Politics for Women Myanmar
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
Search by typing & pressing enter

YOUR CART

4/25/2025 0 Comments

နွေဦးတော်လှန်ရေးနှင့် ခေါင်းဆောင်မှုဟာကွက်များ

Picture
ရေးသားသူ- Liliane


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 
​
 
မြန်မာပြည်ကို ပန်းချီကားတစ်ချပ်နဲ့ နှိုင်းရမယ်ဆိုရင် စစ်တလင်း ကြားမှာ တော်လှန်ရေးအလံကို အမြင့်ဆုံး လွှင့်ထူနိုင်ဖို့ မျှော်လင့်ချက်အပြည့်မျက်လုံးနဲ့ လှမ်းကြည့်နေသည့် ပမာပင်


နိဒါန်း
-----

(၄) နှစ်ပြည့်လာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ အားရမှု၊ စိတ်ပျက်မှုတွေကြားမှာ လက်ရှိအချိန်အထိ တပ်ဦးအလံကို မကျစတမ်း လွှင့်ထူထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါကိုယ်တိုင်ကပင် နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတစ်ခုမဟုတ်ပါသလား။ (၄၈) လသက်တမ်းရှိတဲ့ကာလအတွင်းမှာ စစ်ရေးအောင်မြင်မှုဟာ အထွန့်အထိပ်ကို ရောက်ရှိခဲ့သလို၊ စစ်ရေးစွမ်းရည်တွေ အရှိန်ထိုးမြင့်တက်လာခဲ့ပါတယ်။

စစ်ရေးနဲ့အတူ နိုင်ငံရေးစနစ်သစ်ကို အုတ်မြစ်ချနိုင်မှုနဲ့ အခြေတည်နိုင်မှုက အားနည်းပါတယ်။ လွတ်မြောက်နယ်မြေဒေသက အုပ်ချုပ်မှုတွေအပေါ် မကျေနပ်မှုတွေက နေ့စဉ်ရက်ဆက် ပိုပြီးအသံကျယ် လာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ ဒုက္ခတွေဟာ ဆထက်တပိုး မြင့်တက်လာပါတယ်။ စစ်ပွဲတွေကြားက ဒေသတွေကတော့ အပျက်ပုံပမာနဲ့ လွတ်ရာဒေသကို စစ်ရှောင်ခဲ့ကြရပါတယ်။

တောင့်ခံနိုင်သလောက် အဆုံးထိ တောင့်ခံကြသွားမဲ့ပြည်သူတွေကတော့ မျက်ရည်လည်ရွှဲနဲ့ တော်လှန်ရေးအောင်ပွဲကို နေ့စဉ်ရက်ဆက်‌ စောင့်မျှော်နေဆဲပင်။ မြန်မာပြည်ကို ပန်းချီကားတစ်ချပ်နဲ့ နှိုင်းရမယ်ဆိုရင် စစ်တလင်းကြားမှာ တော်လှန်ရေးအလံကို အမြင့်ဆုံး လွှင့်ထူနိုင်ဖို့ မျှော်လင့်ချက်အပြည့်မျက်လုံးနဲ့ လှမ်းကြည့်နေသည့် ပမာပင်။

(၄) နှစ်တာကာလအတွင်းမှာ ပြည်သူလူထုနဲ့ တော်လှန်ရေးကို အလှုပ်အခတ်ဖြစ်စေခဲ့တဲ့ ကိစ္စပေါင်း မြောက်များစွာ ကြုံတွေ့ခဲ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး၊ ကောလင်းတိုက်ပွဲ၊ ရမခသိမ်းတိုက်ပွဲ၊ နပခသိမ်း တိုက်ပွဲတွေအကြောင်း၊ စစ်မှုထမ်းဥပဒေနဲ့ မရိုးနိုင်တဲ့ (၆) လတခါသက်တမ်းတိုးနေတဲ့ စစ်ကောင်စီရဲ့ သက်တမ်းနဲ့ လူတွေကို စိုးရိမ်မှုဖြစ်စေတဲ့ ရွေးကောက်ပွဲကိစ္စတွေပါ။ဒါတွေက တော်လှန်ရေးမှာ ပြောစမှတ် ဖြစ်ရတဲ့ဖြစ်ရပ် ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့နဲ့၊ အုပ်ချုပ်ရေး ယန္တရားတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တရားမျှတမှု ရှိအောင် စီမံပေးဖို့ဆိုတဲ့တောင်းဆိုချက်တွေကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ကြရပါတယ်။ (၄)နှစ်တာ ခရီးကို ပြန်မျှော်ကြည့်ရမယ်ဆို တိုက်ပွဲတွေရဲ့ အောင်မြင်မှုတွေအပေါ် အားရ စိတ်ကျေနပ်မိရသလောက် တော်လှန်ရေးအောင်ပွဲအတွက် ရင်လေးနေရတုန်းပင် ဖြစ်ပါတယ်။
 
စနစ်ပြောင်းတော်လှန်ရေးအတွက် ခေါင်းဆောင်မှုပုံစံများ
----------------------------------------------

နွေဦးတော်လှန်ရေးဟာ စစ်ကောင်စီ၊ မင်းအောင်လှိုင်အပါအဝင် အာဏာရှင်တသိုက် ပြုတ်ကျအောင် တိုက်ပွဲဝင်နေတာထက် အများကြီး ပိုပါတယ်။ နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ်ကနေ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ပြောင်းလဲပေးမဲ့ စနစ်ပြောင်းတော်လှန်ရေး ဖြစ်ပါတယ်။ စနစ်ပြောင်းတော်လှန်ရေးတိုင်းမှာ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်အဖွဲ့တစ်ခု မရှိမဖြစ် လိုအပ်ပါတယ်။

တော်လှန်ရေးခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး လေ့လာမှုအများအပြား ပြုလုပ်ခဲ့ကြပါတယ်။ ကြိုတင် မှန်းဆသော လေ့လာမှုတွေထဲက Eric Hoffer ရဲ့ လေ့လာမှုက အကျော်ကြားဆုံး ဖြစ်ပါတယ်။ သူက တော်လှန်ရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အဆင့်သုံးဆင့်နဲ့ ကိုက်ညီတဲ့ တော်လှန်ရေးခေါင်းဆောင် အမျိုးအစား သုံးမျိုးကို ဖော်ထုတ်ခဲ့ပါတယ်။ Hoffer ရဲ့ လေ့လာမှုအရ စနစ်ပြောင်းတော်လှန်ရေးတွေကို “စကားလုံးတွေနဲ့ ဦးဆောင်သူ (Men of Words)” တွေက ပြင်ဆင်ပေးပြီး၊ “အမြစ်မြေလှန်တလမ်းမောင်းခေါင်းဆောင်သူ (Head by the fanatic)” က ထိပ်တိုက်တွေ့တဲ့အထိ ဦးဆောင်ပေးပြီးတော့၊ “လက်တွေ့ကျခေါင်းဆောင်သူ (Practical Men of Action)” တွေက တော်လှန်ရေးအခြေကျအောင် လုပ်ဆောင်ကြပါတယ်။

စကားလုံးတွေနဲ့ဦးဆောင်သူတွေက လက်ရှိပြည်သူလူထုတွေ လက်ခံထားတဲ့အာဏာရှင်စနစ်ရဲ့ ယုံကြည်ချက်တွေနဲ့ အဖွဲ့အစည်းတွေကို အသရေဖျက်တာ ရှုတ်ချတာတွေ လုပ်ပြီးတော့၊ ယုံကြည်မှုအသစ် သို့မဟုတ် အယူဝါဒအသစ်တစ်ခုအတွက် ဆန္ဒကို ဖန်တီးပေးတာ၊ အုပ်ချုပ်နေတဲ့ အာဏာရှင်အစိုးရအပေါ် ယုံကြည်မှုကို ယိုယွင်းစေခြင်းဖြင့် တော်လှန်ရေးအတွက် အခြေခံအုတ်မြစ်ချပေးပါတယ်။

တော်လှန်ရေးလှုပ်ရှားမှု ရင့်မှည့်လာသောအခါ အမြစ်မြေလှန်အပြောင်းအလဲပြုလိုတဲ့ တလမ်းမောင်း ခေါင်းဆောင်သူသာလျှင် ဦးဆောင်နိုင်ပါတယ်။ စကားလုံးတွေနဲ့ ဦးဆောင်သူတွေက ဒီလို တော်လှန်ရေးရဲ့ အကြမ်းဖက်တိုက်ပွဲတွေအတွက် မသင့်လျော်ပါဘူး။ စနစ်အဟောင်း ပြိုကွဲပြီး ဖရိုဖရဲဖြစ်လာခြင်းက သူတို့ကို ကြောက်လန့်သွားစေပါတယ်။ အမြစ်မြေလှန်အပြောင်းအလဲလုပ်ချင်နေတဲ့ တလမ်းမောင်းခေါင်းဆောင်သူ တွေကတော့ ဒီလိုမဟုတ်ပါဘူး။ ဆူပူမှုတွေ၊ အကြမ်းဖက်လမ်းစဉ်တွေကို ဟန်ချက်ညီညီနဲ့ အမိန့်နာခံမှု အားကောင်းအောင် စီမံလုပ်ဆောင်နိုင်ပါတယ်။ သူတို့တွေရဲ့ အရေးပါတဲ့ အရည်အသွေးတွေက - (၁) ရဲရင့်မှု၊ (၂) မြင့်မြတ်သောရည်ရွယ်ချက်အပေါ် မျက်ကန်းဆန်တဲ့ ယုံကြည်မှု၊ (၃) လူအများကို ဆွဲဆောင်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး၊ (၄) နောက်လိုက်များရဲ့ အကြီးမားဆုံး လိုလားချက်သည် စည်းလုံးညီညွတ်မှု၊ သွေးစည်း ညီညွတ်မှု၊ စုပေါင်းဆက်သွယ်မှုဖြစ်ကြောင်း နားလည်မှု၊ နှင့် (၅) မျက်စိမှိတ်ယုံကြည်ကြတဲ့ လက်စွမ်း ထက်သည့်အဖွဲ့ကို စုစည်းနိုင်စွမ်း တို့ဖြစ်ပါတယ်။ Hoffer က ထိုသူတို့မှာ မလိုအပ်သော အရည်အသွေး အချို့ကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ ထူးခြားသော ဉာဏ်ရည်၊ စိတ်ရင်းကောင်းသောစရိုက်၊ မူရင်းဆန်မှုတို့ ဖြစ်ပါတယ်။ Hofferက ဒီအရည်အသွေးတွေက အဟန့်အတားပင် ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

            Hoffer အရ စနစ်ပြောင်းတော်လှန်ရေးကို လက်တွေ့ကျတဲ့ခေါင်းဆောင်တွေက အခြေကျစေပါတယ်။ သူတို့တွေက သင့်လျော်သလို ညှိနှိုင်းဆွေးနွေးနိုင်ပြီး၊ အပေးအယူလုပ်နိုင်ကာ၊ တည်ငြိမ်မှု ပုံရိပ်တစ်ခု ပြန်လည်ရရှိရန် ကြိုးပမ်းနိုင်ကြတဲ့ ကျိုးကြောင်းဆင်ခြင်တတ်သူ၊ အေးဆေးတည်ငြိမ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူမှုရေးအင်အားစုများနဲ့ စိတ်ခံစားချက်များရဲ့ ဦးတည်ရာကို ခံစားနားလည်နိုင်သလို၊ အခြေအနေ အချိန်အခါနဲ့အညီ မိမိတို့ရဲ့အပြုအမူကို ညှိနှိုင်းနိုင်စွမ်းလည်း ရှိပါတယ်။

Hoffer ရဲ့အဆိုအရ တော်လှန်ရေးတစ်ခုမှာ ဤအခန်းကဏ္ဍသုံးခုကို လူအမျိုးမျိုးက အဆင့်ဆင့်နဲ့ သီးခြားစီ လုပ်ဆောင်ခြင်းက အကျိုးရှိစေပါတယ်။ ဒီနည်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုရဲ့ တက်ကြွမှုနဲ့ ထိရောက် မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ Hoffer က ထောက်ပြတာက လူအနည်းငယ်သာလျှင် အခန်းကဏ္ဍသုံးခုလုံးကို ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

            တော်လှန်ရေးခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး နောက်ထပ်သဘောတရားတစ်ခုကို Rex D. Hopper က ဖော်ထုတ်ခဲ့ပါသေးတယ်။ သူသည် စနစ်ပြောင်းတော်လှန်ရေးရဲ့ အဆင့်လေးဆင့်မှာ လိုအပ်တဲ့ ခေါင်းဆောင် အမျိုးအစား လေးမျိုးကို ဖော်ထုတ်ခဲ့ပါတယ်။ “ပဏာမ” အဆင့်မှာ ခေါင်းဆောင်မှုဟာ လှုံ့ဆော်သူရဲ့ လက်ထဲမှာ ရှိပါတယ်။ လူထုကို အသိတရားရစေဖို့၊ မတရားမှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို မီးမောင်း ထိုးပြဖို့၊ မငြိမ်မသက်မှုနဲ့ မကျေနပ်မှုကို အမြင့်ဆုံးဖြစ်စေဖို့၊ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အနှစ်သာရကို စိန်ခေါ်ဖို့ ကြိုးပမ်းသူဖြစ်ပါတယ်။

