြစ်နေတတ်သည်ကို သတိထား သတိမူရပေမည်။ ဦးလေးအရင်းက တူမကို၊ အိမ်နားနီးက၊ မိတ်ဆွေကစသည်ဖြင့် မြောက်မြားစွာသော ဖြစ်ရပ်များက သက်သေပြလျက် ရှိနေလေသည်။

မိမိလုပ်ငန်းခွင်မှ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှု၊ နှောက်ယှက်မှုနှင့် အကြမ်းဖက်များ ကိုလည်း အလုပ်ရှင်နှင့်ပူးပေါင်း၍ ကြိုတင်ကာကွယ်သင့်သည်။ မည်သည့်လုပ်ငန်းခွင်မဆို လူအမျိုး၊ စိတ်အ‌ထွေထွေရှိကြရာ ဘေးအန္တရာယ်ကို မဖြစ်ခင်က ကာကွယ်ခြင်းသည် ပိုမိုထိရောက်လေသည်။ ဤတွင် ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်မှ ကိုယ်ထိလက်ရောက်ဖြစ်မှ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု မြောက်သည် မဟုတ်ပေ။ စကားလုံးများဖြင့်လည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုဖြစ်စေတာကို တွေ့နိုင်ပါသည်။

ဥပမာအားဖြင့် ရာထူးတိုးအခွင့်အရေးတစ်ခုခုအတွက် အထက်လူကြီးက ဝန်ထမ်းတစ်ဦးဦးကို သူနှင့်အတူနေရန်တောင်းဆိုခြင်း၊ မျက်စိမှိတ်ပြခြင်းအထိ စိတ်မသက်မသာဖြစ်‌စေပါက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုမြောက်လေသည်။ ဤတွင်လည်း လုပ်ငန်းခွင်တွင်းလိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုကို အမျိုးသမီး‌များသာ ကြုံရခြင်းမဟုတ်ဘဲ အမျိုးသားများလည်း တွေ့ကြုံရပါသည်။ လိင်ပိုင်းဆိုင်ရာအနှောက်အယှက်ပြုခြင်းမဖြစ်ပွါးရစေရန် အလုပ်ခွင်တွင် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု ပြုပါက အလုပ်ထုတ်သည်အထိ အရေးယူမည်ဟု သတ်မှတ်ထားခြင်း ပြုလုပ်နိုင်ပါသည်။

ထိုစည်းမျဉ်းက အလုပ်ခွင်အတွင်း ဝန်ထမ်းများ စိတ်လုံခြုံမှုရှိစွာ လုပ်ငန်းများအကောင်အထည်ဖော်နိုင်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကိုလည်း ထိုက်သင့်သလောက်ကာကွယ်ပြီး ဖြစ်ပါလိမ့်မည်။ ထို့ပြင် နှစ်စဉ် အပြုအမှုပိုင်းဆိုင်ရာ သင်တန်းများ၊ ဟောပြောပွဲများ၊ အသိပညာပေးမှုများ ပြုလုပ်ပေးသင့်ပါသည်။ ထို့သို့ ပြုလုပ်လိုက်ခြင်းဖြင့် ထိုသူလည်း အရေးယူခံရကာ ပတ်ဝန်းကျင်တွင် နောက်တစ်ကြိမ် မဖြစ်ပွားအောင် တားဆီးနိုင်ပါလိမ့်မည်။

အမျိုးသမီးများ၊ ကလေးငယ်များ ဘဝလုံခြုံရေးအတွက် အသိပညာပေးမှုများ၊ တရားဥပဒေအရ ကာကွယ်ပေးမှု၊ ထိရောက်သော အပြစ်ပေး အရေးယူမှုများ ပြုလုပ်ကြရမည်။ ထိုသို့ အကောင်အထည်ဖော်မှုများလည်း ကမ္ဘာအရပ်ရပ်သာမက မြန်မာတွင်လည်းရှိပါသည်။

ဥပမာ အားဖြင့် အထိမ်းအမှတ်နေ့များ ဖြစ်သော မတ်လ(၈)ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၊ ဇူလိုင်လ (၃) ရက် မြန်မာအမျိုးသမီးများနေ့၊ မြန်မာ့ကလေးများနေ့ ဖေဖော်ဝါရီ (၁၃) ရက် စသဖြင့် အထိမ်းအမှတ်နေ့များ၊ လှုပ်ရှားမှုများပြုလုပ်ကာ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးများကို လေးစားတန်ဖိုးထားတတ်စေရန် ပြုလုပ်ကြလေသည်။

စွမ်းဆောင်ရည် မြှင့်တင်ပေးမှုများ လုပ်ဆောင်ပေးခြင်းဖြင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူ နိုင်ကြောင်း ပိုမိုသိလာသောအခါ ရှေးယခင်ကထက် များလာသယောင်ဖြစ်လာသော်လည်း ယခင်ကတည်းက ရှိခဲ့ကြပါလိမ့်မည်။

အကြမ်းဖက်မှုခံရသည်အခါ အရှက်ကွဲခံရမည် အမည်ပျက်ဆိုသောအချက်ကိုတွေးကာ အရေးယူမှုမပြုခြင်းကလည်း ကျူးလွန်သူကို အခွင့်အရေးထပ်ပေးသကဲ့သို့ ဖြစ်စေသည်

အကြမ်းဖက်မှုခံရသည်အခါ အရှက်ကွဲခံရမည် အမည်ပျက်ဆိုသောအချက်ကိုတွေးကာ အရေးယူမှုမပြုခြင်းကလည်း ကျူးလွန်သူကို အခွင့်အရေးထပ်ပေးသကဲ့သို့ ဖြစ်စေသည်။ အထက်တွင် ပြောခဲ့သည့်အတိုင်း မည်သူကိုကျူးလွန်ခံရသည်ဖြစ်စေ ကျူးလွန်သူသည် အပြစ်ရှိသူဖြစ်သည်။

ကျူးလွန်ခံရသူကို ပြစ်ပယ်ထားခြင်း၊ ချိုးနှိမ်ခြင်း၊ ဖယ်ကြဉ်ခြင်းတို့သည့် ယဉ်ကျေးသော လူအသိုင်းအဝိုင်း၏ လုပ်ရပ်မဟုတ်ပေ။ ရွာနာမည်ပျက်သည်၊ အသိုင်းအဝိုင်းနာမည်ပျက်မည်စိုးသည် ဟူ၍ အရေးမယူခြင်း ငွေကြေးဖြင့် ညှိနှိုင်းခြင်းက ကျူးလွန်ခံရသူကို ကာကွယ်ပေးရမည့်အစား ကျူးလွန်သူဖက်က ရပ်တည်နေသကဲ့သို့ ဖြစ်စေသည်။

လက်ရှိတော်လှန်ရေးကာလတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုမိုမြှင့်တက်လာသလို၊ ဆက်လက်ရှင်သန်သူများကလည်း အကြမ်းဖက်မှုကို ငြိမ်မခံဘဲ ပိုမိုထုတ်ဖော်ပြောကြားလာခြင်း၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရယန္တရား ကိုယ်တိုင်က ပူးပေါင်း ရပ်တည်မှုများ ပြသလာသောကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ကျယ်ကျယ်လောင်လောင်နှင့် အကြိမ်ကြိမ် ကြားမြင်သိနေရသည်။

သို့သော် ထိုအရာများဖြင့် မရင်းနှီးချင်တော့ပေ။ ထိုသို့ မဖြစ်ပွားစေချင်တော့ပေ။ ထိုသို့လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု၊ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် မဖြစ်‌ပွါးစေရန်မှာ သင်ကစ၍ ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိလေသည်။ လူတိုင်းလက်တွဲလုပ်ဆောင်မှ ကောင်းမွန်သောလူ့အဖွဲ့အစည်းကို အတူဖော်ဆောင်နိုင် လိမ့်မည် ဖြစ်ပါကြောင်း အသိပေးတိုက်တွန်း အကြံပြုအပ်ပါသည်။


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing

​
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
0 Comments

5/6/2025 0 Comments

ဂျန်ဒါအကြမ်းဖက်မှုအပေါ် ဘယ်လိုတုံ့ပြန်ကြမလဲ

Picture

ရေးသားသူ- ပျိုး
 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
 
မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တားဆီးကာကွယ်ရန် ပြဋ္ဌာန်းထားသော နိုင်ငံတကာ သဘောစာချုပ်များတွင် ပါဝင်သော နိုင်ငံတစ်ခုဖြစ်ပါသည်။ (၁၉၉၇) ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်တွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (စီဒေါ) ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး (၂၀၀၀) ခုနှစ်တွင် ကနဦးအစီရင်ခံစာကို တင်သွင်းခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ ဘေဂျင်းကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက် တို့တွင် ပါဝင်လက်မှတ် ရေးထိုးထားသည့်နိုင်ငံဖြစ်ကာ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ် (CRC) တွင်လည်း ပါဝင်ထားသည့် နိုင်ငံလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ထောင်စုနှစ်ဖွံ့ဖြိုးမှုပန်းတိုင်များ (MDGs) နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) တို့ကို ဆောင်ရွက်ရန် သဘောတူညီချက်ပေးခဲ့ပြီး (၁၉၉၄) လူဦးရေနှင့် ဖွံ့ဖြိုးမှု နိုင်ငံတကာအစည်းအဝေး (ICPD) ကို ပူးပေါင်းပါဝင်ခဲ့သည့်အပြင် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

ထိုနိုင်ငံတကာစာချုပ်များနှင့်အညီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ စနစ်တကျ ကျူးလွန်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကာကွယ်နိုင်ရန်၊ လျော့ပါးလာရန်နှင့် တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းချက်များ ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းအချိန်တွင် အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် လူအခွင့်အရေးအားလုံး ဆိတ်သုန်းခဲ့ရသည်။

လက်ရှိတော်လှန်ရေး ကာလတွင် တရားဥပဒေစိုးမိုးနိုင်မှုသည် အလွန်အားနည်းနေသလို တဖက်တွင်လည်း အကြမ်းဖက်မှု မျိုးစုံ မြှင်တက်နေသည့် ကာလဖြစ်သည်။ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊  တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူမှုအသိုက်အမြုံ များမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့ပါးလာရန်နှင့် တရားမျှတမှု ဆောင်ကျဉ်းပေး နိုင်ရန်နှင့် လူမှုအသိုက်အမြုံအတွင်းပြန်လည် ရပ်တည်နိုင်ရန် ကာကွယ်မှုများနှင့် စောင့်ရှောက်မှုများ ကို ဆောင်ရွက်ပေးရန် အလွန်အရေးကြီးသည်။  

ဂျန်ဒါ အခြေပြုအကြမ်းဖက်မှုများ၊ ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် ပတ်သက်၍ စစ်တမ်းများကောက်ခံခြင်း၊ စနစ်များ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စာချုပ်စာတမ်းများနှင့် အကောင်အထည်ဖော်မှုများတွင်  ဂုဏ်သိက္ခာထိန်းသိမ်းပိုင်ခွင့်၊ ပုဂ္ဂိုလ်‌ရေး လွတ်လပ်ခွင့်၊ ကျန်းမာရေးခံစားခွင့်၊ လုံခြုံရေးရပိုင်ခွင့်၊ တရားမျှတမှုရရှိခွင့်၊ အမှန်တရား‌ရှာဖွေခွင့်၊ ထိရောက်သော ပြန်လည်ကုစားမှုရရှိခွင့် စသည့်အခွင့်အရေးများကဲ့သို့ ဆက်လက်ရှင်သန်သူများ ၏ အခြေခံလူ့အခွင့်အရေးများကို အလေးထားပြီး လုပ်ဆောင်ရရမည်။

ဆက်လက်ရှင်သန်သူ များကို ဗဟိုပြု၍ဆောင်ရွက်နိုင်ရန် ပါဝင်ပတ်သက်သူတိုင်းက မည်သည့်အခြေအနေတွင်မဆို လိုက်နာကျင့်သုံးသင့်ပေသည်။ထို့ကြောင့် ဂျန်ဒါ အခြေပြုအကြမ်းမှုနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရန်အတွက် ထည့်သွင်းစဉ်းစားရမည့် ကျင့်ဝတ်နှင့်အခြေခံမူများနှင့် ယန္တရားများကို ဖော်ပြအပ်ပါသည်။
 
အခြေခံမူများ

အခြေခံမူ (၁) အသက်ရှင်သန်ကျန်ရစ်သူများကို တစ်ဦးချင်းစီ နားလည်အောင်ဆောင်ရွက်ပါ။

၁.၁။    ဆက်လက်ရှင်သန်သူတစ်ဦးချင်းအပေါ် မူတည်၍ လိုအပ်သလိုပြောင်းလဲပါ။ ဆက်လက်ရှင်သန်သူများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြကြောင်း လေးစား အသိအမှတ်ရမည်။ လူတစ်ဦးချင်းစီ၏ အသက်အရွယ်၊ ဂျန်ဒါ၊ ပြောင်းလဲနေသော စွမ်းဆောင်ရည်များ၊ ခံနိုင်ရည်စွမ်း၊ အခြားသူများအပေါ်ထားရှိသည့် ဆက်ဆံရေးနှင့် ပတ်သက် ဆက်နွယ်မှုများ၊ လူမှုစီးပွားရေးနှင့်နိုင်ငံရေးအခြေအနေများ၊ ၎င်းတို့ကြုံတွေ့ရ သော ခွဲခြားဆက်ဆံမှုများ စသည့် ၎င်းတို့၏ ကိုယ်ပိုင်ဝိသေသလက္ခဏာများ၊ ကြင်အင် လက္ခဏာများ၊ အစုအဖွဲ့များနှင့် နောက်ခံအခြေအနေများ အပေါ်မူတည်ပြီး ချည်းကပ်မှု ပုံစံကို လိုအပ်သလို ပြောင်းလဲလုပ်ဆောင်ရမည်။

၁.၂။    ဆက်လက်ရှင်သန်သူများ၏ ဖြစ်တည်မှုနှင့်ပတ်သက်၍ဖြစ်စေ ၎င်းတို့၏ အတွေ့အကြုံများနှင့် ပတ်သက်၍ဖြစ်စေ ထင်မြင်မှုအရ ကောက်ချက်ချခြင်းကို မပြုရပါ။

၁.၃။    ဆက်လက်ရှင်သန်သူများကို မေးမြန်းပါ။ ကလေးသူငယ်အရွယ် ဆက်လက် ရှင်သန်သူများ အပါအဝင် ဆက်လက်ရှင်သန်သူများကို ၎င်းတို့ လိုချင်သောအရာများ၊ ဦးစားပေးသည့် အရာများ၊ စိုးရိမ်ပူပန်မှုများ၊ အန္တရာယ်များ၊ လက်ရှိအခြေအနေများ စသည်တို့နှင့် ပတ်သက်၍ မေးမြန်းပြီး ၎င်းတို့၏ဆန္ဒအတိုင်း မိမိအဖွဲ့အစည်းတို့တွင်ရှိသော လုပ်နိုင်ခွင့်နှင့် အရင်းအမြစ်အတိုင်းအတာအတွင်းမှ အတတ်နိုင်ဆုံး လက်ခံဖြည့်ဆည်းဆောင်ရွက်ရမည်။

၁.၄။    ဆက်လက်ရှင်သန်သူများ၏ လုံခြုံရေးကိုဦးစားပေးပါ။ အဖွဲ့အစည်းလုပ်ငန်း၏ ရည်မှန်းချက်များ ထက်စာလျှင် ဆက်လက်ရှင်သန်သူများ၏ လုံခြုံရေး၊ ကျန်းမာ အဆင်ပြေရေးနှင့် ဂုဏ်သိက္ခာတို့ကို အမြဲအလေးထားရမည်။