“လူထုပါဝင်လာမှု” အဆင့်မှာ ခေါင်းဆောင်မှုဟာ ပရောဖက်နဲ့ ပြုပြင်ပြောင်းလဲရေးသမား၏ လက်ထဲမှာ ရှိပါတယ်။ ပရောဖက်က အထူးအသိပညာနှင့် အထူးတာဝန်သိစိတ် ရှိတာကြောင့်ဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲရေးသမားတွေက သီးခြားပြဿနာတွေအတွက် တိုက်ပွဲဝင်ရမဲ့ သီးခြားရွေးချယ်စရာ နည်းနာတွေနဲ့ အစီအစဉ်တွေကို တင်ပြရတာကြောင့် ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ “တရားဝင်” အဆင့်မှာ ခေါင်းဆောင်မှုဟာ နိုင်ငံရေးသမားတွေရဲ့ လက်ထဲမှာ ရှိပါတယ်။ မူဝါဒအသစ်တွေကို ရေးဆွဲအကောင်အထည် ဖော်နိုင်ပြီး၊ လူထုရဲ့ တောင်းဆိုမှုတွေနဲ့ ဆန္ဒတွေကို တိုင်းတာနိုင်သူတွေ ဖြစ်ပါတယ်။

လှုပ်ရှားမှုရဲ့နောက်ဆုံး သို့မဟုတ် “အဖွဲ့အစည်းဆိုင်ရာ” အဆင့်မှာ အုပ်ချုပ်ရေးမှူးတွေနဲ့ အမှုဆောင်တွေ ပေါ်ထွက်လာပါတယ်။ တော်လှန်ရေးရည်မှန်းချက်တွေ အကောင်အထည်ဖော်ရေးအတွက် အဖွဲ့အစည်းဆိုင်ရာ စီစဉ်မှုအသစ်တွေကို ဖန်တီးနိုင်တဲ့ နည်းပညာရှင်တွေ ဖြစ်ပါတယ်။

ခေါင်းဆောင်မှုအမျိုးအစား၊ အသက်အရွယ်၊ လူမှုရေးနောက်ခံ၊ အလုပ်အကိုင်နဲ့ ပညာရေးတို့ မည်သို့ပင်ရှိစေကာမူ တော်လှန်ရေးခေါင်းဆောင်တွေဟာ အခြေခံကျတဲ့ လုပ်ငန်းတာဝန်အချို့ကို ထမ်းဆောင်နိုင်စွမ်း ရှိကြောင်း သက်သေပြရပါမယ်။ အနည်းဆုံးအနေနဲ့ သူတို့ဟာ သင့်လျော်တဲ့ နိုင်ငံရေး အယူဝါဒတစ်ခုကို ရေးဆွဲနိုင်ရမှာ ဖြစ်သလို၊ သင့်လျော်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ရမှာ ဖြစ်ပါတယ်။  ထိရောက်သော အကြမ်းဖက်မှုနှင့် အကြမ်းဖက်ခြင်းကို အသုံးပြုရမှာ ဖြစ်သလို၊ နိုင်ငံတကာအခြေအနေကို အကျိုးအရှိဆုံး စီမံခန့်ခွဲနိုင်ရမှာ ဖြစ်ပါတယ်။
 
ထင်ထင်ရှားရှားမြင်တွေ့နေရသည့် အပြောင်းအလဲများ
-------------------------------------------

         နွေဦးတော်လှန်ရေးမှာ ထင်ထင်ရှားရှားမြင်တွေ့နိုင်တဲ့ အပြောင်းအလဲများစွာ ရှိပါတယ်။ ပြည်သူ လူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်တစားပါဝင်လာမှုဟာ အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။ မြန်မာ့နိုင်ငံရေး ပြဿနာဟာ စစ်အာဏာရှင်လူတစ်စုထက် ပိုကျယ်ပြန့်ပြီး အမျိုးသားလူထုအချင်းချင်းကြား တန်းတူညီမျှရေး မရှိမှုတွေ၊ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းပိုင်ခွင့်မရှိမှုတွေကြောင့် ဖြစ်တယ်ဆိုတာ ပိုပြီးထင်ထင်ရှားရှားမြင်လာ ကြသလို၊ တရားမျှတမှုသည် တော်လှန်ရေးကာလအတွင်းမှာပင် မျက်ကွယ်မပြုသင့်သည့် အရာဖြစ်တယ် ဆိုတာ ပိုပြီးမြင်လာကြပါတယ်။ စစ်ရေးအောင်မြင်မှုအမြင့်ဆုံးရောက်ရှိနေသလို၊ စစ်ကောင်စီကို စစ်ရေးနည်းနဲ့ အမြင့်ဆုံး ဖိအားပေးနိုင်တဲ့ အခြေအနေကို ဖန်တီးနိုင်ခဲ့ပါတယ်။

မြန်မာ့တော်လှန်ရေးသမိုင်းမှာ လွတ်မြောက် နယ်မြေအများဆုံးအချိန်လို့တောင် ဆိုနိုင်ပါတယ်။ စစ်တပ်တွင်း စိတ်ဓာတ်ပျက်ပြားမှုကို သိသိသာသာ မြင်တွေ့နေရတဲ့အချိန် ဖြစ်ပါတယ်။ နောက်ထပ် မြင်တွေ့နိုင်တဲ့အပြောင်းအလဲက လူမှုစံနှုန်းအပြောင်းအလဲ ဖြစ်ပါတယ်။ စစ်ရေးနဲ့ပတ်သက်ပြီးအမြင်တွေ ထင်ထင်ရှားရှားပြောင်းလဲလာသလို၊ ပြည်တွင်းစစ်အပေါ်၊ လက်နက်ကိုင်တော်လှန်ရေးတွေအပေါ် အမြင် ပြောင်းလဲလာပါတယ်။ အဆင့်ဆင့်ဖိနှိပ်မှုသဘောတရားကို ပိုပြီးမြင်သာလာတဲ့အချိန်အခါလို့လည်း ဆိုနိုင်ပါ တယ်။ နောက်ဆုံးထင်ရှားတဲ့ အပြောင်းအလဲတစ်ခုက နိုင်ငံတကာရဲ့ မြန်မာ့အရေးစိတ်ဝင်စားမှုနဲ့ ထောက်ပံ့မှု ဟာ ပြည်သူတွေ ထင်ထားတာထက်ကို အလွန်နည်းတာကို တွေ့ရပါတယ်။
 
အရေးတကြီးဖာထေးရမည့် ဟာကွက်များ
----------------------------------

            နွေဦးတော်လှန်ရေးဟာ အောင်မြင်နိုင်မှု အမြင့်ဆုံးအချိန်ကိုလည်း ရောက်ရှိနေပြီဖြစ်သလို၊ ထိခိုက်နာကျင်မှု အများဆုံးအနေအထားကိုလည်း ရောက်ရှိနေပါပြီ။ ဒါကြောင့် အားနည်းချက်တွေကို အရေး တကြီးဖာထေးသွားရမှာ ဖြစ်ပါတယ်။ အရေးတကြီး ဖာထေးရမဲ့ ဟာကွက်တွေကတော့ (၁) တော်လှန်ရေး ဦးဆောင်မှုကို ပိုမိုကောင်းမွန်ပြီးအံဝင်ဂွင်ကျဖြစ်အောင် လုပ်ဆောင်နိုင်ရန်၊ (၂) အုပ်ချုပ်မှုစွမ်းရည် ပိုမို ကောင်းမွန်လာရန်နဲ့ ဒေသလိုအပ်ချက်ကို အမြင့်ဆုံးဖြည့်ဆည်းပေးနိုင်ရန်နှင့် (၃) မဟာဗျူဟာမြောက် စစ်ရေး  လှုပ်ရှားများ ပိုမိုဖြစ်လာရန် ဖြစ်ပါတယ်။

            တော်လှန်ရေးဦးဆောင်မှုဟာ လက်ရှိအချိန်မှာ ဝေဖန်ခံရဆုံးအချက်တခု ဖြစ်နေပါတယ်။ ဒီဟာကွက် ကို သေချာစွာ သုံးသပ်ရင်းနဲ့ လူမှန်နေရာမှန်ဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ စနစ်ပြောင်း တော်လှန်ရေး တစ်ခု အောင်မြင်ဖို့ရန်အတွက် စိတ်၊ စေတနာ၊ ဇော အားကောင်းရုံနဲ့ မလုံလောက်ပါဘူး။ ခေါင်းဆောင်မှုပုံစံ မှန်ကန်မှုဟာ အလွန်အရေးကြီးပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာ စကားလုံးတွေနဲ့ ဦးဆောင်သူတွေ အလွန်များနေပြီး၊ အမြစ်မြေလှန်အပြောင်းအလဲလုပ်ချင်နေတဲ့ တလမ်းမောင်း ခေါင်းဆောင်သူတွေနဲ့ လက်တွေ့ကျတဲ့ခေါင်းဆောင်သူတွေက အားနည်းနေဆဲဖြစ်ပါတယ်။ ဒါဟာ လက်ရှိအချိန်မှာ အပူတပြင်း ဖာထေးရမဲ့ ဟာကွက်တွေ ဖြစ်ပါကြောင်း။          ။

“စနစ်ပြောင်း တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ရန်အတွက် စိတ်၊ စေတနာ၊ ဇော အားကောင်းရုံနဲ့ မလုံလောက်ပါဘူး။ ခေါင်းဆောင်မှုပုံစံ မှန်ကန်မှုဟာ အလွန်အရေးကြီးပါတယ်”

0 Comments

4/25/2025 0 Comments

မိမိကိုယ်တွင်း တော်လှန်ခြင်း (သို့မဟုတ်)အာဏာရှင်စနစ်မှ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီသို့

Picture
ရေးသားသူ- Liliane

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 

နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ကို တော်လှန်ရင်း မိမိကိုယ်တွင်း အာဏာရှင် စိတ်ဓာတ်နဲ့ အတွေးအခေါ်နဲ့ အမူအကျင့်တွေကို အတွင်းကျကျ ပယ်သတ်နိုင်မှသာလျှင် ဖက်ဒရယ်စနစ်ကို တပါတည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်

နိဒါန်း
-----


အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာ ပြည်သူတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အမူအကျင့် ပိုင်းဆိုင်ရာ ပြောင်းလဲမှုများဟာ အလွန်အရေးကြီးပါတယ်။ အာဏာရှင်စနစ်ဟာ လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်၊ အတွေးအခေါ်နဲ့ အပြုအမူများကို နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့နှင့်ပြီးသား ဖြစ်ပါတယ်။ထိုစနစ်ရဲ့ လွှမ်းမိုးမှုများကြောင့် ကိုယ်ပိုင်အတွေးအခေါ်၊ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စုပေါင်း ဆောင်ရွက်နိုင်စွမ်းတို့ ယုတ်လျော့ကျဆင်းပုံပျက်ခဲ့ကြရပါတယ်။

အာဏာရှင်ကိုဖြုတ်ချနိုင်ရုံနဲ့ တော်လှန်မှုရဲ့အနှစ်သာရကို မရရှိနိုင်ပါဘူး။ ပြည်သူ တစ်ယောက်ချင်း ကိုယ်တိုင်က မိမိတို့ရဲ့အခွင့်အရေးနဲ့ တာဝန်ဝတ္တရားတွေကို သိရှိနားလည်ရုံမျှမက လက်တွေ့ကျင့်သုံးတတ်ဖို့ စိတ်ပြင်းပြင်းပြပြရှိဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် လွတ်လပ်စွာတွေးခေါ်တတ်ခြင်း၊ မိမိရဲ့ အမြင် သဘောထားများကို ဖော်ထုတ်တတ်ခြင်း၊ တပါးသူအမြင်များကို လေးစားတတ်ခြင်း၊ အများပါဝင်သော ဆုံးဖြတ်ချက်များ ချမှတ်တတ်ခြင်းစတဲ့ ဒီမိုကရေစီ ကျင့်စဉ်များကိုလည်း လေ့လာကျင့်သုံးဖို့ လိုအပ်ပါတယ်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာမှာ နိုင်ငံရေးစနစ် ပြောင်းလဲခြင်း၊ ဥပဒေများ ပြဌာန်းခြင်း၊ အဖွဲ့အစည်းများ တည်ထောင်ခြင်း စသည့် အပေါ်ယံအဆင့် ပြောင်းလဲမှုများသာမက ပြည်သူ တစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် အမူအကျင့်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီသို့ လှမ်းချီနိုင်ရန်အတွက် မိမိကိုယ်ကို မည်သို့တော်လှန်ပြောင်းလဲသင့်ကြောင်း အသေးစိတ် ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။