၁.၅။   ပိုမိုကြီးမားသော အန္တရာယ်ကြုံတွေ့နိုင်ခြေများကို သတ်မှတ်ဖော်ထုတ်ပြီး သီးသန့်ကြိုတင် ကာကွယ်မှု အစီအစဉ်များကို ဖြည့်စွက်ဆောင်ရွက်ရမည်။

၁.၆။ တရားမျှတမှုရရှိရေး ကူညီပံ့ပိုးပေးပါ။

၁.၇။ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဝိသေသလက္ခဏာကို အသိအမှတ်ပြုလေးစားပါ။

၁.၈။   ခွဲခြားဆက်ဆံခြင်းမပြုပါနှင့်။ နှိပ်ကွပ်ခံရခြင်းကြောင့်ဖြစ်စေ၊ ခွဲခြားဆက်ဆံခံရခြင်းကြောင့် ဖြစ်စေ၊ စွမ်းရည်မရှိသူဟု ယူဆခံရခြင်းကြောင့်ဖြစ်စေ၊ ထိခိုက်နစ်နာသူများအဖြစ် သတ်မှတ်ခြင်းမခံရသောကြောင့်ဖြစ်စေ မကြာခဏ ဖယ်ကြဉ်ခံထားရသောသူများ သို့မဟုတ် နှုတ်ဆိတ်နေရသောသူများ ပါဝင်လာနိုင်ရန်နှင့် ၎င်းတို့အတွက် သင့်တော်သောအစီအစဉ်များ ဖန်တီးပေးရမည်။
 

အခြေခံမူ (၂) အသက်ရှင်သန်ကျန်ရစ်သူများ၏ အခြေအနေကိုထိန်းချုပ်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားပါ။
 
၂.၁။ ဆက်လက်ရှင်သန်သူများအား အမှတ်မထင်ချဉ်းကပ်ခြင်းကို ရှောင်ရှားပါ။ တတ်နိုင်သမျှ ရှိပြီးသား စေ့စပ်သေချာစွာစိစစ်ထားသောနည်းလမ်း သို့မဟုတ် လွှဲပြောင်း‌ရေးဆုံမှတ်များ မှတစ်ဆင့် အလုပ်လုပ်ရမည်။ သို့မဟုတ် လုံခြုံစိတ်ချရသော လမ်းကြောင်းများ ဖန်တီးပေးရမည်။

၂.၂။     ဆက်လက်ရှင်သန်သူတစ်ဦး၏ ရွေးချယ်မှုများကို လေးစားပါ။

၂.၃။ ဆက်လက်ရှင်သန်သူများက ၎င်းတို့အချက်အလက်များကို ကိုယ်တိုင်ထိန်းချုပ်နိုင်ခွင့်ကို လေးစားကာ  ရှင်းလင်းတိကျသော သဘောတူချက်မရဘဲ အသုံးပြုခြင်း၊ ဝေမျှခြင်း ပြုလုပ်သွားမည် မဟုတ်ပါ။

၂.၄။ ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် ပံ့ပိုးကူညီပေးရမည်။

၂.၅။    ကလေးသူငယ်များနှင့်အတူ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကလေးသူငယ်များ၏ပါဝင်ခွင့်ကို လေးစားလိုက်နာရမည်။ ထို့ပြင် အုပ်ထိန်းသူများ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ဥပဒေကြောင်းအရ လိုအပ်ချက်များကိုလည်း နားလည်သဘောပေါက်အောင် ဆောင်ရွက်ရမည်။

၂.၆။    ဖိအားများကိုလျော့ချပါ။ ။ ဆက်လက်ရှင်သန်သူများအား ၎င်းတို့၏အချက်အလက်များကို ဝေမျှရန် ဖိအားပေးမှုဖြစ်စေနိုင်သည့် အကြောင်းတရားများ လျော့နည်းသွားအောင် ကြိုတင်ဆောင်ရွက်ရမည်။

၂.၇။    အချက်အလက်များရရှိရန် အကျိုးအမြတ်ပေး၍ မက်လုံးမပေးပါနှင့်။

၂.၈။    စစ်မှန်သောမျှော်လင့်ချက်ထားအောင် အခိုင်အမာဆောင်ရွက်ပါ။  ဆက်လက်ရှင်သန်သူ များက မျှော်လင့်ထားသောအရာများနှင့် ပတ်သက်၍ ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးပြီး ၎င်းတို့အနေဖြင့် လက်တွေ့ကျသော မျှော်လင့်ချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်အောင် ကူညီပံ့ပိုးပေးရမည်။

၂.၉။ ကန့်သတ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားမှုရှိပါ။ ။အဖွဲ့အစည်းများအနေဖြင့် မိမိလုပ်နိုင်သည့်အရာနှင့် မလုပ်နိုင်သည့်အရာများ၊ အကာအကွယ်ပေးနိုင်သည့်အရာနှင့် အကာအကွယ်မပေးနိုင်သည့်အရာများ၊ တစ်ဦးချင်းစီ၏ အကန့်အသတ်များနှင့် လုပ်ငန်းသဘောအရ ကန့်သတ်ချက်များ စသည်တို့နှင့်ပတ်သက်၍ ဆက်လက်ရှင်သန်သူ များကို ရှင်းလင်းရိုးသားစွာ အသိပေးရန် လိုအပ်သည်။

၂.၁၀။  သဘောတူညီချက် ပြန်လည်ရုတ်သိမ်းခြင်းကို လေးစားလိုက်နာပါ။  ဆက်လက်ရှင်သန်သူ များသည် သဘောတူညီချက်ပေးထားခြင်းကို အချိန်မရွေး ပြန်လည်ရုတ်သိမ်းခွင့်ရှိကြောင်း နှင့် ထိုသို့ပြန်လည်ရုတ်သိမ်းလိုပါက မည်ကဲ့သို့အသိပေး အကြောင်းကြားနိုင်ကြောင်း ၎င်းတို့သိရှိနားလည်အောင် ဆောင်ရွက်သွားရမည်။
 

အခြေခံမူ (၃) တာဝန်ယူမှု၊ ဖြောင့်မတ်မှုရှိပါ။

၃.၁။    အချက်အလက်ကောက်ယူသူများအနေဖြင့် ဆက်လက်ရှင်သန်သူများ၏ ရွေးချယ်မှုကို အကြောင်းပြု၍ အချက်အလက်ကောက်ယူသူများသည် တာဝန်ခံမှုရှိစွာ လုပ်ဆောင်ရမည်။  

၃.၂။    ဆက်လက်ရှင်သန်သူများကို ဆုံးဖြတ်ချက်ချသူများအဖြစ် သဘောထားကာ ဂုဏ်သိက္ခာ၊ လေးစားမှု၊ လူသားဆန်မှု၊ ယဉ်ကျေးမှု၊ အသိအမှတ်ပြုတန်ဖိုးထားမှုရှိစွာဖြင့် ပံ့ပိုးကူညီ သွားမည်။

၃.၃။    အသက် ရှင်သန်ကျန်ရစ်သူများအား နှိမ့်ချဆက်ဆံခြင်းမပြုလုပ်ရပါ။

၃.၄။    စု‌ဆောင်းကောက်ယူထားသည့် အချက်အလက်များနှင့် ပတ်သက်၍ နားလည်မှုနှင့် ပြန်လည်တင်ပြမှုသည် မှန်ကန်မှုရှိစေရန်လည်းကောင်း၊ လွဲမှားဖော်ပြချက်များ သို့မဟုတ် ထင်မြင်ချက်များ ပါဝင်မှုမရှိစေရန်လည်းကောင်း တိကျသေချာမှုရှိအောင် အခိုင်အမာ ဆောင်ရွက်ရမည်။

၃.၅။   ဆက်လက်ရှင်သန်သူများ အပေါ်ဖြစ်စေ၊ ၎င်းတို့၏အချက်အလက်များကိုဖြစ်စေ ညှစ်ယူခြင်း၊ အသုံးချခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ နိုင်ထက်စီးနင်းပြုခြင်း၊ ထိပါးနှောင့်ယှက်ခြင်း၊ အခွင့်အရေးယူခြင်း မပြုလုပ်ရပါ။

၃.၆။   ယုံကြည်စိတ်ချရသူဖြစ်အောင် ဆောင်ရွက်ပါ။ 

၃.၇။   ဖြစ်နိုင်ခြေ သက်သေအထောက်အထားများကို မထိခိုက်ပါစေနှင့်။

၃.၈။    တာဝန်ခံမှုရှိပါ။  
         

အခြေခံမူ (၄) အကျိုးမပြုနိုင်လျှင် မလုပ်ဆောင်ပါနှင့်။

၄.၁။    တာဝန်ယူမှုရှိသော ဆုံးဖြတ်ချက်များချပါ။   ။

၄.၂။    မည်သည့်အခန်းကဏ္ဍနှင့်ရည်ရွယ်ချက်များ ရှိကြောင်း ရိုးသားရှင်းလင်းစွာ အသိပေးပါ။

၄.၃။    အချက်အလက်များရရှိနိုင်သော အခြားသတင်းအရင်းအမြစ်များကို စူးစမ်းပါ။

၄.၄။    မျှော်မှန်းထားသောရလဒ်များသည် လက်တွေ့ကျနိုင်သလား သုံးသပ်ပါ။

၄.၅။   မိမိအဖွဲ့အစည်းအနေဖြင့် ဆက်လက်ရှင်သန်သူများအတွက် တစ်စုံတရာ တန်ဖိုးမြှင့်တင်မှု သို့မဟုတ် အကျိုးပြုမှု ဖြစ်စေနိုင်ကြောင်း ရိုးသားစွာ ပြန်လည်ဆင်ခြင်သုံးသပ်ရမည်။ မိမိတို့၏လုပ်ဆောင်မှုသည် တစ်စုံတရာ တန်ဖိုး မြှင့်တင်ပေးနိုင်မှုရှိမှသာ ဆက်လက် လုပ်ဆောင်သွားရမည်။

၄.၆။   အကျိုးနှင့်အပြစ်ကိုချိန်ဆလုပ်ဆောင်ရမည်။  

၄.၇။   မကောင်းသောအလေ့အထများကို အားပေးသည့်အရာများအား တွန်းလှန်ရမည်။

၄.၈။   ထိတွေ့ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်နိုင်သည့်အန္တရာယ်များကို အတတ်နိုင်ဆုံး လျော့ချရမည်။

၄.၉။   မိမိတို့ကောက်ယူထားသော ၎င်းတို့၏အချက်အလက်များကို အခြားသော ယုံကြည်စိတ်ချ ရသည့် အစုအဖွဲ့များထံသို့ ပြန်လည်ဝေမျှစေလိုခြင်း ရှိမရှိ ၎င်းတို့နှင့် ဆွေးနွေးတိုင်ပင်ပြီး သတင်းအချက်အလက် မျှဝေမှု ပြုလုပ်ရမည်။  

၄.၁၀။ အနည်းဆုံးအချက်အလက်ကောက်ယူမှုဖြစ်အောင် ဆောင်ရွက်ရမည်။
 

အခြေခံမူ (၅) ကြိုတင်ပြင်ဆင်ခြင်းသည် အခြေခံအုတ်မြစ်ဖြစ်သည်။

၅.၁။   ကြိုတင်ပြင်ဆင်ပါ။ အချက်အလက်စတင်မကောက်ယူမီ၊ အထူးသဖြင့် အသက်ရှင်သန် ကျန်ရစ်သူများနှင့် မည်သည့်ထိတွေ့ဆက်သွယ်မှုမှ မပြုလုပ်မီ နှံ့စပ်သေချာစွာ အစီအစဉ်ဆွဲခြင်းနှင့် အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်သော အသိပညာ၊ စွမ်းဆောင်ရည်၊ အလုပ်အဖွဲ့၊ မူဝါဒများ နှင့် လုပ်ထုံးလုပ်နည်းများ အဆင်သင့်ဖြစ်နေစေရန် အခိုင်အမာဆောင်ရွက်သွားမည်။

၅.၂။    ဆက်လက်ရှင်သန်သူများ၏ ရွေးချယ်မှုများနှင့်အညီ ပြုပြင်ပြောင်းလဲနိုင်အောင် အခိုင်အမာဆောင်ရွက်ပါ။

၅.၃။   အန္တရာယ်ဖြစ်နိုင်ခြေများကိုဆန်းစစ်ပြီး လျော့ပါးအောင်ဆောင်ရွက်ပါ။

၅.၄။   အဝေးမှဆက်သွယ်ဆောင်ရွက်ရာတွင်  ကြုံရနိုင်သည့် ကွဲပြားသောစိန်ခေါ်မှုများနှင့် ဖြစ်နိုင် ခြေအန္တရာယ်များကို နားလည်အောင် အခိုင်အမာဆောင်ရွက်သွားရမည်။

၅.၅။   အခြားမည်သူများက အချက်အလက်ကောက်ယူနေသည်ကို သိအောင်ဆောင်ရွက်ပါ။

၅.၆။   ရရှိနိုင်သောအကူအညီများအကြောင်း သိရှိအောင်ဆောင်ရွက်ပါ။  

၅.၇။   မတူညီသောကဏ္ဍအသီးသီးကြား ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင်ပါ။

၅.၈။   မျှော်လင့်မထားသော ဖွင့်ဟပြောဆိုမှုများအတွက် ကြိုတင်ပြင်ဆင်ပါ။

၅.၉။   ဆက်လက်ရှင်သန်သူများမှ လိုအပ်ပါက ထပ်မံဆက်သွယ်နိုင်ရန် လုံံခြုံမှုရှိသည့် ဆက်သွယ်ရေးရှိရန် ဆောင်ရွက်ပေးပါ။

၅.၁၀။ သင်၏အလုပ်အဖွဲ့နှင့် မိတ်ဖက်များကို ရှင်းလင်းတင်ပြပါ။
 

အခြေခံမူ (၆) ဆက်စပ်အခြေအနေများကို သိရှိနားလည်အောင်ဆောင်ရွက်ပါ။

၆.၁။   ဆက်စပ်အခြေအနေကို သိရှိအောင်ဆောင်ရွက်ပါ။ ဆက်လက်ရှင်သန်သူများ၊ ၎င်းတို့၏ မိသားစုများ၊ ၎င်းတို့၏အသိုင်းအဝိုင်းများနှင့် ပတ်သက်၍ မိမိအဖွဲ့အစည်း၏ လုပ်ဆောင်မှု တို့အပေါ် ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကျရောက် စေနိုင်သော သက်ရောက်မှုများကို ကျွန်ုပ်တို့ဖော်ထုတ်သွားမည်။

၆.၂။    ရိုးရာယဉ်ကျေးမှုကို နားလည်အောင်ဆောင်ရွက်ရမည်။  

၆.၃။   ဂျန်ဒါအကြောင်း နားလည်အောင်ဆောင်ရွက်ရမည်။ 

၆.၄။   SCRSVနှင့်ပတ်သက်၍ဖြစ်စေ ဆက်လက်ရှင်သန်သူများနှင့်ပတ်သက်၍ဖြစ်စေ ခွဲခြားသည့် ကဲ့ရဲ့မှုများကို နားလည်အောင်‌ ဆောင်ရွက်ရမည်။

၆.၅။   လူမှုအသိုင်းအဝိုင်းအတွင်းရှိ အခင်းအကျင်းကို သိရှိအောင်ဖော်ထုတ်ပါ။ 

၆.၆။   တစ်ဦးချင်းအပေါ်ဖြစ်စေ၊ အုပ်စုလိုက်အပေါ်ဖြစ်စေ၊ အကြောင်းအရာပေါင်းစုံအလိုက် ဖြစ်စေ ကျရောက်နိုင်သော ထိခိုက်နစ်နာမှုများကို အသိအမှတ်ပြုပါ။