“အာဏာရှင်စနစ်အောက်မှာ နှစ်ရှည်လများ နေထိုင်ခဲ့ရတာကြောင့် လူတစ်ဦးချင်းစီရဲ့ တွေးခေါ်မှုပုံစံနဲ့ အပြုအမူတွေဟာ စွဲကပ်နေတတ်ပါတယ်”

အာဏာရှင်စနစ်ရဲ့ လွှမ်းမိုးမှုများကို သိမြင်ခြင်း
--------------------------------------


အာဏာရှင်စနစ်အောက်မှာ နှစ်ရှည်လများ နေထိုင်ခဲ့ရတာကြောင့် လူတစ်ဦးချင်းစီရဲ့ တွေးခေါ်မှုပုံစံနဲ့ အပြုအမူတွေဟာ အောက်ပါ လက္ခဏာတွေ စွဲကပ်နေတတ်ပါတယ်။ ထိုလက္ခဏာတွေကို သိမြင်ခြင်းအားဖြင့် မိမိကိုယ်တွင်းမှာ အာဏာရှင်စနစ် ဘယ်လောက်အထိ အမြစ်တွယ်နေသလဲဆိုတာကို ပြန်ပြီး သုံးသပ်စစ်ဆေး နိုင်ပါတယ်။

၁။ ကိုယ့်ကိုယ်ကို မယုံကြည်မှု
  • မိမိရဲ့ စွမ်းဆောင်ရည်နဲ့ ဆုံးဖြတ်ချက်တွေအပေါ် ယုံကြည်မှု နည်းပါးခြင်း
  • မိမိရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေခြင်း
  • အသစ်အဆန်းတွေကို စမ်းသပ်လုပ်ဆောင်ဖို့ ရှောင်ရှားခြင်း
  • အခြားသူတွေရဲ့ အကဲဖြတ်မှုကို အလွန်အမင်း ကြောက်ရွံ့ခြင်း
  • မိမိရဲ့ အရည်အချင်းများကို လျှော့တွက်တတ်ခြင်း
  • အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ အခြားသူများအပေါ် အလွန်အမင်း မှီခိုတတ်ခြင်း

၂။ အထက်လူကြီးကို ကြောက်ရွံ့နာခံမှု
  • အထက်လူကြီးတွေရဲ့ အမိန့်ကို မေးခွန်းမထုတ်ဘဲ လိုက်နာခြင်း
  • အထက်လူကြီးတွေရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ကြောက်ရွံ့ခြင်း
  • ရာထူးအဆင့်အတန်းကိုသာ အလွန်အမင်း အလေးထားတတ်ခြင်း
  • အထက်လူကြီးတွေကို မျက်နှာလိုမျက်နှာရ လုပ်ကိုင်တတ်ခြင်း
  • အထက်အောက် ဆက်ဆံရေးတွင် ပွင့်လင်းမှု မရှိခြင်း
  • အထက်လူကြီးတွေ ရှိနေတဲ့အခါမှာ မိမိရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ဖုံးကွယ်ထားတတ်ခြင်း​

၃။ တာဝန်ယူမှု တိမ်းရှောင်ခြင်း
  • ပြဿနာတွေကို ရှောင်ရှားပြီး တာဝန်ကို အခြားသူတွေအပေါ် ပုံချခြင်း
  • မိမိရဲ့ အမှားတွေကို ဝန်ခံဖို့ တွန့်ဆုတ်ခြင်း
  • ခက်ခဲသော ဆုံးဖြတ်ချက်တွေကို ရှောင်ရှားတတ်ခြင်း
  • အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ကြားနေတတ်ခြင်း
  • ပြဿနာတွေကို ဖုံးကွယ်ထားပြီး ရင်မဆိုင်လိုခြင်း
  • အခြားသူတွေရဲ့ အမှားတွေကို တုံ့ပြန်ပြောဆိုဖို့ ရှောင်ရှားခြင်း

၄။ စုပေါင်းဆောင်ရွက်မှု အားနည်းခြင်း
  • အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တွန့်ဆုတ်ခြင်း
  • အဖွဲ့လိုက် ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ရှောင်ရှားခြင်း
  • အခြားသူတွေရဲ့ အကြံဉာဏ်တွေကို လက်ခံနိုင်ဖို့ ခက်ခဲခြင်း
  • မိမိရဲ့ အတွေးအမြင်တွေကို မျှဝေဖို့ တွန့်ဆုတ်ခြင်း
  • အများနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ဖို့ ရှောင်ရှားခြင်း
  • အများအကျိုးအတွက် ရပ်တည်ပြောဆိုဖို့ ကြောက်ရွံ့ခြင်း

“အာဏာရှင်အမူအကျင့်တွေကို အပြောင်းအလဲ မပြုလုပ်ဘဲ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲရုံနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

ထိုလက္ခဏာအားလုံးဟာ အာဏာရှင်စနစ်ရဲ့ စနစ်တကျဖိနှိပ်ချုပ်ချယ်မှုတွေကနေ ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။ ထိုအမူအကျင့်တွေဟာ လူတစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရုံ သာမက၊ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးကိုပါ အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် ထိုလက္ခဏာတွေကို ကျော်လွှားနိုင်ရန်အတွက် မိမိကိုယ်ကို တော်လှန်ပြောင်းလဲဖို့ အလွန်အရေးကြီး ပါသည်။ ဒီလိုအပြောင်းအလဲတွေ မပြုလုပ်ဘဲ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲရုံနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

မိမိကိုယ်ကို တော်လှန်ခြင်း
-----------------------


ဖက်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်ဖို့အတွက် အထက်ပါ စိတ်ပိုင်းဆိုင်ရာနဲ့ အမူအကျင့်ပိုင်း ဆိုင်ရာ အားနည်းချက်တွေကို ကျော်လွှားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အောက်ပါ နယ်ပယ်တွေမှာ မိမိကိုယ်ကို တော်လှန်ပြောင်းလဲနိုင်ဖို့ အရေးကြီးပါတယ်။

၁။ စိတ်ပိုင်းဆိုင်ရာ တော်လှန်ခြင်း
  • မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ခြင်း
  • ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်စေခြင်း
  • အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေ မွေးမြူခြင်း
  • စိတ်ဓာတ်ခွန်အား မြှင့်တင်ခြင်း
  • မိမိရဲ့ အခွင့်အရေးနဲ့ တန်ဖိုးကို သိမြင်နားလည်ခြင်း
  • စိတ်ဓာတ်ကျဆင်းမှုတွေကို ကျော်လွှားတတ်စေခြင်း

၂။ အသိပညာပိုင်းဆိုင်ရာ တော်လှန်ခြင်း
  • ပညာရေးနှင့် အသိပညာ တိုးမြှင့်ခြင်း
  • သတင်းအချက်အလက်တွေကို စနစ်တကျ ဆန်းစစ်လေ့လာခြင်း
  • အတွေးအခေါ်သစ်တွေကို လက်ခံတတ်စေခြင်း
  • လေ့လာသင်ယူမှုကို အမြဲပြုလုပ်နေခြင်း
  • အခြားသူတွေကနေ သင်ခန်းစာယူတတ်စေခြင်း
  • ဆန်းသစ်တီထွင်မှု စွမ်းရည်တွေ မြှင့်တင်ခြင်း

၃။ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ တော်လှန်ခြင်း
  • အခြားသူတွေနဲ့ ထိရောက်စွာ ဆက်သွယ်ပြောဆိုခြင်း
  • ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းတတ်စေခြင်း
  • အခြားသူတွေရဲ့ အမြင်တွေကို လေးစားခြင်း
  • စုပေါင်းဆောင်ရွက်မှု အားကောင်းစေခြင်း
  • ကိုယ်ချင်းစာနာတတ်စေခြင်း
  • လူမှုကွန်ရက်တွေ တည်ဆောက်နိုင်ခြင်း

၄။ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ တော်လှန်ခြင်း
  • တာဝန်ယူမှု တာဝန်ခံမှု အားကောင်းစေခြင်း
  • ဦးဆောင်မှု စွမ်းရည်များ မြှင့်တင်ခြင်း
  • အခြားသူတွေကို လမ်းညွှန်နိုင်စွမ်း တိုးတက်စေခြင်း
  • စည်းရုံးရေးစွမ်းရည် မြှင့်တင်ခြင်း
  • ရှေ့ဆောင်ရှေ့ရွက်ပြု လုပ်ဆောင်တတ်စေခြင်း
  • အဖွဲ့အစည်းစီမံခန့်ခွဲမှု စွမ်းရည်တွေ တိုးတက်စေခြင်း
 
၅။ နိုင်ငံသားပိုင်းဆိုင်ရာ တော်လှန်ခြင်း
  • နိုင်ငံသားတာဝန်နှင့် အခွင့်အရေးတွေကို နားလည်ခြင်း
  • အများအကျိုးအတွက် ပါဝင်ဆောင်ရွက်ခြင်း
  • တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာခြင်း
  • လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ခြင်း
  • ပြည်သူ့ရေးရာကိစ္စတွေမှာ တက်ကြွစွာ ပါဝင်ခြင်း
  • အဂတိလိုက်စားမှုကို ဆန့်ကျင်တိုက်ဖျက်ခြင်း
 
လက်တွေ့လုပ်ဆောင်ရမည့် အချက်များ
---------------------------------


          အာဏာရှင်စနစ်မှ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာမှာ အဖွဲ့အစည်းတွေ၊ ဥပဒေတွေ ပြောင်းလဲရုံနဲ့ မလုံလောက်ပါဘူး။ ပြည်သူတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အမူအကျင့်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေလည်း လိုအပ်ပါတယ်။ မိမိကိုယ်ကို တော်လှန်ပြောင်းလဲခြင်းဟာ အချိန်ယူရပြီး၊ စိတ်ရှည် သည်းခံရတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေမဲ့ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။

၁။ တစ်ဦးချင်းအဆင့်
  • စာဖတ်ခြင်းကို အလေ့အကျင့်ပြုရန်
  • အခြားသူတွေရဲ့ အတွေးအမြင်တွေကို လေ့လာရန်
  • မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိရှိအောင် လုပ်ဆောင်ရန်
  • ကိုယ်ပိုင်အတွေးအခေါ်ကို မြှင့်တင်ရန်

၂။ မိသားစုအဆင့်
  • မိသားစုတွင်း ဆွေးနွေးမှုတွေ ပြုလုပ်ရန်
  • ဆုံးဖြတ်ချက်တွေကို အတူတကွ ချမှတ်ရန်
  • တာဝန်ယူမှု တာဝန်ခံမှုကို လေ့ကျင့်ရန်

၃။ လူမှုအသိုင်းအဝိုင်းအဆင့်
​
  • မတူကွဲပြားတဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံရန်
  • အများပါဝင်သော ဆွေးနွေးပွဲတွေမှာ တက်ကြွစွာ ပါဝင်ရန်
  • အခြားသူတွေရဲ့ အမြင်တွေကို နားထောင်တတ်ရန်
  • ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင်ရန်
  • အရပ်ဖက်အဖွဲ့အစည်းတွေမှာ ပူးပေါင်းဆောင်ရွက်ရန်
  • လူမှုကွန်ရက်များမှတဆင့် အသိပညာ မျှဝေရန်

မိမိကိုယ်ကို တော်လှန်ပြောင်းလဲခြင်းဟာ အာဏာရှင်စနစ်ရဲ့ လွှမ်းမိုးမှုများကို ဖယ်ရှားပြီး စစ်မှန်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုပေါ်ထွန်းလာစေဖို့ အထောက်အကူပြုပါတယ်။ ထိုပြောင်းလဲမှုတွေဟာ တစ်ဦးချင်း အဆင့်မှစတင်ပြီး တဖြည်းဖြည်းပြန့်ပွားစေကာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပြောင်းလဲမှုကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ မိမိကိုယ်ကို တော်လှန်ပြောင်းလဲခြင်းကား တော်လှန်ရေး တစ်ခု အောင်မြင်ဖို့အတွက် အဓိက သော့ချက်ဖြစ်ပါတယ်။ မလွဲမသွေလုပ်ဆောင်ရမဲ့ အရာဖြစ်သလို၊ အလွန်ခက်ခဲတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ကို တော်လှန်ရင်း မိမိကိုယ်တွင်း အာဏာရှင် စိတ်ဓာတ်နဲ့ အတွေးအခေါ်နဲ့ အမူအကျင့်တွေကို အတွင်းကျကျ ပယ်သတ်နိုင်မှသာလျှင် ဖက်ဒရယ်စနစ်ကို တပါတည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်မှ နောက်ထပ် သဏ္ဍာန်ကွဲစစ်အာဏာရှင်စနစ်တွေ၊ အရပ်သားအာဏာရှင်စနစ်တွေ ပေါ်ထွန်းလာဖို့အတွက် လမ်းစမဖြစ်စေဖို့ လိုပါတယ်။

ဒါကြောင့် အာဏာရှင်ပေါက်ပွားနိုင်သော စိတ်ဓာတ်၊ အတွေးအခေါ်၊ ရပ်တည်ချက်၊ အမူအကျင့် တွေကို အပြီးတိုင်ပယ်သတ်ခြင်းဖြင့် စစ်အာဏာရှင်စနစ်မှ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် ပြောင်းလဲပေးနိုင်တဲ့ စနစ်ပြောင်းတော်လှန်ရေးတစ်ခု ဖြစ်လာစေဖို့ တစ်ဦးတစ်ယောက်ချင်းစီက တာဝန်ယူမှု အပြည့်နဲ့ မိမိကိုယ်တွင်းတော်လှန်ခြင်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြဖို့ စိတ်နှလုံးနှစ်ပြီး တိုက်တွန်း အပ်ပါတယ်။

“အာဏာရှင်ပေါက်ပွားနိုင်သော စိတ်ဓာတ်၊ အတွေးအခေါ်၊ ရပ်တည်ချက်၊ အမူအကျင့် တွေကို အပြီးတိုင်ပယ်သတ်ခြင်းဖြင့် စစ်အာဏာရှင်စနစ်မှ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် ပြောင်းလဲပေးနိုင်တဲ့ စနစ်ပြောင်းတော်လှန်ရေးတစ်ခု ဖြစ်လာစေဖို့ တစ်ဦးတစ်ယောက်ချင်းစီက တာဝန်ယူမှု အပြည့်နဲ့ မိမိကိုယ်တွင်းတော်လှန်ခြင်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြဖို့ စိတ်နှလုံးနှစ်ပြီး တိုက်တွန်း အပ်ပါတယ်”


အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
 https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media



0 Comments

4/25/2025 0 Comments

တော်လှန်ရေးနှင့် အယူဝါဒ

Picture
ရေးသူ - Liliane
​
အမျိုးသမီးအသံအမျိုးသမီးအားမာန်စာစဉ် အမှတ် (၆) မှ ကောက်နုတ်တင်ပြသည်။ 

နိဒါန်း
-------


တော်လှန်ရေးတိုင်းတွင် အယူဝါဒတစ်ခု မပါမဖြစ် ပါသည်။ အယူဝါဒသည် ရုပ်ရှင်ကားတစ်ကားတွင် ပါရှိရမည့် ဇာတ်ညွှန်းကဲ့သို့ ဖြစ်ပါသည်။ ဇာတ်ညွှန်းမရှိဘဲ ဇာတ်ကားကောင်းတစ်ခု မဖန်တီးနိုင်သကဲ့သို့ အယူဝါဒမရှိဘဲ တော်လှန်ရေးတစ်ရပ် အောင်မြင်ရန် မဖြစ်နိုင်ပါ။ အယူဝါဒသည် တော်လှန်ရေးတစ်ခု၏ အမြုတေဖြစ်သည်။

သမိုင်းကို ပြန်လည်လေ့လာကြည့်ပါက ပြင်သစ်တော်လှန်ရေး၊ အမေရိကန်တော်လှန်ရေး၊ ရုရှားတော်လှန်ရေး၊ တရုတ်တော်လှန်ရေးမှစ၍ ကမ္ဘာအနှံ့ဖြစ်ပွားခဲ့သော တော်လှန်ရေးတိုင်းသည် ရှင်းလင်းသော အယူဝါဒဆိုင်ရာ ခံယူချက်များမှ အစပြုခဲ့ကြသည်။ ၎င်းတို့အားလုံးတွင် တွန်းလှန်ရမည့်စနစ်ကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချထားသော အယူဝါဒများနှင့် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် အပြုသဘောဆောင်သော ရည်မှန်းချက်များကို မြင်တွေ့ရပါသည်။
 
အယူဝါဒဟူသည်
----------------


အယူဝါဒဟူသည် လူ့အဖွဲ့အစည်း (သို့မဟုတ် ဖြစ်နိုင်ချေရှိသော အုပ်စုသေးငယ်တစ်ခု) ကို စည်းနှောင် ထားသော စိတ်ခံစားမှုပြင်းထန်သည့် အတွေးအခေါ်၊ ယုံကြည်ချက်၊ သမိုင်း၊ ပုံပြင်များနှင့် တန်ဖိုးထားမှုများ ကနေ စုစည်းပုံဖော်ထားသော စနစ်တစ်ခု ဖြစ်ပါသည်။ အယူဝါဒသည် လူတစ်ဦးတည်း၏ အတွေးအခေါ် မဟုတ်ဘဲ လူအုပ်စုတစ်ခုလုံး၏ ယုံကြည်ချက်နှင့် အမြင်စနစ်တစ်ခု ဖြစ်သည်။ ၎င်းသည် လူအုပ်စုတစ်ခု၏ လုပ်ဆောင်ချက်များကို လမ်းညွှန်ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်များနှင့် တုံ့ပြန်မှုများကို ပုံဖော် ပေးသည်။

အယူဝါဒ၏ အရေးပါသော လက္ခဏာတစ်ခုမှာ စိတ်ခံစားမှုကို လှုံ့ဆော်ပေးနိုင်ခြင်း၊ စိတ်ခံစားမှု ဆိုင်ရာ တုံ့ပြန်မှုကို ဆွဲဆောင်ခြင်းနှင့် ခံစားမှုကို ဖြစ်စေခြင်း ဖြစ်သည်။ အယူဝါဒသည် လူတစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာနှင့် ခံစားမှုပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို ဖြစ်ပေါ်စေပြီး စုပေါင်းခံစားချက်များနှင့် ခံယူချက်များ ကို ဖန်တီးပေးသည်။

အယူဝါဒသည် သင်္ကေတများမှတဆင့် သမိုင်းကြောင်း၊ ဒဏ္ဍာရီများနှင့် တန်ဖိုးထားမှုများကို ဆက်သွယ်ပေးသည်။ သင်္ကေတများဆိုသည်မှာ အလံ၊ ယဉ်ကျေးမှုများ၊ ဆော်ကြောသံများ စသည့် အရာများဖြစ်သည်။ သင်္ကေတများသည် အဓိပ္ပါယ်ကျယ်ပြန့်မှုကို ကိုယ်စားပြုပြီး မတူညီတဲ့နိုင်ငံရေးအစုအဖွဲ့ အကြား တည်ရှိနေတဲ့အဓိပ္ပါယ်ကို ချက်ချင်း နားလည်စေသည်။

ဥပမာအားဖြင့် လက်သုံးချောင်းထောင်သည့် သင်္ကေတသည် နွေဦးတော်လှန်ရေးအင်အားစုကို ကိုယ်စားပြုပြီး၊ ဟင်္သာသင်္ကေတသည် မွန်လူမျိုးဖြစ်တည်မှု၊ အောက်ချင်းငှက်သည် ချင်းလူမျိုးဖြစ်တည်မှု၊ ဖားစည်သည် ကရင်လူမျိုးဖြစ်တည်မှုကို ကိုယ်စားပြုသည်။
 
အယူဝါဒ ပေါ်ထွန်းလာပုံ
---------------------


အယူဝါဒများသည် ဗလာကျင်းအခြေအနေထဲမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ယေဘုယျအားဖြင့် လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ခွဲခြားဖိနှိပ်ဖယ်ကျဉ်မှုများနှင့် အတင်းအဓမ္မလုယူခံရမှုများကြောင့် လူအုပ်စုတစ်စု၏ အသိစိတ်သည် ပြောင်းလဲသွားပြီး အယူဝါဒ ပေါ်ပေါက် လာခြင်း ဖြစ်သည်။

ဤအတင်းအဓမ္မလုယူမှုများ၊ ဆိုးရွားသောခွဲခြားဖိနှိပ်ဖယ်ကျဉ်မှုများသည် မကျေနပ်မှု၊ ဒေါသနှင့် ပုန်ကန်မှုကို တွန်းအားပေးသည့် ဆန္ဒတို့ကို ဖြစ်ပေါ်စေပြီး လက်ရှိအနေအထားကို ပြောင်းလဲရန် စုပေါင်းဆန္ဒတစ်ခုကို ဖြစ်ပေါ်စေသည်။

တော်လှန်ရေးအယူဝါဒ ပေါ်ပေါက်လာပုံကို အဓိကအဆင့် (၃) ဆင့်ဖြင့် ဖော်ပြနိုင်သည်။ ပထမအဆင့်မှာ လက်ရှိအခြေအနေကို ကျင့်ဝတ်မဲ့သည်ဟု အပြည့်အဝဝေဖန်ခြင်း ဖြစ်သည်။ တော်လှန်ရေး အယူဝါဒတိုင်းသည် မတရားသော လက်ရှိလူမှုစနစ်ကို ရှုတ်ချသည်။ လက်ရှိစနစ်၏ ရှုပ်ထွေးသော ပြဿနာများ၊ ချို့ယွင်းချက်များနှင့် အားနည်းချက်များကို ပြသပြီး ဤပြဿနာများကို ဖြေရှင်းရန် လက်ရှိ စနစ်၏စွမ်းရည်မရှိကြောင်း ဖော်ထုတ်ဝေဖန်သည်။

ဤအဆင့်သည် လက်ရှိအုပ်ချုပ်သူ၏ တရားဝင်မှုကို မေးခွန်းထုတ်ရန် ရည်ရွယ်ထားပြီး အုပ်ချုပ်သူ၏ စိတ်ဓာတ်နှင့် စည်းကမ်းကို ယိုယွင်းစေသည်။ ကျင့်ဝတ် ဆိုင်ရာ ဒေါသ၊ ကျင့်ဝတ်ဆိုင်ရာ စိတ်ဆိုးမှု၊ ကျင့်ဝတ်ဆိုင်ရာ ကန့်ကွက်မှုများသည် တော်လှန်ရေးအယူဝါဒများ အတွက် မရှိမဖြစ် လိုအပ်သည်။

ဒုတိယအဆင့်မှာ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် အခြားရွေးချယ်စရာ အမြင်တစ်ခုကို သတ်မှတ်ခြင်း ဖြစ်သည်။ တော်လှန်ရေးအယူဝါဒသည် လူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်သော၊ ပိုမိုတရားမျှတသော၊ ပိုမိုတန်းတူညီမျှသော အနာဂတ်ကို ခြယ်မှုန်းသည်။ ဤအဆင့်တွင် အယူဝါဒသည် ၎င်း၏ ကိုယ်ပိုင် အပြုသဘောဆောင်သော တန်ဖိုးများကို ပြန်လည်သတ်မှတ်သည်။

လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ ညီအစ်ကိုရင်းချာစိတ်ဓာတ်၊ လူသားဆန်မှုစသည့် စံနှုန်းများကို အခြေပြုပြီး အတွေးသစ်၊ အမြင်သစ်ကို ဖန်တီးသည်။ ဤအခြားရွေးချယ်စရာ အမြင်သည် ကြီးကျယ်သောဒဏ္ဍာရီကို အခြေခံ၍ ကြီးကျယ်သော ဟန်ချက်ညီသော လူ့အဖွဲ့အစည်းပုံရိပ်တစ်ခုကို ဖော်ပြသည်။ ထိုအမြင်သစ်သည် လွန်ကဲသော တန်ဖိုးများကို ဖော်ပြပြီး လူထုအတွက် စည်းရုံးရေးဆော်ကြောသံ ဖြစ်လာသည်။

စည်းရုံးရေး အား အကောင်းဆုံးဖြစ်ရန် ထိုအမြင်ကို ပိုမိုနားလည်စွဲမြဲပြီး သုံးစွဲရန်အတွက် ရိုးရှင်းအောင် ပြုလုပ်ရသည်။ ထို့ကြောင့် လီနင်၏ “မြေယာ၊ ငြိမ်းချမ်းရေးနှင့် ပေါင်မုန့်” ဆိုသော ဆော်ဩသံ သို့မဟုတ် နွေဦးတော်လှန်ရေး တွင် “ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး” ကဲ့သို့ ကြွေးကြော်သံကို မြင်ရနိုင်သည်။

တတိယအဆင့်မှာ အမြင်သစ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ချက်အစီအစဉ် တစ်ခုကို ဖန်တီးခြင်းဖြစ်သည်။ တော်လှန်ရေးအယူဝါဒသည် အတွေးအခေါ်သစ်များ ရရှိရန် အကောင်အထည်ဖော်ရမည့် လုပ်ဆောင်ချက်အစီအစဉ်တစ်ခုလည်း ပါဝင်သည်။ တနည်းပြောရလျှင် တော်လှန်ရေးအယူဝါဒသည် အမြင် များနှင့် တန်ဖိုးထားမှုများ အကောင်အထည်ဖော်ရန်အတွက် အင်အားစုအသီးသီး၏ လုပ်ဆောင်ချက်ပုံစံများကို ဆက်စပ်ရန် ရှာဖွေသည်။