၆.၇။   ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိအောင် ဆောင်ရွက်ပါ။

၆.၈။   သင့်လျော်သည့် ဆက်သွယ်မှုနှင့် ထိတွေ့ဆက်ဆံမှုပုံစံများကို နားလည်အောင် ဆောင်ရွက်ပါ။

၆.၉။   နောက်ဆက်တွဲဆိုးကျိုးများကို လျော့ချရမည်။

၆.၁၀။ ရပ်ရွာအခြေပြု ရေရှည်တည်မြဲသော ထောက်ပံ့ကူညီမှုဖြစ်ရန် အခြားအဖွဲ့အစည်းများနှင့် အတူ  ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသွားမည်။
 

အခြေခံမူ (၇) လိုအပ်သော စနစ်များ၊ တက်ကျွမ်းမှုများနှင့် အကူအညီများကို တည်ဆောက်ထားပါ။

၇.၁။   အဖွဲ့အစည်းတာဝန်များနှင့် ပံ့ပိုးကူညီမှုများ။   အဖွဲ့အစည်းအတွင်းတွင် အတိုင်ပင်ခံ ဝန်ဆောင်မှုငှားရမ်း ဆောင်ရွက်ခြင်း ကိစ္စများအပါအဝင် ခေါင်းဆောင်မှုနှင့် ကတိကဝတ်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် စွမ်းအင်ရင်းမြစ်များ အသုံးပြု၍ ဤစည်းမျဉ်းပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်သွားပါမည်။

၇.၂။    အဖွဲ့အစည်းနှင့် မဟုတ်ဘဲ တသီးပုဂ္ဂ ဆောင်ရွက်သည့်အခါတွင်လည်း ကိုယ်ပိုင်တာဝန်ခံမှု ရှိသူများအဖြစ် ဆောင်ရွက်ရမည်။

၇.၃။   ကွဲပြားစုံလင်မှု၊ ကိုယ်စားပြုမှု၊ လျှို့ဝှက်ထိန်းသိမ်းမှု၊ လုံခြုံမှုနှင့် ပြင်ဆင်မွန်းမံမှု ပြုလုပ်နိုင်စွမ်းအပေါ် မူတည်ပြီး မှန်ကန်သော အလုပ်အဖွဲ့နှင့် မိတ်ဖက်များ တည်ဆောက်ပါ။

၇.၄။   မျှော်လင့်ထားသော ရည်ရွယ်ချက်အတွက် ဤလုပ်ငန်းများကို လုံခြုံမှုနှင့်ထိရောက်မှုရှိစွာ ဆောင်ရွက်နိုင်စွမ်းရှိစေရန် မှန်ကန်သည့် စွမ်းဆောင်ရည်ရှိလာအောင် တည်ဆောက်ပါ။  

၇.၅။   မိမိတွင်ရှိသော အသိပညာ၊ ကျွမ်းကျင်မှုနှင့် နားလည်မှု အကန့်အသတ်များကို  ရိုးသားစွာ ပြန်လည်သုံးသပ်ကာ ကျွန်ုပ်တို့၏ ဆောင်ရွက်နိုင်စွမ်းအကန့်အသတ်များကို လက်ခံ အသိအမှတ်ပြုပြီး ထိုဘောင်များအတွင်းမှသာ ဆောင်ရွက်သွားမည်ဖြစ်သည်။

၇.၆။   ဆက်လက်ရှင်သန်သူ ကလေးသူငယ်များနှင့် တွေ့ဆုံမေးမြန်းရာတွင် ခိုင်မာသော စွမ်းရည်ပြည့်ဝမှု၊ တတ်ကျွမ်းမှုများနှင့် အတွေ့အကြုံများ ပိုင်ဆိုင်အသုံးချနိုင်မှသာလျှင် ဆက်လက်ရှင်သန်သူကလေးသူငယ်များကို တွေ့ဆုံမေးမြန်းသွားမည်။

၇.၇။   သင့်လျော်သော ပံ့ပိုးကူညီမှုရအောင် အခိုင်အမာဆောင်ရွက်ပါ။

၇.၈။   လျှို့ဝှက်ထိန်းသိမ်းရမည့်အရာများအတွက် အကာအကွယ်များ တည်ဆောက်ထားပါ။

၇.၉။   ယုံကြည်မှုနှင့် စိတ်သက်သာရာရမှု မြဲစေရန် လူပုဂ္ဂိုလ်တစ်ဦးတည်းကသာ ဆက်လက် ရှင်သန်သူများနှင့် ရေရှည်ဆောင်ရွက်ခြင်းနှင့် တစ်သမတ်တည်းဆောင်ရွက်ခြင်း ပြုလုပ်ရမည်။

၇.၁၀။ မိမိဖြစ်စေ၊ မိမိတို့၏အလုပ်အဖွဲ့အပေါ်ဖြစ်စေ၊ အခြားသောအကျိုးသက်ရောက်ခံစား ရသူများအပေါ်ဖြစ်စေ ဆောင်ရွက်သောလုပ်ငန်း၏ ဆိုးကျိုးသက်ရောက်မှုများကို လျော့ချ‌ရေးနိုင်ရေးအတွက် တစ်ဆင့်ခံစိတ်ဒဏ်ရာ ဖြစ်နိုင်ခြေအန္တရာယ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားပါ။
 

အခြေခံမူ (၈) အခြားသတင်းအရင်းအမြစ်များမှ အချက်အလက်ကောက်ယူပါ။

၈.၁။   ဆက်လက်ရှင်သန်သူများထံမှရယူထားခြင်းမဟုတ်သည့် သို့မဟုတ် ဆက်လက်ရှင်သန် သူများအကြောင်းမဟုတ်သည့် SCRSV အချက်အလက်များကိုရှာဖွေပါ။

၈.၂။    တဆင့်ခံသတင်းအချက်အလက်များ အသုံးပြုပါ။

၈.၃။   တဆင့်ခံအချက်အလက်များနှင့် စပ်လျဉ်းသည့် အခွင့်အရေးများနှင့်  ဖြစ်နိုင်ခြေအန္တရာယ် များကို နားလည် လက်ခံပါ။

၈.၄။   ဆက်လက်ရှင်သန်သူများ၏ ရည်ရွယ်ချက်ကို စိစစ်အတည်ပြုပါ။  

၈.၅။   လူသားချင်းစာနာမှု ဝန်ဆောင်မှုများပေါ် ထားရှိသောယုံကြည်မှုကို မထိခိုက်ပါစေနှင့်။
 
 

အခြေခံမူ (၉) အချိန်ယူပါ။ ကိုယ်ပိုင်လွတ်လပ်မှုရှိသောနေရာ ဖန်တီးပါ။

၉.၁။   အသက် ရှင်သန်ကျန်ရစ်သူက ၎င်း၏အကြောင်းကို  ၎င်းဆန္ဒရှိသည့်ပုံစံအတိုင်း ပြောခွင့်ရအောင် အဆင်သင့်ရှိပါစေ။ ကျွန်ုပ်တို့သည် ဤသို့သော စိတ်နေသဘောထား မရှိထားသောအချိန်တွင် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်မဟုတ်ပါ။

၉.၂။    အချိန်ကြောင့် ဖိအားဖြစ်စေမှုများကို လျော့ချပါ။ အလျင်စလိုဆောင်ရွက်ခြင်းနည်းတူ အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံခြင်းသည်လည်း ဖိအားပေးခြင်းတမျိုး ဖြစ်နိုင်ကြောင်းနှင့် ဆက်လက်ရှင်သန်သူများအတွက်၊ အထူးသဖြင့် ကလေးသူငယ်များအတွက် စိတ်မသက်မသာဖြစ်စေသည်။

၉.၃။   ရုပ်ပိုင်းနှင့် စိတ် ပိုင်းဆိုင်ရာ လုံခြုံမှုရှိသည့် အားပေးကူညီမှုရှိသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပါ။

၉.၄။ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ရှိအောင် အခိုင်အမာဆောင်ရွက်ပါ။

၉.၅။   အင်တာဗျူးပြုလုပ်ရာတွင် ရှိနေမည့် လူဦးရေကို တတ်နိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်။ အင်တာဗျူးတစ်ခုတွင် ဆက်လက်ရှင်သန်သူများဘက်က မည်သူများကို ပါဝင်စေလိုကြောင်းနှင့် အဖွဲ့အစည်းမှ မည်သူများ ပါဝင်နိုင်ခြေရှိကြောင်း နှင့်ပတ်သက်၍ ဆက်လက်ရှင်သန်သူများနှင့် ကြိုတင်ဆွေးနွေးတိုင်ပင်ရမည်။

၉.၆။   အရေအတွက်ထက် လုံခြုံရေးနှင့်အရည်အသွေးကို ဦးစားပေးပါ။

၉.၇။   ကြန့်ကြာသော၊ တစ်ပိုင်းတစ်စဖြစ်သော ဖွင့်ဟပြောဆိုမှုများကို နားလည်မှုပေးပါ။ စိတ်ဒဏ်ရာ၊ မှတ်ဉာဏ်၊ လူမှုရေးအရနှိမ့်ချဆက်ဆံမှု၊ ကြောက်ရွံ့မှု၊ ဖိအား၊ ယဉ်ကျေးမှု၊ မေးခွန်းများ၊ ဘာသာပြန်ဆိုမှုများနှင့် ပြောကြားချက်များအပေါ်နားထောင်သူ၏ရှုမြင်ပုံ စသည့်အကြောင်းတရားများကြောင့် သဘာဝအလျောက် ရှေ့နောက်မညီသည့် ထွက်ဆိုပြောကြားမှုများ ဖြစ်ပေါ်နိုင်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုပါသည်။
 

အခြေခံမူ (၁၀) လေးစားမှုနှင့် လုံခြုံမှုရှိ‌သော ထိတွေ့ဆက်ဆံမှုဖြစ်စေရန် အခိုင်အမာ ဆောင်ရွက်ပါ။

၁၀.၁။ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှု၊ ပုဂ္ဂိုလ်ရေးလွတ်လပ်မှု၊ ဆက်လက်ရှင်သန်သူများ၏ လိုအပ်ချက်များနှင့် ကျန်းမာအဆင်ပြေမှုနဲ့ ပတ်သက်ပြီး အမြဲတမ်းဆန်းစစ်ပါ။ သတိရှိပါ။

၁၀.၂။ စိတ်ဒဏ်ရာအကြောင်း ထည့်သွင်းစဉ်းစား၍ ဆောင်ရွက်ပါ။ 

၁၀.၃။ ကိုယ်ပိုင်သီးသန့်နေထိုင်ခွင့်ကို လေးစားပါ။

၁၀.၄။ ဘေးကင်းလုံခြုံသည့် အင်တာဗျူးလုပ်ငန်းစဉ်ဖြစ်အောင် ဖန်တီးပါ။

၁၀.၅။ ဆက်လက်ရှင်သန်သူများအား ၎င်းတို့၏ဇာတ်ကြောင်းကို ၎င်းတို့စိတ်ကြိုက်ပုံစံဖြင့် ပြောခွင့်ပေးပါ။

၁၀.၆။ အဖွင့်မေးခွန်းများမေးပါ။  

၁၀.၇။ SCRSV နှင့်ပတ်သက်သော ဆက်စပ်အခြေအနေကို နားလည်ပါ။

၁၀.၈။ မလိုအပ်ပါက မမေးပါနှင့်။
 
ဆက်လက်ရှင်သန်သူအတွက် လိုအပ်နိုင်မည့် အစီအမံများ

၁။ လုံခြုံရေး

ဂျန်ဒါရေးရာ အခြေပြုအကြမ်းဖက်မှုများတွင် ပထမဦးဆုံး ထည့်သွင်းစဉ်းစားပေးရမည့် အချက်မှာ အမျိုးသမီးနှင့် သူမ၏ကလေးသူငယ်များအတွက် ဘေးကင်းလုံခြုံမှု ဖြစ်သည်။ များသောအားဖြင့် ဆက်လက်ရှင်သန်သူများသည် ဘေးကင်းလုံခြုံမှုမရှိဟု ခံစားနေကြရပြီး ထိခိုက်နာကျင်မှုများ ခံစားနေကြရသော်လည်း ရှောင်ရှားနိုင်ရန်အတွက် ဘေးကင်းလုံခြုံသည့်နေရာ ရှိမနေကြပါ။ ဆက်လက်ရှင်သန် နေသူများ၏ ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်ပေးရန်မှာ အရေးကြီးသည်။

ဆက်လက်ရှင်သန်သူ တစ်ဦးအတွက် ဘေးကင်းလုံခြုံမှုမရှိပါက အခြားမိသားစုဝင်များ၊ သူငယ်ချင်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ သို့မဟုတ် ဘာသာရေးကို အခြေခံသည့် အဖွဲ့အစည်းများအစရှိသော ဘေးကင်းလုံခြုံမှုပေးနိုင်သော နေရာတစ်ခုသို့ ရှောင်ရှားနိုင်ရန် ဆွေးနွေးတိုင်ပင် ပေးသင့်သည်။

ဆက်လက်ရှင်သန်သူများအတွက် အကြမ်းဖက်သူနှင့် ဝေးကွာနေစေရန်၊ ဘေးကင်းလုံခြုံမှု ရရှိစေရန်နှင့် လိုအပ်သော ဝန်ဆောင်မှုများ ရရှိနိုင်ရန် အထောက်အပံ့များ လိုအပ်သည်။ ၎င်းအတွက် ရေရှည်တွင် ဥပဒေနှင့် လူမှုဝန်ဆောင်မှု လုပ်ငန်းစဉ်များ၏ ရလဒ်အသေးစိတ်များအပြင် ထောက်ပံ့ပေးမှုအားလုံးကို မှတ်သားထားရန် စီမံခန့်ခွဲမှုဖိုင်တစ်ခုလိုအပ်သည်။


၂။ အမှုတွဲစီမံခန့်ခွဲမှု

လုပ်ငန်းစဉ်အတွင်းတွင် ဆက်လက်ရှင်သန်သူများမှ ၎င်းတို့ ကျူးလွန်ခံခဲ့ရသော အကြမ်းဖက်မှုများကို ရဲသို့ တိုင်ကြားလိုခြင်း ရှိ၊ မရှိ (မတိုင်ကြားဘဲ နှုတ်ဆိတ်နေရန် ဖိအားပေးခြင်း မပြုလုပ်သင့်ပါ) ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ခြင်း ရှိမရှိ သို့မဟုတ် နေရာထိုင်ခင်း လိုအပ်မှု ရှိ၊ မရှိ စသည်တို့ကို ဂရုပြု၍ မေးမြန်းရန် လိုအပ်သည်။ အကယ်၍ ဆက်လက်ရှင်သန်သူများမှ အကြမ်းဖက်ခံရမှုများအတွက် တရားဥပဒေလမ်းကြောင်းအရ တရားမျှတမှုရရှိရန် ကြိုးပမ်းလိုပါက ရဲစခန်းအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများထံတွင် တိုင်ကြား အမှုဖွင့်ရမည်။

ဝန်ဆောင်မှုများသည် အမျိုးသမီး၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန် လိုအပ်ပြီး အခြားသူများက သူမအတွက် လိုအပ်မည် ထင်သည်တို့ကို ဆောင်ရွက်ပေးရန် မဟုတ်ပါ။ ပထမဆုံး ဆက်သွယ်လာချိန်တွင် ကနဦး စစ်ဆေးမှုများပြုလုပ်ပြီးနောက် အဦးဆုံးထည့်သွင်းစဉ်းစား သင့်သည်မှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ရှိနေပါက ကုသမှုပေးရန် ဖြစ်သည်။
 