အချို့တော်လှန်ရေးအယူဝါဒများတွင် ချက်ချင်း လုပ်ဆောင်ရမည့်အရာများ၊ အချိန်ကာလတခုတွင် မဖြစ်မနေအကောင်အထည်ဖော်ရမည့်အရာများနှင့် နောက်ဆုံးမှ အကောင်အထည် ဖော်ဆောင်ရမည့် ရည်မှန်းချက်များဟူ၍ သတ်မှတ်သော ဦးစားပေး အစီအစဉ်တစ်ခု ပါဝင်နိုင်သည်။

“တော်လှန်ရေးအောင်မြင်ရန်အတွက် အယူဝါဒသည် ကျယ်ပြန့်သော လူထုထောက်ခံမှု ရရှိရမည် ဖြစ်သည်”

တော်လှန်ရေးအောင်မြင်ရန်အတွက် အယူဝါဒသည် ကျယ်ပြန့်သော လူထုထောက်ခံမှု ရရှိရမည် ဖြစ်သည်။ တနည်းအားဖြင့် အယူဝါဒသည် ပြောင်းလွယ်ပြင်လွယ်ရှိပြီး အခွင့်အရေးကို လိုက်၍ ဆောင်ရွက် နိုင်ရမည်။ အမျိုးမျိုးသောကိစ္စရပ်များအပေါ် အယူဝါဒ၏ ရပ်တည်ချက်သည် သတ်မှတ်ပြီး အပြီးသတ်ဖြစ်၍ မရပေ။ ရှေ့တိုးနောက်ဆုတ်လုပ်ရန်နှင့် ညှိနှိုင်းရန် လုံလောက်သော နေရာချန်လှပ် ထားရမည်။ အယူဝါဒ ဆိုင်ရာ အစွန်းရောက်မှုသည် တော်လှန်ရေးကျဆုံးခြင်းကို ဖြစ်စေနိုင်သည်။
 
တော်လှန်ရေးအပေါ် အယူဝါဒ၏ လွှမ်းမိုးနိုင်မှုများ
-----------------------------------------


            တော်လှန်ရေးအယူဝါဒသည် တော်လှန်ရေး၏ ခရီးလမ်းကြောင်းနှင့် ရလဒ်ကို ပုံဖော်ပေးသည်။ တော်လှန်ရေးအပေါ် အယူဝါဒ၏ လွှမ်းမိုးနိုင်မှုများကို ဖော်ပြရပါက -

(၁) ရေရှည်ရည်မှန်းချက်ကို သတ်မှတ်ပေးခြင်း - အယူဝါဒသည် တော်လှန်ရေး၏ ရေရှည် ရည်မှန်းချက်နှင့် အနာဂတ်မျှော်မှန်းချက်ကို သတ်မှတ်ပေးသည်။ ရှင်းလင်းသော ရည်မှန်းချက်မရှိဘဲ တော်လှန်ရေးသည် ဦးတည်ချက်ပျောက်ဆုံးပြီး ကမောက်ကမ ဖြစ်နိုင်သည်။ ရည်ရွယ်ချက် ရှင်းလင်းသော အယူဝါဒရှိခြင်းက တော်လှန်ရေးသမားများကို အာရုံစူးစိုက်မှုရှိစေပြီး လတ်တလော အဆင်ပြေမှုအတွက် ရည်မှန်းချက်ကို စွန့်လွှတ်ခြင်းမရှိဘဲ ရေရှည်ပန်းတိုင်ဆီသို့ ရောက်ရှိအောင် ဇွဲလုံ့လဖြင့် ကြိုးပမ်းစေသည်။

(၂) ဆွဲဆောင်စည်းရုံးမှုကို အားပေးခြင်း - စိတ်ဓာတ်လှုံ့ဆော်မှုရှိပြီး၊ ရှင်းလင်းပေါ်လွင်သော၊ ပြတ်သားသည့် အယူဝါဒသည် သာမန်ပြည်သူများကို တော်လှန်ရေးတွင် ပါဝင်လာရန် ဆွဲဆောင်နိုင်ပါသည်။

တော်လှန်ရေးခေါင်းဆောင်မှုသည် လူထု၏ နာကျင်မှုနှင့် မကျေနပ်မှုကို အခြေခံ၍ တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်လာအောင် လုပ်ဆောင်ရမည်။တော်လှန်ရေးသမားများ၏ လူထု အပေါ် စည်းရုံးရေးနှင့် နိုင်ငံရေးအသိပညာပေးနိုင်လေလေ၊ လူထုလိုလားသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်လေလေ တော်လှန်ရေးအောင်မြင်ရန် အခွင့်အလမ်းများ ပိုမိုများပြားလေ ဖြစ်သည်။

(၃) တော်လှန်ရေးလုပ်ဆောင်ချက်များကို တရားဝင်ဖြစ်စေခြင်း - အယူဝါဒသည် တော်လှန်ရေး သမားများ၏ လုပ်ဆောင်ချက်များကို တရားဝင်ဖြစ်စေပြီး ဂုဏ်သိက္ခာပေးသည်။

တရားမျှတမှုရှိသော၊ ကျင့်ဝတ်နှင့်ညီသော အယူဝါဒတစ်ခုကို အခြေခံခြင်းဖြင့် တော်လှန်ရေးသမားများသည် သူတို့၏ လုပ်ဆောင်ချက်များနှင့် တိုက်ပွဲဝင်မှုများအတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ အားအင်နှင့် ခိုင်မာမှုကို ရရှိစေသည်။ တော်လှန်ရေးသမားများကို သူတို့လုပ်ဆောင်နေသည့်အရာသည် မှန်ကန်သည်ဟု ခံစားစေပြီး လူထုက သူတို့၏ လုပ်ဆောင်ချက်များကို နားလည်ပံ့ပိုးရန် အခွင့်အလမ်း ပိုပေးသည်။

(၄) ကိုယ်ကျိုးစွန့် စွန့်လွှတ်အနစ်နာခံမှုကို မြှင့်တင်ခြင်း - တော်လှန်ရေးသည် တစ်ဦးချင်းထက် အုပ်စုလိုက် စွန့်လွှတ်အနစ်နာခံမှုကို လိုအပ်သည်။ ခိုင်မာသော အယူဝါဒနှင့် တည်ဆောက်ထားသော တော်လှန်ရေးသမားများသည် သူတို့၏ ကိုယ်ပိုင်အသက်ကိုပင် စွန့်လွှတ်ရန် အဆင်သင့်ဖြစ်ကြသည်။ တော်လှန်ရေးတစ်ခုတွင် ဤကဲ့သို့သော စွန့်လွှတ်အနစ်နာခံမှုမျိုးမရှိလျှင် ၎င်းသည် တော်လှန်ရေး၏ အဓိက စွမ်းအားစုကို ဆုံးရှုံးစေသည်။

(၅) တော်လှန်ရေးသမားများအား စိတ်ဓာတ်ခွန်အားပေးခြင်း - တော်လှန်ရေးသည် အရိပ်အမြွက် မျှသာ အမြင်ရသော ရေရှည်တိုက်ပွဲတစ်ခု ဖြစ်သည်။

ဤကဲ့သို့သော ခက်ခဲသောခရီးလမ်းတွင် တော်လှန်ရေးသမားများအား စွမ်းအင်ဖြည့်ပြီး စိတ်ဓာတ်ခွန်အားပေးသော အယူဝါဒသည် မရှိမဖြစ် လိုအပ်သည်။ အယူဝါဒသည် တော်လှန်ရေးသမားများအား ၎င်းတို့၏ စိတ်ဓာတ်နှင့် ရည်မှန်းချက်ကို ထိန်းသိမ်းထားရန် ကူညီပေးပြီး ခက်ခဲသောအခြေအနေများကို ကျော်လွှားရန် စွမ်းအားပေးသည်။ ၎င်းသည် အရှုံးနှင့် ကျဆုံးမှုများ၏ ဒဏ်ကို ခံနိုင်ရည်ရှိစေပြီး တော်လှန်ရေးကို ရှေ့ဆက်ရန် ခွန်အား ဖြစ်စေသည်။

(၆) စည်းလုံးညီညွတ်မှုကို မြှင့်တင်ခြင်း - ရှင်းလင်းသောအယူဝါဒသည် တော်လှန်ရေးအင်အားစုများ အကြား ယုံကြည်မှုကို ပိုဖြစ်စေပြီး စည်းလုံးမှုကို ပိုဖြစ်စေနိုင်သည်။ မတူညီသောအမြင်များကိုလည်း ညှိနှိုင်းရ ပိုလွယ်ကူစေသည်။ တော်လှန်ရေးအောင်မြင်မှုသည် တော်လှန်ရေးအင်အားစုကို စုစည်း နိုင်ခြင်းနှင့် ရလဒ်များကို စုပေါင်းရရှိခြင်းအပေါ် များစွာမူတည်သည်။

(၇) အရေးပေါ်ဆုံးဖြတ်ချက်များအတွက် လမ်းညွှန်ချက်ပေးခြင်း - တော်လှန်ရေးသည် မမျှော်လင့် ထားသော ပြဿနာများနှင့် ရက်စက်ကြမ်းကြုတ်သော ရွေးချယ်မှုများကို မကြာခဏ ရင်ဆိုင်ရသည်။ ဤအခြေအနေများတွင် အယူဝါဒသည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အကျိုးဖြစ်ထွန်းသော လမ်းညွှန်မှု ကို ပေးနိုင်သည်။ ခိုင်မာသော အယူဝါဒရှိသော တော်လှန်ရေးသမားများသည် ၎င်းတို့၏ အခြေခံ တန်ဖိုးများနှင့် ရည်မှန်းချက်များကို မစွန့်လွှတ်ဘဲ မျှော်မှန်းမထားသော အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုအဆင်သင့် ဖြစ်ကြသည်။

(၈) တော်လှန်ရေးအလွန် ပြုပြင်ပြောင်းလဲရေးများအတွက် အခြေခံအုတ်မြစ်ချခြင်း - အယူဝါဒသည် တော်လှန်ရေးအလွန် လူမှုပြုပြင်ပြောင်းလဲရေးများနှင့် အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုများအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ခိုင်မာပြီး တိကျသော ရှင်းလင်းသောအယူဝါဒမရှိဘဲ တော်လှန်ရေးသည် အစိုးရတစ်ရပ်ကို ပြုတ်ကျစေခြင်းဖြင့်သာ အဆုံးသတ်သွားပြီး ပိုမိုကောင်းမွန်ကာ၊ တရားမျှတသော၊ တန်းတူညီမျှသည့် လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်မည် မဟုတ်ပါ။
 
နိဂုံး
-----


တော်လှန်ရေးတိုင်းသည် အယူဝါဒဆိုင်ရာ ရည်မှန်းချက်များနှင့် ခံယူချက်များ ပါရှိသည်။ အယူဝါဒများ မပါသော တော်လှန်ရေးများသည် ဖရိုဖရဲဖြစ်ကာ အကျိုးမဲ့၊ သို့မဟုတ် ဖိနှိပ်သော စနစ်တစ်ခုကို အခြား တစ်ခုဖြင့် အစားထိုးသည့် ရလဒ်သာ ဖြစ်ပေါ်စေသည်။ တော်လှန်ရေးတိုင်းတွင် ထိရောက်သော အယူဝါဒသည် သာတူညီမျှကာ ပိုမိုတရားမျှတမှု၊ လူသားဆန်မှုရှိသော လူ့အဖွဲ့အစည်းတစ်ခုဆီသို့ ဦးတည်စေသည့် အရေးပါသော ကိရိယာတစ်ခု ဖြစ်သည်။

တော်လှန်ရေးတစ်ခု၏ အောင်မြင်မှုသည် ထိရောက်သော အယူဝါဒနှင့် ခိုင်မာသည့်ချဉ်းကပ်မှု၏ ပေါင်းစပ်မှုအပေါ် မူတည်ပါသည်။ သို့မှသာ တော်လှန်ရေးသည် စစ်မှန်သော လူသားဆန်သော လူမှုအသိုင်းအဝိုင်းသစ်တစ်ခု ဖန်တီးရန် ရည်မှန်းချက်ကို ပြည့်မီနိုင်မည် ဖြစ်ပါသည်။

အယူဝါဒသည် တော်လှန်ရေး၏ စိတ်ဝိဉာဉ်ဖြစ်ပြီး ထိုစိတ်တန်ခိုးနှင့် ကြီးမားသော ရန်သူကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် ခိုင်မာအားကောင်းသော အယူဝါဒတစ်ခုကို တည်ဆောက်နိုင်မှသာ တော်လှန်ရေးအောင်ပွဲကို မြင်တွေ့ကြရမှာ ဖြစ်ပါသည်။
​
“အယူဝါဒ ဆိုင်ရာ အစွန်းရောက်မှုသည် တော်လှန်ရေးကျဆုံးခြင်းကို ဖြစ်စေနိုင်သည်”
​



အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
 https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments

4/25/2025 0 Comments

တော်လှန်သောစိတ်များ

Picture
ရေးသူ - Liliane

အမျိုးသမီးအသံအမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) မှ ကောက်နုတ်တင်ပြသည်။ 


မြန်မာပြည်သူများသည် မိမိတို့ကိုယ်ကို “ဖိနှိပ်ခံပြည်သူများ” အဖြစ်မှ “တော်လှန်သော နိုင်ငံသားများ” အဖြစ်သို့ ပြောင်းလဲသတ်မှတ်လာကြသည်

နိဒါန်း
-------


နွေဦးတော်လှန်ရေးသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် စတင်ခဲ့ပြီး ယခုအခါ နက်ရှိုင်းသော သမိုင်းဝင် လူမှုစီးပွား၊ နိုင်ငံရေး ပြောင်းလဲမှုဆီသို့ ဦးတည်နေပါသည်။ စစ်အာဏာသိမ်းမှု ဖြစ်စဉ်ကို လုံးဝလက်မခံရာကနေ စစ်အာဏာသိမ်းမှုကို ဖြစ်စေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံအုတ်မြစ် အားလုံးကို ပြောင်းလဲရန် ဦးတည်စေခဲ့ပါသည်။ မတရားလုပ်ရပ်ကနေ မတရားမှုအားလုံး၊ ဖိနှိပ်ချုပ်ကိုင်မှုနှင့် ချယ်လှယ်အုပ်စိုးမှုအားလုံးကို ပြည်သူလူထုတရပ်လုံးက မြင်ခဲ့ကြရသည်။ ဤသည်ကား မြန်မာ့နွေဦးတော်လှန်ရေးပေတည်း။

တော်လှန်ရေးဆိုသည်မှာ လူမှုအဖွဲ့အစည်းတစ်ရပ်၏ နိုင်ငံရေး၊ လူမှုရေး သို့မဟုတ် စီးပွားရေးစနစ် များကို အခြေခံကျကျ ပြောင်းလဲရန် ရည်ရွယ်သည်။ တော်လှန်ရေးများကို  နိုင်ငံရေးရှုထောင့်၊ စီးပွားရေး ရှုထောင့်မှ လေ့လာသလို စိတ်ပညာအခြေခံကနေလည်း လေ့လာကြည့်ရန် အလွန်အရေးကြီးသည်။ Charles A. Ellwood၊ Peter H. Amann၊ Gustave Le Bon နှင့် Dale Yoder အစရှိသော ပညာရှင်များက စိတ်ပညာရပ်ဆိုင်ရာ ချဉ်းကပ်နည်းများဖြင့် တော်လှန်ရေးများကို လေ့လာဆန်းစစ်ခဲ့ကြသည်။

တော်လှန်ရေးများကို စိတ်ပညာရပ်ရှုထောင့်မှ ကြည့်လျှင် ပြင်ပပုံသဏ္ဍန်များ (အကြမ်းဖက်မှု၊ ဆူပူအုံကြွမှု၊ အာဏာလွှဲပြောင်းခြင်း) ထက်ကျော်လွန်၍ အတွင်းပိုင်း စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို နားလည်လာနိုင်စေသည်။ ဤချဉ်းကပ်နည်းက တော်လှန်ရေး၏ အနက်ရှိုင်းဆုံး အခြေခံများကို ဖော်ထုတ်ရန် ကြိုးစားပေးနိုင်သည်။

Ellwood ၏ အဆိုအရ တော်လှန်ရေးတိုင်းတွင် “စိတ်ပိုင်းဆိုင်ရာ အခြေခံ” တစ်ခုရှိသည်။ တော်လှန်ရေးများသည် လူမှုအစီအစဉ်တွင် မငြိမ်သက်မှုများဖြစ်ပြီး လူမှုအလေ့အထများ ရုတ်တရက် ပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာသည်။ ပုံမှန်အခြေအနေတွင် လူမှုအလေ့အထများနှင့် အဖွဲ့အစည်းများ သည် တဖြည်းဖြည်းချင်း ပြောင်းလဲနေပြီး တော်လှန်ရေးအခြေအနေများတွင်မူ ထိုပြောင်းလဲမှုက လျင်မြန်၍ စနစ်တကျ ဖြစ်လာသည်။

ဤသီအိုရီအရ တော်လှန်ရေးများကို “စိတ်ပိုင်းဆိုင်ရာ ဘဝ၏ ဥပဒေသများ” နှင့်အညီ ပုံမှန်ဖြစ်စဉ်များအဖြစ် ရှုမြင်နိုင်ပြီး ကြိုတင်ခန့်မှန်းနိုင်သည်ဟု Ellwood က အဆိုပြုသည်။ လူမှုအလေ့အထများနှင့် အဖွဲ့အစည်းများသည် ခိုင်မာပြီး ပြောင်းလွယ်ပြင်လွယ်မရှိဘဲ၊ ပြောင်းလဲနေသော အခြေအနေ၊ အချိန်အခါနှင့်အတူ မလိုက်လျောညီထွေ မဖြစ်တော့သောအခါ တော်လှန်ရေးဖြစ်ပွားရန် အလားအလာ ပိုများပြားလာသည်။
​
Amann ၏ အမြင်တွင် နိုင်ငံရေးအုပ်ချုပ်မှုစနစ်များသည် ရုပ်ပိုင်းဆိုင်ရာ အင်အားသုံးမှုအပေါ် လက်ဝါးကြီးအုပ်ထားခြင်းနှင့် “နာခံမှုအလေ့အထ” ဟုခေါ်သော လူထုကြားတွင် ကျယ်ပြန့်စွာ မျှဝေထားသော သဘောထားတို့ကြောင့် တည်ရှိနေခြင်း ဖြစ်သည်။ တော်လှန်ရေးသည် “နိုင်ငံတော်၏ အာဏာလက်ဝါးကြီး အုပ်မှုကား ယာယီဖြစ်စေ၊ ကြာရှည်ဖြစ်စေ ပျက်စီးသွားခြင်း” ဖြစ်ပြီး၊ များသောအားဖြင့် နာခံမှုအလေ့အထ လျော့နည်းသွားခြင်းနှင့်အတူ ဖြစ်ပေါ်သည်ဟု ဆိုသည်။

Le Bon ကမူ လူ့အဖွဲ့အစည်းသည် ယုံကြည်ချက်များ၊ ခံစားချက်များနှင့် ပုံပြင်ဆန်သော အယူအဆများအပေါ် အခြေခံထားကြောင်း ဆိုသည်။ “တော်လှန်ရေးကြီးများ” သည် ဓလေ့ထုံးတမ်းနှင့် အတွေးအခေါ်တို့၏ တော်လှန်မှုများဖြစ်ပြီး၊ လူတစ်စု၏ စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲပစ်သည့် တော်လှန်ရေးများ ဖြစ်သည်။ Yoder ၏ အဆိုအရ “စစ်မှန်သော တော်လှန်ရေးသည် ရိုးရာအဖွဲ့အစည်းဆိုင်ရာ အစီအစဉ်၏ အခြေခံဖြစ်သော လူမှုရေးသဘောထားနှင့် တန်ဖိုးများတွင်ပါ ပြောင်းလဲမှု ဖြစ်သည်” ဟုဆိုသည်။
​
တော်လှန်ရေးများသည် တစ်ခုတည်းသော အကြောင်းရင်းကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ရှုပ်ထွေးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ လူမှုအလေ့အထများ ပြောင်းလဲခြင်းသည် တော်လှန်ရေး၏ အကြောင်းရင်းလား အကျိုးဆက်လား ဆိုသည်မှာ မရှင်းလင်းပေ။ မည်သို့ပင်ဆိုစေကာမူ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုရှိမှသာ တကယ့်တော်လှန်ရေးကို ဖြစ်စေသည်။ စိတ်ပိုင်းဆိုင်ရာ၊ တန်ဖိုးထားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုမဖြစ်ပါက ရိုးရိုးအုံကြွမှုမျှသာ ခေါ်ဆိုနိုင်သည်။

တော်လှန်ရေးကာလအတွင်း အတွေးအခေါ်သစ်များနှင့် သဘောထားပြောင်းလဲမှုများသည် ယခင်က ယူဆထားသည်ထက် ပိုမိုလျင်မြန်စွာ ပျံ့နှံ့သွားနိုင်သည်။ ဤဖြစ်စဉ်ကို “စိတ်ပိုင်းဆိုင်ရာ ကူးစက်ရောဂါ” ဟု လည်း ခေါ်ဆိုနိုင်သည်။ ခေတ်သစ်ဆက်သွယ်ရေးနည်းပညာများက ဤဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေခဲ့သည်။ တော်လှန်ရေးများသည် တစ်ဖက်တွင် အုပ်စုတစ်စုအတွင်း လူများကို ခိုင်မာစွာ ပေါင်းစည်းစေသော်လည်း အခြားတစ်ဖက်တွင် လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ပိုမိုနက်ရှိုင်းစေနိုင်သည်ကိုလည်း သတိထားရမည်။
 
လက်ရှိနွေဦးတော်လှန်ရေးကို တော်လှန်ရေးဆိုင်ရာ စိတ်ပညာရှုထောင့်မှ သုံးသပ်ခြင်း
-----------------------------------------------------------------------


(၁) စုပေါင်းအမှတ်လက္ခဏာနှင့် ဂုဏ်သိက္ခာ - တော်လှန်ရေး၏ အခြေခံ

            နွေဦးတော်လှန်ရေးတွင် အားအကောင်းဆုံး အချက်တစ်ခုမှာ Le Bon ၏ “စုပေါင်းစိတ်ဝိညာဉ်” ဆိုင်ရာ သဘောတရားနှင့် ထပ်တူကျနေသော “ဂုဏ်သိက္ခာ” ဆိုသည့် သဘောတရားပင် ဖြစ်သည်။ ပြည်သူတို့သည် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်ပုံရိပ်ကို ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုကာ ခေတ်အဆက်ဆက် ၏ ဖိနှိပ်ခံရမှုကို ငြင်းဆန်လိုက်ကြသည်။

Le Bon ၏ အဆိုအရ “တော်လှန်ရေးကြီးများ” သည် ပုံပြင်ဆန်သော အယူအဆများနှင့် ခံစားချက်များ ထဲမှ ထွက်ပေါ်လာသည်ဟုဆိုရာ၊ နွေဦးတော်လှန်ရေးတွင် “ပြောင်းလဲမှု-အားမာန်-ရဲဝံ့မှု-အနာဂတ်” ဟူသော ခိုင်ကြည်သည့် အယူအဆများသည် တတိုင်းတပြည်လုံးရှိ ပြည်သူများ၏ အမှတ်လက္ခဏာထဲသို့ စိမ့်ဝင်သွားခဲ့သည်။

မြန်မာပြည်သူများသည် မိမိတို့ကိုယ်ကို “ဖိနှိပ်ခံပြည်သူများ” အဖြစ်မှ “တော်လှန်သော နိုင်ငံသားများ” အဖြစ်သို့ ပြောင်းလဲသတ်မှတ်လာကြသည်။ ဤသို့ စုပေါင်းအမှတ်လက္ခဏာ ပြောင်းလဲလာခြင်းသည် Ellwood ၏ စိတ်ပိုင်းဆိုင်ရာ အခြေခံ သဘောတရားနှင့် ကိုက်ညီနေသည်။ ဤအမှတ်လက္ခဏာ ပြောင်းလဲမှုက “မဖြစ်နိုင်” ဟုထင်ရသော လုပ်ရပ်များကို ရုတ်တရက် “ဖြစ်နိုင်” လာစေပြီး၊ ပြည်သူများအကြား မရှိမဖြစ် လိုအပ်သော စွမ်းရည်ရှိမှု ခံစားချက်ကို ဖန်တီးပေးသည်။
 
(၂) နာခံမှုအလေ့အထများ ကျဆင်းခြင်း

            Amann ၏ အယူအဆအရ အစိုးရတစ်ရပ်သည် “နာခံမှုအလေ့အထ” နှင့် ရုပ်ပိုင်းဆိုင်ရာ အင်အားသုံးမှု လက်ဝါးကြီးအုပ်မှုတို့အပေါ်တွင် တည်မှီနေသည်။ နွေဦးတော်လှန်ရေး၏ အဓိကအချက်မှာ “အုပ်ချုပ်သူစစ်ကောင်စီအပေါ် နာခံမှုအလေ့အထ” ၏ ကျဆင်းခြင်းပင် ဖြစ်သည်။ နိုင်ငံတဝှမ်းရှိ အာဏာဖီဆန်လှုပ်ရှားမှု (CDM) နှင့် အခြားသောပုံစံများဖြင့် မနာခံခြင်းသည် နာခံမှုအလေ့အထ၏ တရားဝင်မှုကို ချိုးဖျက်ခဲ့သည်။