၃။ အရေးပေါ်ဆေးကုသမှုလိုအပ်ချက်ကို လက်လှမ်းမီနိုင်မှု

အမျိုးသမီးသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရပါက မလိုလားအပ်သော ကိုယ်ဝန်ဆောင်မှုမရှိစေရန် သို့မဟုတ် လိင်မှတဆင့် ကူးစက်သည့်ရောဂါများ မရရှိစေရန်အတွက် အရေးပေါ်ဆေးကုသမှုပြုလုပ်ရန် လိုအပ်သကဲ့သို့ ဥပဒေလုပ်ငန်းစဉ်များ (လိုအပ်ပါက) အတွက် သက်သေများ စုဆောင်းရန် မှုခင်းဆေးပညာရှင်၏ စစ်ဆေးခြင်းတို့ လိုအပ်သည်။

သင့်လျော်သော ကုသမှုများကို အချိန်မီမရရှိခဲ့ပါက စိတ်ဒဏ်ရာများ၏ နောက်ဆက်တွဲဖြစ်သော စိတ်ကစဉ့်ကလျားဖြစ်မှု (PTSD) အပြင် ကာလကြာရှည်စွာ ထိခိုက်ခံစားနေရမည့် ကျန်းမာရေး နောက်ဆက်တွဲပြဿနာများကို ခံစားရနိုင်ပါသည်။

          ဆက်လက်ရှင်သန်သူအများစုသည် အမျိုးသမီးများဖြစ်သည့်အတွက် သည်းညည်းခံရန် သို့မဟုတ် ကြံ့ကြံ့ခံရန် ကြိုးစားလေ့ရှိပါသည်၊ သို့မဟုတ် သူတို့အနေဖြင့်အကြမ်းဖက်ခံရရန် လှုံ့ဆော်ခဲ့သည် သို့မဟုတ် အကြမ်းဖက်ခံရရန် ထိုက်တန်သည်ဟုလည်း ကိုယ့်ကိုကိုယ် အပြစ်တင်လေ့ရှိပါသည်။

အကြမ်းဖက်ခံရသူ အမျိုးသမီးတို့သည် အကြမ်းဖက်မှုသံသရာကို ဆက်လက်လည်ပတ်စေပြီး အမျိုးသမီးများသာမက သူတို့၏ကလေးသူငယ်များ၏ ဘဝကောင်းကျိုး ကိုပါ သက်ရောက်မှုရှိသည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။ ဆက်လက်ရှင်သန်သူများ လိုအပ်သည်မှာ သူတို့၏အမှားကြောင့် မဟုတ်ကြောင်း အတည်ပြုပေးခြင်း ဖြစ်ပါသည်။

“ဆက်လက်ရှင်သန်သူများ လိုအပ်သည်မှာ သူတို့၏အမှားကြောင့် မဟုတ်ကြောင်း အတည်ပြုပေးခြင်း ဖြစ်ပါသည်”


၄။ စိတ်ခံစားမှုပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု

သူစိမ်းများအား အကြမ်းဖက်မှုကို တိုင်ကြားရန်ဆိုသည့်အရာမှာ မြန်မာနိုင်ငံရှိ လူမှုစံနှုန်း သတ်မှတ်ချက်များကြောင့် အလွန်ခက်ခဲပြီး  ဆက်လက်ရှင်သန်သူတစ်ဦးမှ ဆုံးဖြတ်ပြီးပါက ထိုအမျိုးသမီး၏ သီးသန့်လိုအပ်ချက်အတိုင်း စိတ်ခံစားမှုပိုင်းဆိုင်ရာ အထောက်အကူများ ပေးသင့်ပါသည်။

သူမသည် အပြစ်တင်ထိုက်ခံရမည့်သူ မဟုတ်ကြောင်းနှင့် အကြမ်းဖက်မှုခံရပြီး နောက်ပိုင်း တွင် ထောက်ပံ့မှုနှင့် အကူအညီပေးမှုကို ရထိုက်ကြောင်းကိုလည်း စိတ်ခံစားမှုပိုင်းဆိုင်ရာ ထောက်ပံ့ ပေးမှုမှတဆင့် ဆက်လက်လုပ်ဆောင်ရမည်။ အကြမ်းဖက်သူ/ကျူးလွန်သူသည် ၎င်းကျူးလွန်သည့် အမှားများ ပြစ်မှုများကို တာဝန်ခံရမည်ဖြစ်ပြီးအပြစ်ပေးမှုခံရမည်ဟု အမျိုးသမီးအနေဖြင့် သေချာစွာသိရှိစေရမည်။

          အများအားဖြင့် ဆက်လက်ရှင်သန်သူများ၊ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှု (DV) ခု ဆက်လက်ရှင်သန်သူများသည် သူတို့၏ လက်တွဲဖော်များအပေါ်တွင် ငွေကြေးအရ မှီခိုနေကြရပြီး အကြမ်းဖက်သူထံမှ လွတ်မြောက်လာလျှင်ပင် သူတို့၏ ဘဝရှင်သန်ရေး အတွက် ထောက်ပံ့နိုင်သော နည်းလမ်းများ ရှိမနေပါ။ ဆက်လက်ရှင်သန်သူများအတွက် အကြမ်းဖက်သူထံမှ ဝေးသွားလျှင် လည်း အမှီအခိုကင်းစွာ ရပ်တည်နိုင်ရန် နည်းလမ်းများ လိုအပ်သည်။
 

၅။ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်မှု

ဆက်လက်ရှင်သန်သူများသည် ထွက်ပြေးလွတ်မြောက်ရန် ဆုံးဖြတ်သည့်အခါ သူမ အတွက် အရေးပေါ် နားခိုရာနေရာ/ဘေးကင်းလုံခြုံသည့်နေရာ၊ ကျန်းမာရေးဝန်ဆောင်မှုများ သို့မဟုတ် သူမ၏ ကလေးငယ်များအတွက် စောင့်ရှောက်မှု၊ အစားအသောက်/အဝတ်အထည်နှင့် အခြားသော လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ လိုအပ်နိုင်ပါသည်။

ဘေးကင်းလုံခြုံသည့်အိမ်/ နားခိုရာနေရာများသည် စိတ်ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုကို ပေးအပ်နိုင်ရုံသာမက ဆက်လက်ရှင်သန်သူများသည် ကူညီစောင့်ရှောက်မှုများမှ ရှေ့ဆက်လှမ်းနိုင်ပြီဆိုသည်နှင့် စီးပွားရေးအရ အမှီအခိုကင်းနိုင်ရန် သက်မွေး/ပညာရေး ထောက်ပံ့မှုတို့ကိုလည်း ပေးအပ်သင့်သည်။

ဆက်လက်ရှင်သန်သူတစ်ဦးမှ အရေးယူမှုပြုရန် ဆုံးဖြတ်လိုက်သည်နှင့် အကြမ်းဖက်သူကို သူမဆန္ဒအလျောက် တရားစွဲဆိုနိုင်ရန်အတွက် ရရှိနိုင်သော ဥပဒေထောက်ပံ့မှုများအကြောင်း သတင်းအချက်အလက်များ ရယူနိုင်ခွင့် ရှိသင့်သည်။

          အချို့သော ဆက်လက်ရှင်သန်သူများသည် သူတို့အား အကြမ်းဖက်သူခင်ပွန်းကို ကွာရှင်းပြတ်စဲရန် ဆုံးဖြတ်နိုင်သောကြောင့် ယင်းသို့ပြုလုပ်ရန်အတွက် တရားရုံးသို့ ဥပဒေဆိုင်ရာ ဆောင်ရွက်မှုများပြုလုပ်ရန် သွားရောက်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်မှုသည် အထူးသဖြင့် ဥပဒေအတိုင်း လက်ထပ်ထားခြင်း မဟုတ်သောသူများ သို့မဟုတ် ဘာသာမတူဘဲ လက်ထပ် ထားသောသူများအတွက် လွယ်ကူသော ဆောင်ရွက်မှုတစ်ခုမဟုတ်ပါ။
 
​
၆။ လူမှုအသိုက်အမြုံအတွင်းသို့ ပြန်လည်ပေါင်းစည်း ရပ်တည်နိုင်အောင် ထောက်ပံ့ပေးခြင်း

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင် ဆက်လက်ရှင်သန်သူတစ်ဦးသည် အမှုအတွက် ဥပဒေရေးရာ အထောက်အကူလိုအပ်နေပြီး တရားရုံးလုပ်ငန်း အဆင့်တိုင်းတွင် အထောက်အပံ့များ လိုအပ်ပါသည်။ အထူးသဖြင့် ဆက်လက်ရှင်သန်သူသည် ကလေးငယ်ဖြစ်လျှင် သူမအပေါ် နောက်ထပ် နာကျင်ထိခိုက်စေမှုများမှ ကာကွယ်ပေးရန်နှင့် သူမ၏ဂုဏ်သတင်းအတွက် လျှို့ဝှက်ထိန်းသိမ်းပေးထားရန်ကို အထူးဂရုပြုရမည် ဖြစ်ပါသည်။

ဆက်လက်ရှင်သန်သူများကို ဘေးကင်းလုံခြုံသည့်နေရာတွင် အကာအကွယ်ပေးထားစဉ် သူမ၏ မူလအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် သို့မဟုတ် မူလအိမ်သို့ ပြန်ရန်မဖြစ်နိုင်ပါက နေရာအသစ်တစ်စုသို့ ပြောင်းရွှေ့နိုင်ရန် ပြန်လည်ပေါင်းစည်းပေးခြင်း အစီအစဉ်ကို အမှုကိစ္စ စီမံဆောင်ရွက်သူမှ စဉ်းစားထားရန် လိုအပ်သည်။ ဘေးကင်းလုံခြုံမှုအတွက် ထည့်သွင်းစဉ်းစားခြင်းသည် အလွန်အရေးကြီးပါသည်။

ဆက်လက်ရှင်သန်သူတစ်ဦးတွင် ပညာရေးဆည်းပူးရန်လိုအပ်သော ကလေးငယ်ရှိနေလျှင် ပညာရေးကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မရှိမဖြစ် အရေးကြီးပါသည်။ သက်မွေးမှုသင်တန်း သို့မဟုတ် အလုပ်အကိုင်ရရှိမှု/ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများသည် ဆက်လက်ရှင်သန်သူများကို စီးပွားရေးအရ အမှီအခိုကင်းရန်နှင့် မိမိကိုယ်ကို တန်ဖိုးထားခြင်းကို တိုးမြှင့်ရန်အတွက် မရှိမဖြစ်လိုအပ်သည်။
 

၇။ ဖော်ထုတ်ပြောကြားခြင်း

“ဂျန်ဒါအခြေပြု အကြမ်းဖက်မှုသည် အမျိုးသမီးများကိုသာမက LGBT+ နှင့် အမျိုးသားများ ကိုပါ ချိန်းခြောက်နေသော အကြမ်းဖက်မှု ဖြစ်သည်”

အကြမ်းဖက်ခံရသူအများစုသည် ကျူးလွန်သူကိုမှီခိုနေရခြင်း၊ ကျူးလွန်သူက အာဏာရှိခြင်း၊ ကျူးလွန်သူသည် ဂုဏ်သရေရှိလူကြီးလူကောင်းဖြစ်ခြင်းဆိုသည့် အကာအကွယ်ကို ရယူထားခြင်း ကြောင့် ဖော်ထုတ်ပြောဆိုရန် ဝန်လေးတက်ကြသည်။ ကျူးလွန်သူ၏ အသိုင်းအဝိုင်းအနေဖြင့်လည်း ထိုသူက ထိုကဲ့သို့ပြုမူမှုမျိုးမရှိလောက်ဘူး သကဲ့သို့သော ကျူးလွန်သူအား အကာအကွယ်ပေးသည့် မှတ်ချက်များနှင့် စကားလုံးများသည် ဆက်လက်ကျန်ရှိသူအမျိုးသမီးအတွက် ဖော်ထုတ်ပြောဆိုရန် အတားအဆီးတစ်ခုဖြစ်သည်။

ဒါ့အပြင် ထိုအကြမ်းဖက်မှုကို ထုတ်ဖော်ပြောဆိုလိုက်ပါလျှင်လည်း ဆက်လက်ကျန်ရှိသူ အမျိုးသမီးအား ဝေဖန်ပြစ်တင်ခြင်း၊ ကဲ့ရဲ့ရှုံချခြင်းတို့ကို ပြုလုပ်ကြသည့်အတွက် ထုတ်ဖော်ပြောဆိုရန် အဟန့်အတား ဖြစ်စေပါသည်။
 
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုသည် အမျိုးသမီးများကိုသာမက LGBT+ နှင့် အမျိုးသားများ ကိုပါ ချိန်းခြောက်နေသော အကြမ်းဖက်မှု ဖြစ်သည်။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုအတွက် တရားမျှတမှု ရရှိအောင်ဆောင်ရွက်ခြင်းသည် ကျူးလွန်သူများကို ဥပဒေအရ ထိုက်သင့်သည့် အပြစ်ဒဏ် ချမှတ်နိုင်ရုံမျှသာမကဘဲ ဆက်လက်ရှင်သန်သူများနှင့် ဆက်စပ်မိသားစုဝင်များအတွက် လူမှုအသိုက်အမြုံအတွင်း ခွဲခြားဆက်ဆံမရှိဘဲ လုံခြုံဘေးကင်းစွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန် လိုအပ်သည့် ယာယီ၊ ရေတို၊ ရေရှည်အထောက်အပံ့နှင့် ပံ့ပိုးကူညီမှုများကို အစိုးရအဖွဲ့အစည်းများအပါအဝင် အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများမှ လုပ်ဆောင်ပေးရန် အရေးကြီးပါသည်။

          လက်ရှိတော်လှန်ရေးကာကတွင် အိမ်တွင်းအကြမ်းဖက်မှုများ၊ ပဋိပက္ခနှင့် ဆက်နွယ်မှုရှိသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ မုဒိမ်းမှုများ နှင့် အခြားဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ မြှင့်တက် လာခြင်းသည် လူ့အခွင့်အရေး ပိုမိုချိုးဖောက်ခံနေရကြောင်း ညွှန်ပြနေသည်။ လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်သော နိုင်ရေးစနစ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် ဂျန်ဒါအခြေပြု အကြမ်းဖက်များကိုလျော့ချနိုင်ရန်နှင့် ကာကွယ်ပေးနိုင်ရန် အရေးကြီးသည်။ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု ကိုအလေးထားသော လူသားတိုင်းအတွက် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုသည် ရှက်ဖွယ်ပင် ဖြစ်သည်။ 

“တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို အလေးထားသော လူသားတိုင်းအတွက် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုသည် ရှက်ဖွယ်ပင် ဖြစ်သည်”


​အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
0 Comments

5/6/2025 0 Comments

ဆက်လက်ရှင်သန်သူတစ်ယောက်ရဲ့ အကျည်းတန်အိပ်မက်များ

Picture

ရေးသားသူ- ထိပ်ထား

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

နာဂစ်လို့ပြောလိုက်တာနဲ့ ခံစားချက်မကောင်းလှပေ။

မြန်မာလူမျိုးတွေရဲ့ရင်ထဲမှာ နစ်နစ်သီးသီးကို နာကျင်မိကြတဲ့ မုန်တိုင်းတစ်ခုဟာ နာဂစ်ပါ။