            နွေဦးတော်လှန်ရေးသည် စစ်အစိုးရ၏ အုပ်ချုပ်မှုကို လူအများက ရှုတ်ချလာကြသည့် ကျယ်ပြန့်သော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဤအချက်သည် Amann ၏ “နိုင်ငံတော်၏ အာဏာလက်ဝါးကြီးအုပ်မှု ပျက်စီးသွားခြင်း” ဟူသော သဘောတရားနှင့် ကိုက်ညီသည်။ စစ်အစိုးရသည် ရုပ်ပိုင်းဆိုင်ရာ အင်အားကို ဆက်လက်ထိန်းချုပ်ထားသော်လည်း တရားဝင်မှုနှင့် နာခံမှုအလေ့အထကို ကျယ်ကျယ်ပြန့်ပြန့် ဆုံးရှုံးခဲ့ရသည်။
 
(၃) လူမှုအလေ့အထများ ရုတ်တရက်ပြောင်းလဲခြင်း

            Ellwood ၏ အဆိုအရ တော်လှန်ရေးများသည် လူမှုအလေ့အထများ ရုတ်တရက် ပျက်စီးသွားခြင်း ကြောင့် ဖြစ်ပေါ်လာသည်။ နွေဦးတော်လှန်ရေးတွင် ဤအချက်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။ ရုံးများ၊ ကျောင်းများ၊ ဘဏ်များသည် CDM လှုပ်ရှားမှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ပြီး ပြည်သူပိုင်ဝန်ဆောင်မှု အများအပြားသည် အပြည့်အဝ နည်းပါးရပ်တန့်သွားပြီး ပုံစံပြောင်းပြီး လည်ပတ်နေရသည်။ နေ့စဉ်လူမှုဘဝ၏ ပုံမှန်လုပ်ထုံးလုပ်နည်းများအပေါ် အပြောင်းအလဲကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်။

            Ellwood ၏ သဘောတရားအရ တော်လှန်ရေးအခြေအနေတွင်မူ ပြောင်းလဲမှုမှာ ရုတ်တရက်နှင့် ကြီးမားခြင်း ဖြစ်သည်။ နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးအင်အားစုမှ အသိအမှတ်ပြုထားသော အင်စတီကျူးရှင်းများနှင့် စစ်အစိုးရမှ ထူထောင်ထားသော အင်စတီကျူးရှင်းများ ယှဉ်ပြိုင်တည်ရှိနေခြင်းသည် လူမှုအလေ့အထများ ရုတ်တရက်ပြောင်းလဲသွားသည့် ထင်ရှားသောသာဓက ဖြစ်သည်။ ဤကဲ့သို့ ပြိုင်ဆိုင် နေသော အင်စတီကျူးရှင်းများသည် ပုံမှန်လူမှုအသိုက်အဝန်းတစ်ခုတွင် တွေ့မြင်ရလေ့မရှိပေ။

“တော်လှန်ရေးများသည် လူထု၏ စိတ်ဝိညာဉ်ထဲသို့ စိမ့်ဝင်သွားမှသာလျှင် စစ်မှန်သောရလဒ်များ ရရှိနိုင်သည်”

(၄) စုပေါင်းစိတ်ပိုင်းဆိုင်ရာ စွမ်းအင်များ

            Le Bon ၏ အဆိုအရ တော်လှန်ရေးများသည် လူထု၏ စိတ်ဝိညာဉ်ထဲသို့ စိမ့်ဝင်သွားမှသာလျှင် စစ်မှန်သောရလဒ်များ ရရှိနိုင်သည်။ နွေဦးတော်လှန်ရေးတွင် စိတ်ဝင်စားဖွယ်အချက်မှာ ဆန့်ကျင်ဘက်တွင် ရှိသော ဆန္ဒပြသူများကြားနှင့် ကွဲပြားသောအုပ်စုများကြား သိသာထင်ရှားသော စုပေါင်းစည်းလုံးမှု စိတ်ဓာတ်ပင် ဖြစ်သည်။ ဤစုပေါင်းစိတ်ဓာတ်သည် တိုင်းရင်းသားကွဲပြားမှုများ၊ ဘာသာရေးကွဲပြားမှုများနှင့် အခြားသော ပဋိပက္ခဖြစ်နိုင်ခြေရှိသော အကွဲအပြဲများကို ကျော်လွှားနိုင်ခဲ့သည်။

            Yoder ၏ အဆိုအရ “စစ်မှန်သော တော်လှန်ရေးသည် လူမှုရေးသဘောထားနှင့် တန်ဖိုးများတွင် ပြောင်းလဲမှုဖြစ်သည်” ဆိုသည့်အတိုင်း နွေဦးတော်လှန်ရေးသည် လူငယ်များ၏ စိတ်ဓာတ်၊ သဘောထားနှင့် တန်ဖိုးထားမှုများကို အခြေခံကျကျ ပြောင်းလဲစေခဲ့သည်။ ယခင်က နိုင်ငံရေးတွင် စိတ်ဝင်စားမှုမရှိသူများသည် ရုတ်တရက် ပြည်သူ့ရေးရာဆိုင်ရာများတွင် တက်ကြွလာကြသည်။ လူငယ်များ၏ ယုံကြည်မှုစနစ်တွင် မဟာဗျူဟာကျသော ပြောင်းလဲမှုဖြစ်ပေါ်ခဲ့ပြီး ယခင်က တရားဝင်ဟု လက်ခံခဲ့သော အင်စတီကျူးရှင်းများနှင့် အာဏာပိုင်များကို စိန်ခေါ်လာနိုင်ကြသည်။
 
(၅) အတွေးအခေါ်များ ပျံ့နှံ့ခြင်း

            သတိပြုဖွယ်ရာအချက်တစ်ခုမှာ နွေဦးတော်လှန်ရေးကာလအတွင်း သတင်းအချက်အလက်နှင့် အတွေးအခေါ်များ ပျံ့နှံ့မှုနှုန်းပင် ဖြစ်သည်။ လူမှုကွန်ရက်များမှတဆင့် စစ်တပ်ဆန့်ကျင်ရေးသဘောထားများ၊ အတွေးအခေါ်သစ်များနှင့် နိုင်ငံရေးယုံကြည်ချက်များသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဤဖြစ်စဉ်သည် Le Bon ၏ စိတ်ပိုင်းဆိုင်ရာ ကူးစက်ရောဂါ သဘောတရားနှင့် ကိုက်ညီပြီး ခေတ်သစ်နည်းပညာက ပို၍ အားကောင်းစေခဲ့သည်။

            ဆက်သွယ်ရေးမီဒီယာသည် သတင်းအချက်အလက်များ ပျံ့နှံ့ရန်သာမဟုတ်ဘဲ စိတ်ခံစားချက်များနှင့် ဖြစ်ရပ်များအပေါ် ထင်မြင်ချက်များကိုလည်း မျှဝေရန် အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ဤလုပ်ငန်းစဉ်က စုပေါင်းသဘောတူညီချက်ကို ဖန်တီးပေးပြီး ဝေးကွာသော နယ်မြေများ အကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးခဲ့သည်။
 
(၆) ပတ်ဝန်းကျင်အရေးပါမှုနှင့် သမိုင်းဆိုင်ရာ အခြေအနေများ

            Ellwood ၏ အဆိုအရ “လူမှုအလေ့အထများနှင့် အဖွဲ့အစည်းများသည် ခိုင်မာပြီး ပြောင်းလွယ် ပြင်လွယ် မရှိသောအခါ၊ ၎င်းတို့သည် ပြောင်းလဲနေသောအခြေအနေအချိန်အခါများနှင့်အတူ မပြောင်းလဲ သောအခါ တော်လှန်ရေးများ ဖြစ်ပွားရန် ပို၍ဖြစ်နိုင်ချေရှိသည်” ဆိုသည့်အတိုင်း၊ နွေဦးတော်လှန်ရေးသည် ရုတ်တရက်ပြောင်းလဲမှုနှင့် သမိုင်းရှည်ကြာသော ဖိနှိပ်မှုများအကြား ဆက်နွယ်မှုမှ ဖြစ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးမတိုင်ခင်က ပြောင်းလဲရန် လိုအပ်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများစွာ ရှိခဲ့သော်လည်း အောင်မြင်ထိရောက်စွာ မပြောင်းလဲနိုင်ခဲ့သလို၊ ပြည်သူလူထု၏ မျှော်လင့်ချက်ကို များစွာ မဖြည့်ဆည်းပေးနိုင်ခဲ့ပေ။ ထိုအခြင်းအရာများသည်လည်း နွေဦးတော်လှန်ရေး ပိုမိုအားကောင်းလာရန် မီးစာ မြှင့်ပေးနိုင်ခဲ့သည်။ ထိုနည်းအတူ ၂၀၁၀ ခုနှစ်နှင့် ၂၀၂၀ ကြားကာလများတွင် လစ်ဘရယ်အတွေးအခေါ် အားကောင်းလာသော လူမှုအသိုက်အမြုံများလာခြင်းသည်လည်း တော်လှန်ရေးကို ပိုမိုလျင်မြန်စေခဲ့သည်။
 
(၇) စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တော်လှန်ရေး

            နွေဦးတော်လှန်ရေး၏ ထူးခြားသော ဝိသေသလက္ခဏာတစ်ခုမှာ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုပင် ဖြစ်သည်။ ကာလကြာရှည် “တော်လှန်ရေးစိတ်ဓာတ်” ကို ထိန်းသိမ်းထားနိုင်မှုသည် စုပေါင်းစိတ်ဓာတ် ကျဆင်းမှုကို ကာကွယ်ရန် အရေးကြီးသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ ဆက်လက်ဖြစ်ပွားနေသော ကြမ်းတမ်း သောဖိနှိပ်မှုနှင့် ခက်ခဲသော အခြေအနေများကြောင့် ပြည်သူများတွင် “အရှုံးပေးခြင်းနှင့် မျှော်လင့်ချက် ဆုံးရှုံးခြင်း” နှင့် “တက်ကြွစွာဆန့်ကျင်ခြင်း” ကြား စိတ်ပညာရပ်ဆိုင်ရာ ဆွဲငင်မှု ဖြစ်ပေါ်နေသည်။

စိတ်ပိုင်း ဆိုင်ရာဒဏ်ရာများစွာ ဖြစ်နေသည့်ကြားက အချင်းချင်းကြား အမှီသဟဲပြုပြီး တောင့်ခံနိုင်ခဲ့ကြသည်။ အောင်မြင်စွာ ခံနိုင်ရည်ရှိနိုင်ခြင်းနှင့် စုပေါင်းစိတ်ပိုင်းဆိုင်ရာ ခွန်အားကို ထိန်းသိမ်းထားနိုင်ခြင်းတို့သည် Le Bon ၏ “စုပေါင်းစိတ်ဝိညာဉ်” သဘောတရားနှင့် ဆက်စပ်နေသည်။

နိဂုံး
------

            တော်လှန်ရေးဆိုင်ရာ စိတ်ပညာရှုထောင့်မှ ကြည့်လျှင် နွေဦးတော်လှန်ရေးသည် ပြင်ပနိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တစ်ခုမျှသာ မဟုတ်ဘဲ အတွင်းစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုလည်း ဖြစ်သည်။ Ellwood၊ Amann၊ Le Bon နှင့် Yoder တို့၏ သဘောတရားများအရ ဤလှုပ်ရှားမှုသည် နာခံမှုအလေ့အထများ ကျဆင်းခြင်း၊ လူမှုအလေ့အထများ ရုတ်တရက်ပြောင်းလဲခြင်း၊ စုပေါင်းအမှတ်လက္ခဏာ ပြောင်းလဲခြင်းနှင့် ကျယ်ပြန့်သော လူမှုရေးသဘောထားပြောင်းလဲခြင်းတို့မှ ပေါ်ထွက်လာသည့် စစ်မှန်သော တော်လှန်ရေး ဖြစ်ကြောင်း တွေ့ရှိရသည်။

            ရေရှည်တော်လှန်ရေး၏ ရလဒ်မှာ မရေရာသေးသော်လည်း အဓိက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များမှာ ထင်ရှားနေပြီဖြစ်သည်။ ကျယ်ပြန့်သော လူဦးရေအတွင်း စွမ်းရည်ရှိမှုနှင့် ခံစားချက် ထိန်းချုပ်မှု တိုးပွားလာခြင်း၊ အားကောင်းသော လူမှုဆက်ဆံရေးများနှင့် အဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်း၊ စုပေါင်းစိတ် ဝိညာဉ်နှင့် စည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းလာခြင်း တို့ဖြစ်သည်။ ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသည် လူ့အဖွဲ့အစည်းရှိ နောက်ဆက်တွဲ ပြောင်းလဲမှုများအတွက် အခြေခံအုတ်မြစ်များလည်း ဖြစ်လာသည်။