မုန်တိုင်းတစ်ခုက လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေကို ဖျက်ဆီးဝါးမြိုခဲ့တယ်။ အဲဒီ နာဂစ်ဆိုတဲ့ နာမည်ကိုကြားလိုက်တာနဲ့ အခြားသောသူများထက် ပိုပြီးကြောက်ရွံ့မိတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ ၁၄ နှစ်ကျော်ကြာတဲ့အထိ ဖွင့်ဟမပြောနိုင်ခဲ့တဲ့ အမျိုးသမီးငယ် တစ်ယောက်ရဲ့ ဖြစ်ရပ်ဆိုးကြီးလို့ ပြောရမှာပါ။

နာဂစ်တိုက်တဲ့နေ့ ညကမိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ  လူမသိ သူမသိ မုန်တိုင်းထဲ လူးကာလှိမ့်ကာ အိပ်မက်ဆိုးကို ဖြတ်သန်းခဲ့ရသူတစ်ယောက်။ လူအများနည်းတူ အသက်ဘေးနဲ့ ရင်ဆိုင်နေရချိန်မှာပဲ အရှက်ဘေး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ နာမည်က "ချစ်ပန်း" တဲ့။

"နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည်။ မုန်တိုင်းသည် မြန်မာနိုင်ငံကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် စတင်ဝင်ရောက်လာခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ခဲ့ကာ ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူပေါင်း တစ်သိန်းသုံးသောင်းရှစ်ထောင်ခန့် (၁၃၈,၀၀၀ ခန့်) သေဆုံးခဲ့ကြရသည်။ လပွတ္တာမြို့နယ် တစ်ခုတည်းမှာပင် ၈၀,၀၀၀ ခန့်သေဆုံးခဲ့ပြီး ဘိုကလေးမြို့တွင် ၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ) ကျော် ဖြစ်ကာ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ပျက်စီးဆုံးရှုံးမှုအများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။"

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့… အဲဒီ့နေ့က အမျိုးသမီးငယ်တစ်ယောက်ဟာ ရုံးဆင်းပြီး အိမ်ပြန်လာခဲ့ချိန် မုန်တိုင်းဘေးက ရှင်သန်ခွင့်ရဖို့သာ ကြိုးစားမိခဲ့လို့ ထိုတစ်ညတည်းမှာတင် အမျိုးသား ၈ ဦးရဲ့ အဓ္ဓမပြုကျင့်ခြင်းကို ခံခဲ့ရသူပါ။

သူမဟာ အခုဆိုရင် အသက် ၃၀ အရွယ်ဝန်းကျင် လူလတ်ပိုင်းအမျိုးသမီးအရွယ် ဆက်လက်ရှင်သန်သူတစ်ယောက်ပါဖြစ်ပါတယ်။

သဘာဝဘေးအန္ထရာယ်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြတဲ့ ကမ္ဘာကြီးမှာ မြန်မာနိုင်ငံကတော့ "သာမန်" မုန်တိုင်းသတိပေးချက်လောက် ထုတ်ပြန်ခဲ့တာမို့ ပျက်ဆီးဆုံးရှုံးမှုတွေကြီးမားခဲ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပြန်ပြောရရင် အဲဒီအချိန်က အခုအာဏာလုထားတဲ့ စစ်တပ် အုပ်ချုပ်နေချိန်ပါပဲ။
သာမာန် မုန်တိုင်းလောက်လို့ ကြိုတင်ခန့်မှန်းသတင်းထုတ်ပြန်ထားတာမို့ လေပြင်းထဲ ဆော့ကစားသလိုသဘောပိုက် အိမ်ပြန်လာသူ မိန်းကလေးတစ်ယောက်ရဲ့ အိမ်ပြန်မရောက်တဲ့ အကျည်းတန်ရက်စွဲပါ။

အိမ်ပြန်ဖို့အတွက် လိုင်းကားမရခဲ့တော့ ဘတ်စ်ကား ၆ မှတ်တိုင်လောက်ခရီးကို လေပြင်းတွေက ပိုကြမ်း၊ သစ်ကိုင်းတွေကျိုးကျနဲ့ ခရီးဟာ မတွင်လာလေတော့ နီးစပ်ရာမှာ မိုးဝင်ခိုရင်းနဲ့…. အသံ တိမ်ဝင်သွားခဲ့ပါတယ်။
အဲဒီ့ခေတ်အခါက လမ်းဘေးဖုန်း PCO တွေကိုသာ အားကိုးနေရချိန်ဆိုတော့ မုန်တိုင်းထဲမှာ ဘယ်ဖုန်းဆိုင်မှရှိမနေတော့ပါ။ မုန်တိုင်းဆဲမယ့်အချိန်ကိုသာ စောင့်ဆိုင်းရင်းနဲ့ မနက်လင်းသည်အထိ အိမ်ပြန်ဖို့ လမ်းဝေးနေခဲ့ပါတယ်တဲ့။

မချစ်ပန်းရဲ့ အိမ်ပြန်ခရီးမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငိုကြွေးခဲ့ရတဲ့ တက်ကြွလန်းဆန်နေတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ဘဝ ပြန်ပါမလာခဲ့ပါဘူး။ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေ ဟာလည်း သဘာဝဘေးအန္တရာယ်ဆိုတဲ့ အပူမီးလောင်မြိုက်နေချိန်ပါ။ ဘယ်ကိုတိုင်တည်ရမှန်း မသိတဲ့ အခြေအနေတစ်ခုမှာ တိတ်ဆိတ်ခြင်းဆိုတဲ့ အဖြေတစ်ခုကိုပဲ သူမ ရှာတွေ့ခဲ့ပါတယ်။

"ကျွန်မ မုန်တိုင်းထဲမှာ သေသွားခဲ့ဖို့ကောင်းခဲ့တာ"

ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ရှက်ရွံနေမိသလို၊ အပြစ်တင်တဲ့စိတ်နဲ့ ကာလအတော်ကြာ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လောက်နှစ်တွေကြာကြာ သေရာပါပါတဲ့။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအာဏာသိမ်းဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာရတဲ့ လူတွေထဲမှာ မချစ်ပန်းလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တော်လှန်ရေးထဲ ပါဝင်လာကြသူတွေထဲမှာ မချစ်ပန်းလိုပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့ခဲ့ရသူတွေ ရှိကြသလို ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာပြီးမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ထပ်ဆင့်ရင်ဆိုင်ကြုံတွေ့နေရသူတွေလည်း များစွာရှိကြပါတယ်။

"ကျွန်မ ယောကျ်ားက အရင်က ဒီလိုလူမျိုးမဟုတ်ပေမယ့် ဒီဘက်ရောက်ပြီးနောက်ပိုင်းမှာ အများကြီးကိုပြောင်းလဲလာတယ်၊ အဆင်မပြေမှုတွေများနေချိန် လိင်စိတ်ဆန္ဒရှိလာရင် သူစိမ်းယောကျ်ားတယောက်လိုပဲ ကျွန်မကို ဆက်ဆံတယ်"

အသက် ၄၀ အရွယ်ဖြစ်နေပြီဖြစ်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ရဲ့ စကားဝိုင်း တစ်ခုမှာ ရင်ဖွင့်တိုင်ပင်ခဲ့တာပါ။ ကွဲဖို့ကွာဖို့မှာလည်း ဝင်ငွေရှာဖွေရေးအရ မှီခိုနေရတဲ့အခြေအနေ၊ သားသမီးတွေမျက်နှာ၊ ကာကွယ်ပေးမယ့်ဥပဒေစသဖြင့် အကြောင်းပြချက်မျိုးစုံဟာ နေရပ်စွန့်ခွာ လာသူ အမျိုးသမီးတွေထဲမှာ  "မချစ်ပန်း" လို ရွေးချယ်မှုတစ်ခုဆီကိုပဲ ဦးတည်လို့နေခဲ့တာပါ။

မြန်မာ့လူမှုအသိုက်အဝန်းဟာ အမျိုးသမီးတစ်ယောက် အိမ်တွင်းအကြမ်းဖက် ခံရတယ်ဆိုရင် ခံသင့်လို့ ခံရတာလို့ ကျူးလွန်သူကို အားပေးကြပါတယ်။ အနိုင်ကျင့်စော်ကားခံရတယ်ဆိုရင်လည်း ကြားသုံးကြား မဝင်ကောင်းဘူးဆိုတဲ့ စကားနဲ့ အမျိုးသမီးတွေကို အကာအကွယ်မပေးကြပါဘူး။ နောက်ဆုံး မုဒိမ်းကျင့်ခံရရင်တောင်မှ အမျိုးသမီးဘက်က အနေမတတ်လို့၊ ဝတ်စားဆင်ယင်မှု ကြောင့်တို့ စသဖြင့် တရားခံအားပေး စိတ်ဓါတ်တွေနဲ့ အမျိုးသမီးတွေကို သမိုင်းနဲ့ချီပြီး ဖိနှိပ်လာ ကြတယ်လို့ ပြောရမှာပါ။

စနစ်တစ်ခု၊ ခေတ်တစ်ခုကို တော်လှန်နေကြပါတယ်ဆိုတဲ့ အသိုင်းအဝိုင်းမှာတောင် ယနေ့ထက်တိုင် အရိုးစွဲလာတဲ့အမြင်တွေနဲ့ အမျိုးသမီးတွေဟာ ဘောင်ခတ်ခံထားရဆဲဖြစ်ပါတယ်။

တော်လှန်ရေးကာလနောက်ပိုင်းမှာ အမျိုးသမီးအရေးလုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ မြင့်တက်လာနေပါတယ်လို့ ထုတ်ပြန်ကြေငြာချက်တွေ တရားဝင်ထုတ်ပြန်ပြီး ပညာပေးမှုတွေလုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။

"ကျွန်မယောကျ်ားရဲ့အနိုင်ကျင့် နှိပ်စက်မှုကိုမခံနိုင်လို့ ကွာရှင်းပေးဖို့ အကူအညီတောင်း ပေမယ့် ကျွန်မတို့လို နေရပ်စွန့်ခွာလာသူတွေအတွက် ကွာရှင်းပေးဖို့နေရာမရှိဘူး"

အိမ်တွင်းအကြမ်းဖက်မှု၊ ကျားမ အခြေပြုအကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတစ်ယောက်က သူမကို နှိပ်စက်နေတဲ့ အမျိုးသားလက်က ထွက်ပြေးဖို့နေရာ မရှိခဲ့ကြောင်းကို ပြောပြပါတယ်။

"လင်မယားလို အတူတူနေချင်လာရင် ပတ်ရမ်းပြီး ပြဿနာမျိုးစုံရှာတော့တာပဲ၊ သားသမီး အရှေ့မှာလည်း မရှောင်ဘူး" လို့ဆိုပါတယ်။

သူမဟာ မဲဆောက်မြို့မှာပဲ တိမ်းရှောင်ထွက်ပြေးနေထိုင်နေရပြီး အမှတ်မထင်လို့ သူမအမျိုးသားနဲ့လမ်းသွားရင်ဆုံခဲ့ရင် တွေ့ရာနေရာမှာ ရိုက်နှက်ခံရသေးပါတယ်။ ဒီလောက် အနှိပ်စက်ခံနေရလည်း ကူညီပေးမယ်သူမရှိခဲ့ဘူးလို့ ဆိုပါတယ်။

NUG တရားရေးအနေနဲ့ မြန်မာအမျိုးသမီးတွေအပေါ် ကျားမအခြေပြု အကြမ်းဖက်မှုတွေကို ကူညီဆောင်ရွက်ပေးနိုင်မှုဟာလည်း သိပ်အားတက်စရာမရှိတဲ့ အခြေအနေတစ်ခုပါ။

ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးအဖွဲ့တစ်ခုဖြစ်တဲ့ Global Aims က မြန်မာနိုင်ငံမှာ လက်ထပ် ထိမ်းမြားလာတဲ့ ဇနီးမောင်နှံတွေကို ထိုင်းနိုင်ငံတရားရုံးတွေမှာ ကွာရှင်းဖို့ လုပ်ဆောင်ပေးခြင်း မရှိဘူးလို့ ပြောပါတယ်။ အထူးသဖြင့် တရားဝင်အထောက်အထား မရှိခြင်းဟာလည်း အမှုဖွင့်ဖို့ အတွက် ခက်ခဲစေတဲ့ အချက်ထဲက တစ်ခုဖြစ်လို့နေပါတယ်။

"မီးမီးက ဘဝအပျက်မခံနိုင်တော့ သူများ နှိပ်စက်တာပဲ ခံနေရတာပေါ့"
တရားဝင်အထောက်အထားမရှိတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ စကားသံပါ။

နှိပ်စက်နေတဲ့ အမျိုးသမီးမှန်းသိရက်နဲ့ ဆွေမရှိ မျိုးမရှိအခြေအနေ၊ မြန်မာပြည်ပြန်ဖို့ကလည်း နိုင်ငံရေးအခြေအနေကြောင့် မဖြစ်နိုင်တဲ့အခြေအနေမှာ ထိုင်းနိုင်ငံနယ်စပ်မှာ နှိပ်စက်ခံနေရပါတယ် လို့ ဖွင့်ဟပြောခဲ့တာပါ။ ကိုယ်ဝန်ပျက်ကျစေတဲ့အထိကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးဖြစ်ပါတယ်။ ကူရာကယ်ရာ မဲ့နေတဲ့ အနေအထားမှာ ညနက်သန်းခေါင်မှာ လမ်းမပေါ် ထွက်ပြေးရင်း နှိပ်စက်နေတဲ့အမျိုးသားဆီက ထွက်ပြေးလွတ်မြောက်လာခဲ့သူပါ။

မြန်မာဒီမိုဂရပ်ဖစ်အဖွဲ့အစည်းက ထုတ်ပြန်ချက်အရ အမျိုးသမီး ၇ ဦးတွင် တစ်ဦးက အကြမ်းဖက်ခံနေရပြီး အဓိကအားဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာတွေမက ထိခိုက်ဒဏ်ရာတွေ ပါ ရရှိကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလို စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရပေမယ့် ကျူးလွန်သူတွေဟာ ပြစ်ဒဏ်မခံရဘဲ နစ်နာသူတွေကသာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အနေအထားတွေ ဖြစ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ အရင်ကတည်းက အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်တပ်က လက်နက်အဖြစ်နဲ့ အသုံးပြုတာ နှစ်ကာလ အတော်ကြာခဲ့ပါပြီ။ စစ်တပ်ဟာလည်း သူတို့ကျူးလွန်မှုအတွက် ပြစ်ဒဏ်မခံရဘဲ ကင်လွတ်ခွင့် ရနေကြတယ်လို့ ၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့တဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြက်ဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ ခေတ်အဆက်ဆက်မှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေအောင် အခွင့်ပေးထားကြတဲ့ လူ့အဖွဲ့အစည်းထဲက အမြင်တွေ၊ ဓလေ့ထုံတမ်းတွေ၊ သဘောထားတွေကို ရပ်တန့်ပြစ်ကြဖို့လိုတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက တိုက်တွန်းနေမှုတွေကိုလည်း ခပ်စိပ်စိပ် မြင်တွေ့လာရပါတယ်။

နစ်နာသူ၊ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီးတွေဟာ လူမှုပတ်ဝန်းကျင်မှာ ပြန်လည် ဝင်ရောက်ဖို့အတွက် ကြိုးစားရသလို၊ နစ်နာခံစားခဲ့ရမှုအတွက် တရားမျှတမှု မရှာဖွေနိုင်တဲ့ အခြေအနေတစ်ရပ်ကိုလည်း နာနာကျင်ကျင်နဲ့ ပိုက်ထွေးနေရဆဲဖြစ်ပါတယ်။

တော်လှန်ရေးကာလ အစက သက်ငယ်မုဒိမ်းအမှု လက်သည်ပျောက်နေခဲ့သလို…
၁၄ နှစ်ကြာသွားတဲ့အထိ နာကျင်နေတဲ့အတိတ်နဲ့ ရှင်သန်နေရသူ မချစ်ပန်းလို အမျိုးသမီးတွေ ထပ်မတိုးပွားလာစေဖို့ စိတ်ဆန္ဒဖြင့် တင်ပြလိုက်ပါတယ်။

နစ်နာသူ၊ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီးတွေဟာ လူမှုပတ်ဝန်းကျင်မှာ ပြန်လည် ဝင်ရောက်ဖို့အတွက် ကြိုးစားရသလို၊ နစ်နာခံစားခဲ့ရမှုအတွက် တရားမျှတမှု မရှာဖွေနိုင်တဲ့ အခြေအနေတစ်ရပ်ကိုလည်း နာနာကျင်ကျင်နဲ့ ပိုက်ထွေးနေရဆဲဖြစ်ပါတယ်”
 

အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
0 Comments

5/6/2025 0 Comments

လျစ်လျူရှုမထားသင့်သောတော်လှန်‌ရေးအတွင်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ

Picture

 ရေးသားသူ- လွန်း
 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
 

စစ်အာဏာသိမ်းမှုနှစ်နှစ်အကြာ ၂၀၂၃ ခုနှစ်၊ မေလတွင် ပြည်သူများကို အံ့သြတုန်လှုပ် စေသည့် သတင်းစကားတစ်ခု ပေါ်ထွက်လာခဲ့ပါသည်။ ထိုသတင်းကတော့ မဲဆောက်က သက်ငယ်မုဒိမ်းမှုဆိုသည့်   သတင်းစကားတစ်ခုပင် ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို တွန်းလှန်သည့်ပြည်သူများဟာ စစ်ကောင်စီ၏ဖမ်းဆီးမှုကို ရှောင်တိမ်းရန်အတွက် နယ်စပ်ဒေသများတွင် ခိုလှုံနေထိုင်ရန် အိုးပစ်အိမ်ပစ် ထွက်ခွာခဲ့ကြရသည်။ ထိုသူများထဲတွင်  ရန်ကုန်တက္ကသိုလ် CDM ဆရာမနှင့် သမီးဖြစ်သူတို့လည်း အပါအဝင် ဖြစ်ခဲ့သည်။  စစ်ကောင်စီ၏ ဖမ်းဆီးမှုကိုတိမ်းရှောင်ရန်အတွက် ထိုင်းနယ်စပ်ကို ရွေ့ပြောင်းနေထိုင်ခဲ့ကြသည်။

CDM ဆရာမတို့ငှားနေသည့် အိမ်ခန်းတွဲများဟာ စုပေါင်းရေချိုးခန်း၊ အိမ်သာကို အသုံးပြုကြရသည့် နေရာမျိုးဖြစ်သည်။ သက်ငယ်မုဒိမ်းမှုကျူးလွန်သူဟာ CDM ဆရာမ၏ အသက် (၅) နှစ်အရွယ် သမီးဖြစ်သူကို အများသုံးအိမ်သာတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ ပြုလုပ်ခဲ့သည် ဟု အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားသည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။

ကျူးလွန်သူဟာ တွံ့တေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အလုပ်မှုဆောင် အတွင်း‌‌ရေးမှူးဆိုသူပင် ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး၊ ဝန်ကြီးရုံး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တို့ကို တိုင်ကြားစာပေးပို့ခဲ့သည်။အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများအနေဖြင့် CDM ဆရာမနှင့် သမီးငယ်ကို နေရာပြောင်းရွေ့နေထိုင်စေကာ    စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးထားသည် ဟု ၎င်းတို့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းများက ဆိုပါသည်။

“        ကျူးလွန်သူအများစုဟာ တော်လှန်သူအချင်းချင်းမို့ဆိုသည့် ခေါင်းစဉ်အောက်၊ တော်လှန်ရေးမျက်နှာဖုံးအောက်မှာ အပြစ်ပေးခံရမှုများ အကာအကွယ်ရနေပြီလား ဆိုသည်ကို မေးခွန်းထုတ်သင့်ပါသည်       ”

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအထိ ကျူးလွန်သူဆိုသည့်အမျိုးသားကို ဖမ်းဆီးထားသည်ဆိုသည့် သတင်းအကြောင်းအရာကို မည်သည်ကမှထုတ်ပြန်ထားသည်ကို မတွေ့ရသေးပေ။ အာဏာရှင်၏ ပ‌ယောဂကြောင့် ရေခြားမြေခြားမှာ အတိဒုက္ခတွေကြားရုန်းကန်ရင်း ရှင်သန်နေရသည့် လူမမယ် ကလေးငယ် နှင့်မိခင်ဖြစ်သူတို့ဟာ တစ်ပူပေါ်နှစ်ပူဆင့်အဖြစ်မျိုးနှင့် ကြုံခဲ့ရသည်။ ဖြစ်စဉ်စတင်ချိန် မှာ အမှုမှန်ပေါ်ပေါက်ရန် နှိုးဆော်အသံထွက်ကြပေမယ့် အချိန်ကြာလာသည်နှင့်အမျှ တရားမျှတမှု ရရန် အလှမ်းဝေးနေဆဲဖြစ်သည်။

နောက်ထပ်ဖြစ်စဉ်ကလည်း တော်လှန်ရေးလှုပ်ရှားမှုများအကြားတွက် အထိတ်တလန့် ထပ်မံဖြစ်ခဲ့ရသည်။ တော်လှန်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည့် အမျိုးသမီးငယ်များကို ရဟန်း တစ်ပါးက လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်သည့်ဖြစ်စဉ် ဖြစ်သည်။

ရဟန်းတစ်ပါးက လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်သည့်အပြုအမူများ ကျူးလွန်ခဲ့သည့် အကြောင်း ကာယကံရှင်အမျိုးသမီးများကိုယ်တိုင်က ၂၀၂၃ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဖော်  ပြောဆိုခဲ့သည်။ အမျိုးသမီးငယ်များဟာ ထောက်ပို့တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်ပြီး အဆိုပါဆရာတော်ဆိုသူနှင့် တော်လှန်ရေးအလုပ်၊ အလှူငွေကိစ္စ၊ ထောက်ပို့ကိစ္စများနှင့် ဆက်စပ်ကာ ရင်းနှီးဖြစ်ကြသည်။

ဆရာတော်ဆိုသူက တော်လှန်ရေးနှင့်ပတ်သက်သည့် အလုပ်များကို အကြောင်းပြကာ အမျိုးသမီးငယ်များကို ချည်းကပ်ခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းကတဆင့် လိင်ပိုင်း ဆိုင်ရာထိပါးသည့် စကားလုံးအသုံးအနှုန်း၊ အပြုအမူများဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးငယ်များက ထုတ်ဖော်ပြောဆိုထားသည်။

ထိုကျူးလွန်မှုများကြောင့် အဆိုပါဆရာတော်အနေဖြင့် နစ်နာသူများကို ဝန်ချတောင်းပန်ရန်၊ လူဝတ်လဲရန် အမျိုးသမီးအဖွဲ့အစည်းများ၊ ကျူးလွန်ခံခဲ့ရသူများက ထုတ်ဖော်ဝေဖန်ထားကြ သော်လည်း အဆိုပါဆရာတော်ကတော့ သူပြောတာမဟုတ်ဘဲ အကောင့်တုဟု ဆိုကာ ငြင်းပယ်ထားသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရထံကိုလည်း တိုင်ကြားစာပေးပို့ထားသည်ဟု သိရပါတယ်။

ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုခြင်းခံထားရသူဟာ တော်လှန်ရေးလှုပ်ရှားမှုတွင်  ပါဝင်နေသူဖြစ်သည့်အပြင် သံဃာတစ်ဦးဖြစ်နေသည့်အတွက် အမျိုးသမီးများအနေဖြင့် ထုတ်ဖော်ပြောဆိုရန် အတော်ပင် အားစိုက်ခဲ့ကြရသည်။ ထုတ်ဖော်ပြောဆိုသည့်အခါတွင်လည်း အမျိုးသမီးငယ်များအပေါ် ပြန်လည်အပြစ်တင်ဝေဖန်မှုများဖြင့် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရပါသည်။

လက်တလောဖြစ်ရပ်တခုမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏  နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ နိုင်ငံခြားရေး ကိုယ်စားလှယ်က ရုံးအတွင်းရေးမှူးဖြစ်သူ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုပြုလုပ်ခဲ့သည့် အကြောင်းအရာတခုလည်း ဖြစ်ပွားခဲ့သည်။ ကျူးလွန်ခံရသူအမျိုးသမီးက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တိုင်ကြားခဲ့ပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါအမျိုးသားကို နှုတ်ဖြင့်သတိပေးမှုသာ ပြုလုပ်ခဲ့ပါသည်။

ထိုဖြေရှင်းချက်ကို မကျေနပ်သည့်အတွက်   အဆိုပါအမျိုးသမီးဟာ တရားမျှတမှုရရှိရန်အတွက် ထပ်မံကြိုးစားခဲ့သည်။ ထို့နောက် အဆိုပါကိစ္စကိုဆက်လက်စစ်ဆေးနေပြီး အမှုစစ်ဆေးနေစဉ် ကာလအတွင်း ကျူးလွန်သူဟု တိုင်ကြားခံရသည့်အမျိုးသားကို ရာထူးမှယာယီရပ်ဆိုင်းထားကြောင်း NUG က အသိပေးထုတ်ပြန် ထားသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင် နိုင်ငံရေးခြားရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖြစ်မှ ဆလိုင်းအိုက်ဇင်ခင်အား ထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် တော်လှန်ရေးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များက ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအကြောင်းလည်း ခပ်စိတ်စိတ်ကြားသိခဲ့ရသည်။

အထက်ပါဖြစ်စဉ်များကိုကြည့်ပါက တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေး လှုပ်ရှားမှုများ ဆောင်ရွက်သူများက ကျူးလွန်နေခြင်းဖြစ်သည်။ ကျူးလွန်သူအများစုဟာ တော်လှန်သူအချင်းချင်းမို့ဆိုသည့် ခေါင်းစဉ်အောက်၊ တော်လှန်ရေးမျက်နှာဖုံးအောက်မှာ အပြစ်ပေးခံရမှုများ အကာအကွယ်ရနေပြီလားဆိုသည်ကို မေးခွန်းထုတ်သင့်ပါသည်။

တချိူ့ကလည်း တော်လှန်ရေးကအရေးကြီးလို့ တော်လှန်ရေးပဲအရင်လုပ် ကျန်တာ နောက်မှလုပ်ဆိုသည့်စဉ်းစားချက်များက ကျူးလွန်ခံရသည့်အမျိုးသမီးများအပေါ် မစာနာသည့် စဉ်းစားချက်များသာ ဖြစ်ပါသည်။ တရားမျှတမှုကိုဝိုင်းဝန်းရှာဖွေပေးရမည့်အစား ဘာကြောင့် အနာပေါ်ဆားသိပ်သည့် စဉ်းစားချက်မျိုးကို ပြောထုတ်ရက်ကြပါလိမ့်။

ကျူးလွန်ခံခဲ့ရသည့် ဆက်လက်ရှင်သန်သူများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်မှုတွေကို ဘယ်အရာတွေက ကုစားပေးနိုင်မှာပါလဲ။ ကျူးလွန်သူများကို ထိုက်သင့်သည့်အပြစ်ပေးမှုကသာလျှင် အကောင်းဆုံး အဖြေ ဖြစ်ပါလိမ့်မည်။

ကျူးလွန်ခံရသူများအနေဖြင့်လည်း နှုတ်ဆိတ်မနေရန်၊ ကျူးလွန်သူများကလည်း တော်လှန်ရေးမျက်နှာဖုံးတပ်ကာ အကာအကွယ်မယူရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများက တာဝန်ရှိသူများအနေဖြင့်လည်း ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မပေးရန် အလွန်အရေးကြီးပါသည်။ ထိုမှသာ စစ်အာဏာရှင်နှင့်အတူ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ၊ မတရားမှုများကို တပါထဲတွန်းလှန်နိုင်မှာ ဖြစ်ပေသည်။

“    ကျူးလွန်ခံခဲ့ရသည့် ဆက်လက်ရှင်သန်နေသူများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်မှုတွေကို ဘယ်အရာတွေက ကုစားပေးနိုင်မှာပါလဲ    ”
​
 
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
0 Comments

5/6/2025 0 Comments

CEDAW စာချုပ်ပါအချက်များနှင့် လက်ရှိတော်လှန်ရေးကာလ အမျိုးသမီးအခွင့်အရေးအခြေအနေ

Picture
Picture

ရေးသားသူ- မိုခါး

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။


CEDAW စာချုပ်ဆိုတာ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (Convention on the Elimination of All Forms of Discrimination Against Women – CEDAW) ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တိကျစွာ အကာအကွယ်ပေးနိုင်ဖို့အတွက် ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကတော့ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှာ CEDAW ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။

ထိုစာချုပ်ပါ အခြေခံမူသုံးချက်ကတော့ ခွဲခြားဆက်ဆံမှုမပြုရေး၊ ပြည့်ဝတဲ့တန်းတူညီမျှမှုနဲ့ အစိုးရတွေအနေနဲ့တိကျစွာ လိုက်နာဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်တွေ ဖြစ်ပါတယ်။ စီဒေါစာချုပ် ထဲမှာ အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ ပညာရေး၊ ကျန်းမားရေး၊ စီးပွားရေး၊ နိုင်ငံရေး စတာတွေမှာ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူပါဝင်နိုင်ဖို့ ပြဋ္ဌာန်းထားပြီး လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာတွေကြောင့် အမျိုးသမီးတွေ ခံစားကြုံတွေ့နေရကြရတဲ့ အခြေအနေတွေကို ဖယ်ရှားပစ်ဖို့လည်း ပြဋ္ဌာန်း ထားပါတယ်။

စီဒေါစာချုပ်ထဲမှာ အပိုဒ် (၃၀) ပြဋ္ဌာန်းထားပြီး သဘောတူလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ တွေက ဆောင်ရွက်ရမယ့်အပိုင်းနဲ့ ကော်မတီကဆောင်ရွက်ရမယ့် အပိုင်းတွေကို ထည့်သွင်းရေးသား ထားတာ ဖြစ်ပါတယ်။ အပိုဒ် (၁) ကနေ အပိုဒ် (၁၆) အထိတွေကတော့ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာရမယ့်အချက်တွေ ဖြစ်ပါတယ်။ အပိုဒ် (၁၇) ကနေ (၃၀) အထိကတော့ ကော်မတီကလုပ်ဆောင်ရမယ့်အချက်တွေ ဖြစ်ပါတယ်။

အပိုဒ်(၁)     လိင်ကွဲပြားမှုကိုအခြေခံပြီး အမျိုးသမီးများအား ခွဲခြားခြင်း၊ သီးသန့်ဖြစ်စေခြင်း၊ ကန့်သတ်မှုထားရှိခြင်းသည် ခွဲခြားဖိနှိပ်မှု ဖြစ်သည်။
အပိုဒ်(၂)       အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်မှုတွေကို ရှုံ့ချရန်နဲ့ ပပျောက်အောင် လုပ်ဆောင်ပေးရန်။
အပိုဒ်(၃)    အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ မူဝါဒများ ပြဋ္ဌာန်းပေးခြင်း အပါအဝင် လိုအပ်သည့်ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးရန်။
အပိုဒ်(၄)       အမျိုးသမီးများအတွက် ယာယီအထူးပြုလုပ်ချက်များကို လုပ်ဆောင်ပေးရန်။
 အပိုဒ်(၅)      လိင်ကွဲပြားမှုကို အခြေခံသည့် ခွဲခြားမှုအမြင်များ၊ အစွဲများကို ပပျောက်အောင် လုပ်ဆောင်ပေးရန်။
အပိုဒ် (၆)       အမျိုးသမီးများကို နည်းမျိုးစုံနှင့် ကူးသန်းရောင်းဝယ်ခြင်း၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းအား တားဆီးပေးရန်။
အပိုဒ်(၇)         အမျိုးသမီးများကို မဲပေးခွင့်နဲ့ အခြားဆုံးဖြတ်ချက်ချသည့်နေရာများတွင် ပါဝင်ခွင့် ပေးရန်။
အပိုဒ်(၈)         နိုင်ငံတကာတွင် အမျိုးသမီးများအား ကိုယ်စားပြုပါဝင်ခွင့်ပေးရန်။
အပိုဒ်(၉)         နိုင်ငံသားဖြစ်ခွင့်၊ ပြောင်းလဲပိုင်ခွင့်ပေးရန်။
အပိုဒ် (၁၀)     တန်းတူပညာသင်ခွင့်၊ လိင်ခွဲခြားမှုမရှိတဲ့ပညာရေး ရရှိခွင့်ရှိရန်။
အပိုဒ်(၁၁)      တန်းတူအလုပ်လုပ်ခွင့်၊ လုပ်ခခံစားခွင့်၊ အလုပ်ရွေးချယ်ခွင့်နဲ့ လုံခြုံတဲ့လုပ်ငန်းခွင် ရရှိခွင့်ရှိရန်။
အပိုဒ် (၁၂)       မိသားစုစီမံကိန်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများတွင် တန်းတူခံစားခွင့် ရှိရန်။
အပိုဒ်(၁၃)       စီးပွားရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းများ တန်းတူရရှိခံစားခွင့် ရှိရန်။
အပိုဒ်(၁၄)       ကျေးလက်နေအမျိုးသမီးများ၏ ဘဝမြှင့်တင်ရေးနှင့် ခွဲခြားမှုများ ပပျောက်ရန်။
အပိုဒ် (၁၅)      အမျိုးသမီးများ တရားဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်စေရန်။
အပိုဒ် (၁၆)      လက်ထပ်၊ ပေါင်းသင်း၊ ကွာရှင်းချိန်တွင် အမျိုးသမီးနှင့် အမျိုးသား တန်းတူအခွင့်အရေး ရရှိရန်။  
အပိုဒ်(၁၇)     အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်ရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော်ခြင်း၏ တိုးတက်မှုအခြေအနေကို စီစစ်သုံးသပ်ရန်  စီဒေါကော်မတီ ကို ဖွဲ့စည်းဆောင်ရွက် သွားရမည်။
အပိုဒ်(၁၈)    အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်ရေး အကောင်အထည်ဖော်မှု အစီရင်ခံစာကို အတည်ပြုပြီး (၁) နှစ်အတွင်းတင်သွင်းရန်နှင့် နောက်ပိုင်းတွင် အနည်းဆုံး (၄)နှစ် တစ်ကြိမ် တင်သွင်းရမည်။
အပိုဒ်(၁၉)      ကော်မတီတွင် တာဝန်ထမ်းဆောင်မည့်အရာရှိများ၏  သက်တမ်းကို (၂) နှစ် သတ်မှတ်ရန်။  
အပိုဒ်(၂၀)  ကော်မတီအနေနှင့် အစိုးရက တင်သွင်းလာတဲ့ အစီရင်ခံစာများကို ဖတ်ရှုနိုင်ဖို့ တစ်နှစ်တွင် တစ်ပတ်ထက် ပိုမကြာသည့် အစည်းအဝေးတစ်ရပ်ကို ပုံမှန်ကျင်းပ ရမည်။
အပိုဒ်(၂၁)    ကော်မတီသည် ၎င်း၏လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သည့်အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် နှစ်စဉ်တင်သွင်းရမည်ဖြစ်ပြီး စာချုပ်အဖွဲ့ဝင် များ၏ အစီရင်ခံစာများနှင့် သတင်းပေးပို့ချက်များအပေါ် စစ်ဆေးတွေ့ရှိချက် များကို အခြေခံပြီး တိုက်တွန်းချက်များနှင့် အထွေထွေအကြံပြုချက်တွေကို ကော်မတီ၏အစီရင်ခံစာမှာ ထည့်သွင်းတင်ပြရမည်။
အပိုဒ်(၂၂)      အစိုးရများ၏အစီရင်ခံစာကိုလေ့လာသုံးသပ်ပြီး အစီရင်ခံစာတင်ပြရာတွင် ကုလ သမဂ္ဂ၏ သက်ဆိုင်ရာဌာနများမှ အထူးကျွမ်းကျင်သူများကို ပါဝင်စေပြီး အစီရင်ခံစာ တင်ပြသွားရမည်။
အပိုဒ် (၂၃)   စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုမှုတွင်ဖြစ်စေ၊ ဒါမှမဟုတ် ထိုနိုင်ငံက လိုက်နာရမည့် တခြားသောနိုင်ငံတကာ သဘောတူစာချုပ်တွင် ဖြစ်စေ၊ စာချုပ်ပါ အပိုဒ်များတွင် ပိုမိုဖြစ်ထွန်းစေတဲ့ မည်သည့်ဥပဒေကိုမှ လက်ရှိသဘောတူစာချုပ် ကို ထိခိုက်လွှမ်းမိုးခြင်းမရှိစေရဟု ပါရှိသည်။
အပိုဒ် (၂၄)   စာချုပ်တွင် အသိအမှတ်ပြုထားတဲ့ အခွင့်အရေးများ အပြည့်အဝရရှိစေရန် လိုအပ်သည့်အစီအစဉ်အားလုံးကို စာချုပ်အဖွဲ့ဝင်နိုင်ငံတိုင်းက  အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အလို့ငှာ ပြဋ္ဌာန်းရန် တာဝန်ရှိသည်။
အပိုဒ်(၂၅)    ညီလာခံ၏သဘောတူညီချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ထံတွင် ထိန်းသိမ်းထားရှိရန်၊ နိုင်ငံအားလုံးက ပါဝင်လက်မှတ်ရေးထိုးရန်၊ သဘာတူအတည်ပြုမှုနှင့် အသက်ဝင်မှုရှိရန် လုပ်ဆောင်သွားရမည်။
အပိုဒ်(၂၆) စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  လက်ရှိသ‌ဘောတူညီချက်ကို ပြင်ဆင်ရန် တောင်းဆိုလိုလျှင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူပြီး အချိန်မရွေး စာရေးသား အကြောင်းနိုင်သည်။
အပိုဒ်(၂၇)   သဘောတူညီချက်ကို လိုက်နာကျင့်သုံးမည်ဟု ကတိကဝတ်ပြုခြင်းနှင့် ပတ်သက်သည့် စာချုပ်စာတမ်းများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အား အပ်နှံပြီးတဲ့နေ့မှ ရက်ပေါင်း (၃၀) ပြည့်သည့်နေ့တွင် အတည်ဖြစ်သည်ဟု ဖော်ပြထားသည်။
အပိုဒ်(၂၈)     ညီလာခံသဘောတူညီချက်များနှင့် ပတ်သက်ပြီး လိုက်နာရာတွင် ချန်လှပ်လိုသည့် (သို့မဟုတ်) ပြန်လည်ရုပ်သိမ်းလိုသည့်အချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ အသိပေးတင်ပြရန်နှင့် ထိုအချက်များသည် ညီလာခံသဘောတူညီမှုများနှင့် မသက်ဆိုင်တဲ့ အချက်တွေမဖြစ်ရန် လိုကြောင်း ဖော်ပြထားသည်။
အပိုဒ်(၂၉)   ညီလာခံ၏သဘောတူညီချက်များကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ အကောင်အထည် ဖော်ခြင်းနဲ့ပတ်သက်၍ စာချုပ်အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုဖြစ်လာပါက နှစ်နိုင်ငံချင်းဖြေရှင်းရန်နှင့် (၆) လအတွင်း ညှိနှိုင်း၍မရပါက အပြည်ပြည်ဆိုင်ရာ တရားရုံးကို လွှဲပေးနိုင်ပါသည်။
အပိုဒ်(၃၀)  ညီလာခံ၏ သဘောတူညီချက်ကို အာရပ်ဘာသာ၊ တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ စပိန်ဘာသာများနှင့် ရေးသားထားကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ အပ်နှံထားရမည်။

မြန်မာအစိုးရအနေနဲ့ စီဒေါကော်မတီအစီရင်ခံစာကို ၁၉၉၇ ခုနှစ်မှာ ပထမအကြိမ်၊၂၀၀၇ ခုနှစ်မှာ ဒုတိယနဲ့ တတိယအကြိမ်၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာ စတုတ္ထအကြိမ်နဲ့ ပဥ္စမအကြိမ် အစီရင်ခံစာ ပူးတွဲတင်ပြခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် စီမံချက်များနှင့် လုပ်ငန်းစဉ်များ၊ ဥပဒေမူကြမ်းများကို ပြင်ဆင်ရေးဆွဲမှုများ လုပ်ဆောင်ခဲ့ပြီး ကျူးလွန်သူများအား အပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိခြင်းမှ ကာကွယ်နိုင်ရေး၊ တရားဥပဒေအရ အပြစ်ဒဏ်ပေးနိုင်ရေး၊ ဆက်လက်ရှင်သန်သူများမှ လူဘောင်အဖွဲ့အစည်းအတွင်း ပြန်လည်ရှင်သန်ရပ်တည်နိုင်ရေး၊ ထပ်မံ ကျူးလွန်ခံရမှုမရှိရန် ကာကွယ်ပေးရေးအတွက် အစိုးရယန္တရားများအပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ အားတက်သရော ကြိုးပမ်းခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီမှ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများကို လျစ်လျူရှုနေသာမကဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လက်နက်သဖွယ်အသုံးချပြီး ထောင်တွင်း၊ ထောင်ပြင်၊ စစ်ပွဲအတွင်း၊ စစ်ဘေးရှောင်ပြည်သူများအပေါ် အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ အကြမ်းဖက်ကျူးလွန်လျက် ရှိပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများ၊ မူဝါဒများကို ချိုးဖောက်ရုံတင်သာမက မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးထားသော နိုင်ငံတကာသဘာတူညီချက်များကို ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်လျက်ရှိပါတယ်။ စစ်အာဏာသိမ်းကာလတွင် စီဒေါအစီအရင်ခံစာကို တင်သွင်းနိုင်ခြင်းလည်း မရှိပေ။
​
တဖက်တွင်လည်း တော်လှန်ရေးအင်အားစုအချင်းချင်းကြား ကျူးလွန်နေသည့် အိမ်တွင်း အကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှုနှင့် အခြားသော ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ သည်လည်း မြှင့်တက်လျက်ရှိပြီး၊ တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအစိုးရအသီးသီးတို့မှ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို
ထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းနေဆဲပင် ဖြစ်ပါတယ်။ 

တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအစိုးရအသီးသီးတို့မှ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းနေဆဲပင်

တော်လှန်ရေးအစိုးရအသီးသီးတို့အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် လက်တွဲပြီး မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော နိုင်ငံတကာစာချုပ်များကို အကောင်အထည်ဖော်ပြီး ပြည်သူလူထု၏ လူ့အခွင့်အရေးကို ပိုမိုစောင့်ရှောက် ကာကွယ်ပေးရန် အားစိုက်လုပ်ဆောင်သင့်ပါသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူလူထုတွေအနေဖြင့် စီးပွားရေး၊ လူမှုရေး ပိုမိုကျပ်တည်းလာပြီး လွတ်လပ်မှု၊ တရားမျှတမှု ဆိတ်သုဉ်းနေသည့် ကာလတွင် အပူပေါ်အပူဆင့်၊ အနာပေါ်တုတ်ကျ မဖြစ်စေရန်အတွက် အမျိုးသမီး၊ ကလေးသူငယ်အရေးကိုလည်း မမေ့လျော့သင့် ပါကြောင်း။

ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကျူးလွန်မှုတွေ လျော့ပါးပြီး၊ ငြိမ်းချမ်းသာယာမျှတမှုရှိမှသာ ဒီမိုကရေစီနိုင်ငံတော်သစ်ကို‌ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုအတွက် လက်ရှိတော်လှန်ရေးကို ဆင်နွဲနေချိန်မှာ စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့အတူ အတွေးအခေါ်တော်လှန်ရေးကလည်း အရေးကြီးပါကြောင်း ထပ်ဆင့်နှိုးဆော်အပ်ပါတယ်။ 


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
0 Comments

5/6/2025 0 Comments

Gender Based Violence ဆိုတာ ဘာလဲ

Picture

ရေးသားသူ- Liliane

 အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

ဂျန်ဒါအခြေပြုရာဇဝတ်မှုများဆိုသည်မှာ ဂျန်ဒါကွဲပြားမှုကို အခြေပြု၍ လူပုဂ္ဂိုလ်များအပေါ် ကျူးလွန်သော အနိုင်ကျင့်မှုများနှင့် ထိခိုက်နစ်နာစေသည့် အပြုအမူများဖြစ်ပြီး ဖိနှိပ်မှုဖြစ်စေသော စံတန်ဖိုးများ၊ မညီမျှမှုများ၊ အာဏာအလွဲသုံးစား ပြုလုပ်ခြင်းများနှင့် ဆက်စပ်မှု ရှိသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ဂျန်ဒါအခြေပြုရာဇဝတ်မှုများကို အများဆုံး ကျုးလွန်ခံရသူများ ဖြစ်ပြီး၊ ကျူးလွန်သူအများစုမှာ အမျိုးသားများ ဖြစ်ကြသည်။ သို့သော်လည်း ရာဇဝတ်မှုများကို အမျိုးသားများ၊ ယောက်ျားလေးငယ်များနှင့် ဂျန်ဒါလူနည်းစုများလည်း ကြုံတွေ့ကြရသည်။

အဖြစ်အများဆုံး ဂျန်ဒါအခြေပြုရာဇဝတ်မှုပုံစံတစ်ခုမှာ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) ဖြစ်သည်။ ဤပြစ်မှုများသည် ပုဂ္ဂလိကသီးသန့် နေရာများတွင်ဖြစ်စေ၊ အများပြည်သူနှင့်ဆိုင်သော နေရာများတွင်ဖြစ်စေ၊ ငြိမ်းချမ်းသောအခြေအနေတွင်ဖြစ်စေ၊ ပဋိပက္ခဖြစ်ပေါ်နေသော အခြေအနေတွင်ဖြစ်စေ ဖြစ်ပေါ်နိုင်သည်။

ဂျန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) များတွင် အိမ်တွင်းအကြမ်းဖက်မှုများ၊ သိက္ခာတရား အတွက် သတ်ဖြတ်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ (ကလေးသူငယ်များအား လက်ထပ်ထိန်းမြားစေခြင်း အပါအဝင်) အဓမ္မလက်ထပ်ထိမ်းမြားစေခြင်း အဓမ္မကိုယ်ဝန်ဆောင်စေခြင်း အမျိုးသမီးလိင်အင်္ဂါ အစိတ်အပိုင်း ဖြတ်တောက်ခြင်းနှင့် လူကုန်ကူးခြင်း၊ နောက်ယောင်ခံခြင်း၊ ထိပါနှောက်ယှက်ခြင်း အနိုင်ကျင့်စော်ကားခြင်း နှင့် ခြိမ်းခြောက်ခြင်း၊ လှုပ်ရှားသွားလာခွင့် ကန့်ပိတ်ပင်သတ်ခြင်း သို့မဟုတ် ပညာရေးဝန်ဆောင်မှု သို့မဟုတ် (လိင်ပိုင်းဆိုင်ရာကျန်းမာရေး နှင့် မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင်) ကျန်းမာရေး ဝန်ဆောင်မှုရရှိခွင့်ကို ကန့်သတ်ပိတ်ပင်ခြင်း စသည့်လုပ်ရပ် များကို ကျူးလွန်ခြင်းနှင့် ကျူးလွန်ရန် ခြိမ်းခြောက်ခြင်းတို့ ပါဝင်သည်။

ဂျန်ဒါအခြေပြုအကြမ်းဖက်မှုထဲတွင် ပါဝင်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) သို့မဟုတ် ပဋိပက္ခအတွင်း ဖြစ်ပေါ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆိုသည်မှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် အခြားသော နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ၊ လူသားချင်းစာနာမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေများကို ဆိုးရွားစွာ ချိုးဖောက်မှု မြောက်နိုင်သော ပြစ်မှုများဖြစ်သည်။

အစိုးရစစ်တပ်များ၊ အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့် လက်နက်ကိုင်အစုအဖွဲ့များ၏ ထိန်းချုပ်မှုအောက်ရှိ အခြားအဖွဲ့များက ကျူးလွန်သောဖြစ်ရပ်များနှင့် ချိုးဖောက်မှုပုံစံများဖြစ်ပြီး အကြမ်းဖက်မှုကျူးလွန်ချိန် လက်နက်ကိုင် ဆောင်ထားခြင်းရှိခြင်း၊ မရှိခြင်းနှင့် မသက်ဆိုင်ပါ။

 CRSV များသည် ပဋိပက္ခအခြေအနေ တစ်ခုနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ဆက်နွယ်မှုရှိကြပြီး အမျိုးသမီးများ၊ အမျိုးသားများ၊ မိန်းကလေးငယ်များနှင့် ယောက်ျားလေးငယ်များအပေါ် ကျူးလွန်သော ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်သည်။

CRSV တွင် မုဒိန်းကျင့်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ အဓမ္မ လက်ထပ်ထိမ်းမြားစေခြင်း၊ အဓမ္မလိင်လုပ်သား အဖြစ်စေခိုင်းခြင်း၊ အဓမ္မကိုယ်ဝန်ဆောင်စေခြင်း၊ အဓမ္မလိင်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ခြင်း၊ သင်းကွပ်ခြင်း၊ အဓမ္မဖော်ချွတ်ခိုင်းခြင်း၊ အဓမ္မသားကြောဖြတ်ခြင်း သို့မဟုတ် အခြားသော အလားတူပြင်းထန်သည့်ပုံစံ တစ်မျိုးမျိုးဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့ ပါဝင်သည်။

ဂျန်ဒါကွဲပြားမှုအပေါ်အခြေပြုပြီး အကြမ်းဖက်ခြင်းကို Gender Based Violence (GBV)  ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဟု ခေါ်ဆိုကြသည်။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုသည် ပုံစံမျိုးစုံရှိပြီး အများအားဖြင့် အမျိုးသားများက အမျိုးသမီးများအပေါ် ကျူးလွန်လေ့ရှိသည့် အကြမ်းဖက်မှုပုံစံများ ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုအား အလဲအလှယ် သုံးစွဲတတ်ကြသည်။

          အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလို့ဆိုရာမှာ “အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်း၊ သို့မဟုတ် ခံစားစေခြင်း၊ ထိုသို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ သို့မဟုတ်  အခြားသော လွတ်လပ်ခွင့်အား မတရားသဖြင့် ပိတ်ပင်တားမြစ်ခြင်းများအား အများပြည်သူရှေ့၌ဖြစ်စေ ကိုယ်ရေးကိုယ်တာ အခြေအနေများ၌ ဖြစ်စေ ဖြစ်ပွားသော သို့မဟုတ် ဖြစ်ပွားနိုင်ဖွယ်ရှိသော အကြမ်းဖက်မှုလုပ်ရပ်အားလုံးကို ဆိုလိုပါသည်။

          ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိခိုက်နာကျင်စေခြင်း၊ သေကြေပျက်စီးစေရန် ရည်ရွယ်၍ ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ၊ လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ နှိပ်စက်ခြင်း၊ အကြမ်းဖက်ခြင်း၊ စော်ကားခြင်း၊ အင်အားသုံး၍ အကျဉ်းချခြင်း၊ သီးသန့်ဖြစ်နေစေရန် ခွဲခြားထားခြင်း၊ လွတ်လပ်မှုမရှိအောင် ချုပ်ထိန်းထားခြင်း၊ ကိုယ်ဝန်ဆောင်စဉ်အတွင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့ ပါဝင်ပါသည်။

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် စိတ်ခံစားမှုကို ထိခိုက်နာကျင်စေရန်နှင့် အမျိုးသမီး၏ ဂုဏ်သတင်း ယုတ်လျော့စေရန် ကျူးလွန်သော မည်သည့်အကြမ်းဖက်မှုကိုမဆို ဆိုလိုသည်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် အရှက်ရစေခြင်း၊ စော်ကားခြင်း (အခြားလူများ၏ ရှေ့တွင်အပါအဝင်)၊ အော်ဟစ်ခြင်း၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာဖြစ်စေ သို့မဟုတ် ငွေကြေးဆိုင်ရာဖြစ်စေ ထိခိုက်စေမည်ဟု ခြိမ်းခြောက်ခြင်း၊ သက်တူရွယ်တူများ၊ သူငယ်ချင်းများ သို့မဟုတ် လူမှုအသိုင်းအဝိုင်းမှ ဖိအားပေး၍ သီးခြားခွဲထုတ်ထားခြင်း၊ အပြုအမူများကို ထိန်းချုပ်ခြင်း၊ အရာဝတ္ထုများ သို့မဟုတ် ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း စွန့်ပစ်ခြင်း၊ အိမ်မှမောင်းထုတ်ခြင်း၊ လျစ်လျူရှုခြင်းတို့ ပါဝင်သည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွင် အိမ်ထောင်ဖက်အပေါ် အလိုမတူဘဲ လိင်ဆက်ဆံခြင်း၊ အဓမ္မကျင့်ခြင်း၊ အုပ်စုလိုက် အဓမ္မကျင့်ခြင်း၊ မလိုလားသော လိင်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတို့ ပါဝင်သည်။ အိမ်ထောင်ဖက်အပေါ် အလိုမတူဘဲ လိင်ဆက်ဆံခြင်းသည် အမျိုးသမီး၏ ခွင့်ပြုချက်မပါဘဲ အိမ်ထောင်ဘက် သို့မဟုတ် ဥပဒေအရ ကွာရှင်း မထားဘဲ သီးခြားစီနေသည့် အိမ်ထောင်ဘက်ဟောင်းတို့မှ ကျူးလွန်သော လိင်မှုကိစ္စကို ဆိုလိုခြင်း ဖြစ်သည်။

မုဒိမ်းမှုဆိုသည်မှာ “အတင်းအကြပ် သို့မဟုတ် အကျပ်ကိုင်ပြီးလိင်ဆက်ဆံခြင်း၊ ကိစ္စပြီးမြောက်သည်ဖြစ်စေ မပြီးမြောက်သည်ဖြစ်စေ၊ လူတစ်ယောက်မှ အခြားလူတစ်ယောက်အား ၎င်း၏စိတ်ဆန္ဒမပါဝင်ဘဲ အင်းအားသုံးပြီးသို့မဟုတ် အကျပ်ကိုင်ပြီး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ခြိမ်းခြောက်ပြီးလိင်မှုကိစ္စတွင် ပါဝင်စေသည်ကို ဆိုလိုသည်။

စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုတွင် အမျိုးသမီးတစ်ဦး၏ ပစ္စည်းဥစ္စာ၊ ပိုက်ဆံ၊ ဝင်ငွေရလမ်း ငွေကြေးဆိုင်ရာ အမှီအခိုကင်းမှုတို့ကို ပျက်စီးစေရန်၊ သိမ်းပိုက်နိုင်ရန်၊ ကန့်သတ်ရန်၊ အလွဲသုံးစား ပြုရန် သို့မဟုတ် တားမြစ်ရန် လုပ်ဆောင်သော အပြုအမှုများနှင့် အမျိုးသမီး၏ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို တားဆီးခြင်းကို ဆိုလိုသည်။

စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုတွင် ပိုက်ဆံမလုံလောက်မှန်းသိသော်လည်း မိသားစု အသုံးစားရိတ်ကို ပံ့ပိုးပေးရန် ခင်ပွန်းမှ ငြင်းပယ်ခြင်း၊ အစားအသောက်/ အခြေခံလိုအပ်ချက်များကို ငြင်းပယ်ခြင်း (အမျိုးသမီးနှင့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင်)၊ အလုပ်လုပ်ကိုင်မှုကို ထိန်းချုပ်ခြင်း၊ ဇနီးထံမှ ခိုးယူခြင်းတို့ ပါဝင်သည်။

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ သွေးသားတော်စပ်သည့်မိသားစုဝင်၊ တခြားမိသားစုဝင်၊ ရင်းနှီးသောလက်တွဲဖော် စသည်တို့မှ    အမျိုးသမီးတစ်ဦးအပေါ် ထိခိုက်နာကျင်စေသော မည်သည့် လုပ်ရပ်ကိုမဆို ဆိုလိုပါသည်။ ၎င်းတွင်အမျိုးသမီး၏ အခွင့်အရေးများကို ချိုးဖောက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများမှတဆင့် ဖြစ်စေသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများ ပါဝင်သည်။

          အမျိုးသမီးများအားအနှောင့်အယှက်ပေးမှုတွင် အမျိုးသမီး၏ ဂုဏ်သိက္ခာကို ထိပါးခြင်းကို ဖြစ်စေပြီး လူတစ်ဦးအတွက် နှစ်လိုဖွယ်မရှိသော၊ ခြိမ်းခြောက်သော၊ ရန်လိုသော၊ ဂုဏ်သရေ ပျက်စေသော၊ အရှက်ရစေသော၊ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ပတ်ဝန်းကျင်ကို ဖြစ်စေသော သို့မဟုတ် ထိခိုင်နာကျင်မှုကို ဖြစ်စေသော အပြုအမူဖြင့်ဖြစ်စေ အပြောအဆိုဖြင့် ဖြစ်စေ ကျူးလွန်သော မည်သည့်အကြမ်းဖက်မှုကိုမဆို ဆိုလိုသည်။

အကြမ်းဖက်ခံရသော အမျိုးသမီးများအပေါ်  ကျင့်သုံးလေ့ရှိသည့် အန္တရာယ်ရှိသော အလေ့အထများမှာ အဓမ္မကျူးလွန်ခံရသူကို ကျူးလွန်သူနှင့် အတင်းအကြပ် လက်ထပ်စေခြင်း၊ ကျေးရွာတစ်ခုလုံး/ အသိုင်းအဝိုင်း တစ်ခုလုံး၏   ဂုဏ်သတင်းကို ပြန်လည်ရရှိနိုင်ရန် အဓမ္မကျူးလွန် ခံရသူ သို့မဟုတ် သူမ၏ မိသားစုကို ပွဲလမ်းတစ်ခု အတင်းအကြပ် စီစဉ်စေခြင်း၊ အမျိုးသမီးများကို ပစ္စည်းဥစ္စာများ အမွေဆက်ခံခွင့်မပေးခြင်းတို့ ဖြစ်သည်။

ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် အမြင့်ဆုံးဖြစ်ပြီး အမျိုးသမီး (၃) ယောက်တွင် တစ်ယောက်နှုန်း ကျူးလွန်ခံနေကြရပါသည်။ ကျားမအခြေပြုအကြမ်းဖက်မှုကို အမျိုးသမီးများမှ အများဆုံး ကျူးလွန်ခံနေရသော်လည်း အမျိုးသားများနှင့် LGBTQ+ တို့သည်လည်း ဂျန်ဒါအခြေပြုအကြမ်းဖက်မှု စက်ကွင်းမှ မလွတ်မြောက်ပေ။

ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကျူးလွန်မှုများ လျော့ကျလာစေရန်နှင့် ထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် လက်ရှိကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လူမှုအသိုက်အမြုံများမှ အားစိုက် ကြိုးပမ်းရန် လိုအပ်ပေသည်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်တွင် ဂျန်ဒါအခြေပြုအကြမ်းမှုများကို လျော့ကျလာစေရန် စီမံချက်များ ရေးဆွဲပြီး ကိုင်တွယ်ရန် ကြိုးပမ်းခဲ့သော်လည်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုယန္တရားများမှာ ဆက်လက်မလည်ပတ်နိုင်တော့ပေ။ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် လူမှုစီးပွားကြပ်တည်းမှုများ၊ တရားဥပဒေလက်လှမ်းမမှီမှုများ၊ အာဏာကိုလက်နက်သဖွယ် ကျင့်သုံးသည့်အခြေအနေများ၊ ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုနှင့် သည်းခံနိုင်မှုနည်းပါးခြင်း စသည့် အကျိုးဆက်များသည် အိမ်တွင်းအကြမ်းဖက်မှုများနှင့် အခြားသော ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ ပိုမိုမြှင့်တက်လာစေပါသည်။

ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကျူးလွန်မှုများ လျော့ကျလာစေရန်နှင့် ထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် လက်ရှိကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လူမှုအသိုက်အမြုံများမှ အားစိုက် ကြိုးပမ်းရန် လိုအပ်သည်။

ထို့ပြင် အမျိုးသားများပါ ဦးဆောင်ပြီး ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို တွန်းလှန်မှသာလျှင် ထိန်းချုပ်ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ကျူးလွန်ခံရသည့် ပုဂ္ဂိုလ်များအတွက် တရားမျှတမှု ရရှိရန်၊ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ရပ်တည်နိုင်ရန် တရားဥပဒေနည်းလမ်း တစ်ခုတည်းဖြင့် သာမကဘဲ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ဂျန်ဒါအမြင်ရှုထောင့်များကိုပါ ထည့်သွင်းချဉ်းကပ်သင့်ပါသည်။

လက်ရှိစစ်အာဏာသိမ်းပြီးနောက် တရားမျှတမှုအလှမ်းဝေနေသည့် ကာလတွင်  အမျိုးသမီး များအနေဖြင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို ကျူးလွန်ခံရသည့်အခါ ကျူးလွန်သူကို ဘယ်သူ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည့်နည်းလမ်း၊ social punishment နည်းလမ်းဖြင့်သာ အများစုကဖြေရှင်းနေကြသည်ကိုတွေ့ရှိရပါသည်။

နွေဦးတော်လှန်ရေးကြီးသည် အရည်အသွေးစုံလင်သော လူသားအားလုံးအတွက် လုံခြုံမှု၊ အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက်ပေးနိုင်သော ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ပေးရန် အရေးကြီးပါသည်။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု မချုပ်ထိန်းနိုင်သမျှ ကာလပတ်လုံး တရားမျှတသည့် လူ့ဘောင်ကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ပေ။ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကို လျစ်လျူရှုလိုက်ခြင်းသည် အကြမ်းဖက်မှုအားလုံးကို လက်သင့်ခံလိုက်ခြင်း၊ တံခါးဖွင့်လိုက်ခြင်းပင် ဖြစ်သွားပါလိမ့်မည်။ 

အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments
<<Previous
Forward>>
Site powered by Weebly. Managed by Porkbun