တချိန်တည်းတွင် ပြည်သူလူထု၏ စိတ်ဒဏ်ရာအပေါ် ပြန်လည်နလန်ထူမှု၊  စိတ်ခွန်အားနှင့် ခုခံနိုင်မှု ၊ အင်အားစုအချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးနှင့် အသွင်ကူးပြောင်းနိုင်ခြင်း၊ ပြောင်းလဲလာသော တန်ဖိုးထားမှု၊ ယုံကြည်ချက်များနှင့် ခံယူချက်များအပေါ် ဟန်ချက်ညီသော နိုင်ငံရေး၊ တော်လှန်ရေး တည်ဆောက်နိုင်မှုသည် တော်လှန်ရေးအောင်မြင်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့် စိတ်ပိုင်းဆိုင်ရာ ရှုထောင့် ဖြစ်သည်။

နွေဦးတော်လှန်ရေးသည် ဂုဏ်သိက္ခာအတွက် တိုက်ပွဲ၊ ကိုယ်ပိုင်ဖြစ်တည်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် တိုက်ပွဲ၊ ဖိနှိပ်ခံရမှုကို ငြင်းပယ်သော တိုက်ပွဲဖြစ်ပြီး၊ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်တို့ကို ကိုယ်စားပြုသည်။ အခြေခံလူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာအတွက် မှတ်ကျောက်တင်စရာ တော်လှန်မှုလည်း ဖြစ်သည်။ အတွင်းပိုင်း စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသည် ဤတော်လှန်ရေး၏ အမှန်စစ်မှန်သော အခြေခံအုတ်မြစ်ဖြစ်သလို၊ နွေဦးတော်လှန်ရေးသည် စိတ်တွင်းတော်လှန်ရေးကို ဖြစ်စေခဲ့သည့်သမိုင်း အချိုးအကွေ့တစ်ခုလည်း ဖြစ်ပေသည်။
​
“နွေဦးတော်လှန်ရေးသည် ဂုဏ်သိက္ခာအတွက် တိုက်ပွဲ၊ ကိုယ်ပိုင်ဖြစ်တည်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲ၊ ဖိနှိပ်ခံရမှုကို ငြင်းပယ်သော တိုက်ပွဲဖြစ်ပြီး၊ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်တို့ကို ကိုယ်စားပြုသည်”

အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။

 https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media​

0 Comments

4/25/2025 0 Comments

တော်လှန်ခြင်းနှင့် Feminism

Picture

ရေးသူ - လွန်းအိမ်

နိဒါန်း
-------
ရှေးယခင်ကာလမှ ယနေ့ခေတ်အထိ လူ့အဖွဲ့အစည်းအတွင်း ကျယ်ပြန့်စွာတည်ရှိခဲ့သည့် လူမှု ဆက်ဆံရေးဆိုင်ရာ မညီမျှမှုများကို တန်းတူညီမျှဖြစ်လာရန် တော်လှန်သည့် အရေးများကို တစ်ဦးတစ်ယောက် ချင်းမှစ၍ အစုအဖွဲ့လိုက်အထိ အစဉ်တစိုက် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။ ထိုတော်လှန်ခြင်းများတွင် အမျိုးသမီးအခွင့်အရေးအတွက်တိုက်ပွဲဝင်သည့် Feminism သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့ပါသည်။

ဤဆောင်းပါးတွင် တော်လှန်ခြင်း၏ အနက်အဓိပ္ပာယ်၊ Feminism ၏ တော်လှန်ခြင်း သဘောတရားများ၊ လူ့အဖွဲ့အစည်း၏ မညီမျှမှုများ သို့မဟုတ် ဖိနှိပ်ခြင်းသဘောသဘာဝများ၊ လွတ်လပ်မှု တိုက်ပွဲများနှင့် Feminism ၏ အနာဂတ်မျှော်မှန်းချက်များ၊ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် Feminismဆိုင်ရာတော်လှန်မှုများကို ချည်းကပ်တင်ပြထားပါသည်။

တော်လှန်ခြင်းဟူသည်
-----------------------
တော်လှန်ခြင်းဟူသည်မှာ လက်ရှိတည်ရှိနေသော စနစ်၊ အခြေအနေ၊ အပြုအမူတစ်ခုခု၊ ဖိနှိပ်မှုတခုခုကို ပြောင်းလဲမှုရှိစေရန် ဦးတည်လုပ်ဆောင်သော လုပ်ဆောင်ချက်ကို ဆိုလိုပါသည်။

ထိုလုပ်ဆောင်မှုကြောင့် ကြီးမားသော ပြောင်းလဲမှုတစ်ခုဖြစ်စေ၊ တဖြည်းဖြည်း တိုးတက်ပြောင်းလဲမှုဖြစ်စေ၊ အချိန်ကာလကြာမြင့်သော ပြောင်းလဲမှုဖြစ်စေ၊ ရုတ်ချည်း ပြောင်းလဲမှုဖြစ်စေ ဖြစ်နိုင်ပါသည်။ တော်လှန်ခြင်းသည် တစ်ဦးချင်းလုပ်ဆောင်ချက်များမှ စုပေါင်းလှုပ်ရှားမှုများအထိ တိုးချဲ့လာသောအခါ ပိုမိုစွမ်းအားကြီးမားလာပါသည်။

တော်လှန်ခြင်းသည် တစ်ကြိမ်တည်းဖြစ်ပွားပြီး အပြီးအပိုင်ပြီးဆုံးသွားသော လုပ်ငန်းစဉ်တစ်ခုမဟုတ်ဘဲ၊ ထာဝရဆက်လက်ကြိုးပမ်းရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ပြောင်းလဲမှု တစ်ခုရရှိပြီးသော်လည်း ထိုရလဒ်ကို ထိန်းသိမ်းရန်နှင့် ပိုမိုတိုးတက်စေရန် ဆက်လက်အားထုတ်ရန် လိုအပ်ပါသည်။ ပညာရေးတော်လှန်ခြင်း၊ ဂျန်ဒါတော်လှန်ခြင်း၊ ဒစ်ဂျစ်တယ်တော်လှန်ခြင်း စသည်တို့သည် လူသားတို့၏ အတွေးအခေါ်နှင့် လူမှုရေးအင်စတီကျူးရှင်းများကို ပုံစံပြောင်းလဲစေခဲ့သော တော်လှန်ခြင်းများ ဖြစ်ကြပါသည်။

Feminism ၏ တော်လှန်ခြင်းသဘောတရားများ
-----------------------------------------------
Feminism ဆိုသည်မှာ အမျိုးသမီးများနှင့် အမျိုးသားများအကြား လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ တန်းတူညီမျှရရှိရေးကို ရည်ရွယ်သော လူမှုရေး၊ နိုင်ငံရေးနှင့် အယူဝါဒပိုင်းဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။ Feminism အတွေးအခေါ်၏ အခြေခံတစ်ခုမှာ အမျိုးသားများက လွှမ်းမိုးသော ပက်ထရီအာခီစနစ် (Patriarchy) ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။

ဤစနစ်သည် အမျိုးသားများက အာဏာ၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေးနှင့် လူမှုရေးနယ်ပယ်များတွင် လွှမ်းမိုးထားပြီး၊ အမျိုးသမီးများကို အိမ်မှုကိစ္စနှင့် ကလေးပြုစုစောင့်ရှောက်ရေးအတွက်ကိုသာ လုပ်ပိုင်ခွင့်ပြုထားသည်ဟု လေ့လာတွေ့ရှိကြပါသည်။ နာမည်ကျော် ဖီးမနစ် ပညာရှင် Simone de Beauvoir က "အမျိုးသမီးဖြစ်ခြင်းဆိုသည်မှာ မွေးဖွားလာခြင်းမဟုတ်၊ ဖြစ်ပေါ်လာခြင်းဖြစ်သည်" ဟု ဖော်ပြခဲ့ပြီး၊ လူမှုရေးအခြေအနေများက ကျားမအခန်းကဏ္ဍကို သတ်မှတ်ပေးကြောင်း ရှင်းပြခဲ့ပါသည်။ Feminism သည် အမျိုးသမီးများအား မိမိတို့၏ ခန္ဓာကိုယ်၊ ကျန်းမာရေး၊ အနာဂတ်၊ အလုပ်အကိုင်ရွေးချယ်မှုနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို မိမိတို့ကိုယ်တိုင် ချမှတ်နိုင်ရန် တိုက်တွန်းအားပေးပါသည်။

ခေတ်သစ် Feminism သည် အမျိုးသမီးများကြား ကွဲပြားခြားနားမှုများကို အသိအမှတ်ပြုပြီး ထည့်သွင်းစဉ်းစားပါသည်။ "Intersectionality" ဟူသော သဘောတရားသည် လူမျိုး၊ လူတန်းစား၊ လိင်စိတ်ခံယူမှု၊ မသန်စွမ်းမှု၊ ဘာသာရေး စသည်တို့နှင့် ကျားမရေးရာကြား ဆက်နွယ်မှုကို နားလည်ရန် ကြိုးပမ်းသော အယူအဆဖြစ်ပါသည်။

အမေရိကန်ဥပဒေပညာရှင် Kimberlé Crenshaw က "အမျိုးသမီးဖြစ်ခြင်း၏ အတွေ့အကြုံသည် လူအားလုံးအတွက် တူညီမှုမရှိကြောင်း၊ အထူးသဖြင့် လူမည်းအမျိုးသမီးများနှင့် လူဖြူအမျိုးသမီးများအကြား ကွဲပြားခြားနားမှုများ ရှိကြောင်း" ကို မီးမောင်းထိုးပြခဲ့ပါသည်။

Feminism သည် တစ်ဦးချင်းအခွင့်အရေးရရှိရုံမျှမက၊ လူမှုရေးဖွဲ့စည်းပုံများနှင့် စနစ်များကို ပြောင်းလဲရန် ရည်ရွယ်ပါသည်။ ဤတွင် ဥပဒေစနစ်၊ ပညာရေးစနစ်၊ စီးပွားရေးနှင့် နိုင်ငံရေးအင်စတီကျူးရှင်းများ၊ မိသားစုတည်ဆောက်ပုံ စသည်တို့ ပါဝင်ပါသည်။ ဖေမီနစ်ပညာရှင် bell hooks က "Feminism သည် ဖိနှိပ်မှုအားလုံးကို အဆုံးသတ်စေမည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်" ဟု ဆိုခဲ့ပါသည်။

လွတ်လပ်မှုတိုက်ပွဲ
----------------------
တော်လှန်ရေးအားလုံးသည် လူ့အခွင့်အရေးကို အစိတ်အပိုင်းအားဖြင့်သော်လည်းကောင်း၊ အလုံးစုံသော်လည်းကာင်း ချိုးဖောက်ခံရသည့်အခါ ထွက်ပေါ်လာသည်။ တော်လှန်ရေးအားလုံးသည် လွတ်လပ်မှုအတွက် တိုက်ပွဲဖြစ်သည်။ Feminism ၏ လွတ်လပ်မှုတိုက်ပွဲသည် အမျိုးသမီးများနှင့် ဖိနှိပ်ခံရသူများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လိင်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ကို ရရှိစေရန် ရည်ရွယ်ပါသည်။ အထူးသဖြင့် ဤလွတ်လပ်မှုတိုက်ပွဲတွင် အောက်ပါအချက်များ ပါဝင်ပါသည်။

၁။ နိုင်ငံရေးလွတ်လပ်ခွင့်

နိုင်ငံရေးလွတ်လပ်ခွင့်သည် အမျိုးသမီးများအတွက် မဲပေးခွင့်၊ ရွေးကောက်ခံပိုင်ခွင့်နှင့် အစိုးရ အဖွဲ့အစည်းများတွင် ပါဝင်ခွင့်ရရှိရန် တိုက်ပွဲဝင်ခြင်းဖြစ်ပါသည်။ ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းတွင် အမျိုးသမီးများမဲပေးခွင့်ရရေး (Suffrage) လှုပ်ရှားမှုသည် အဓိကအားဖြင့် အာရုံစိုက်ခဲ့သော တိုက်ပွဲ ဖြစ်ပါသည်။ ယနေ့ခေတ်တွင် အမျိုးသမီးများ နိုင်ငံရေးတွင် တန်းတူပါဝင်ခွင့်ရရေး (parity) နှင့် ကိုယ်စားပြုမှု မြှင့်တင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်ပါသည်။ ကမ္ဘာ့တိုင်းပြည်များ၏ ၁၁% ခန့်တွင်သာ အမျိုးသမီးများသည် နိုင်ငံ့ခေါင်းဆောင်များ ဖြစ်ကြပါသည်။

၂။ စီးပွားရေးလွတ်လပ်ခွင့်

စီးပွားရေးလွတ်လပ်ခွင့်တွင် အမျိုးသမီးများ အလုပ်အကိုင်ရရှိခွင့်၊ လုပ်ခလစာတန်းတူရရှိခွင့်၊ အမျိုးသမီးများ စီးပွားရေးလုပ်ကိုင်ခွင့်၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိခွင့်၊ ချေးငွေနှင့် အရင်းအနှီး ရရှိခွင့်၊ အမွေရရှိခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် စသည်တို့ ပါဝင်ပါသည်။ ကမ္ဘာ့တိုင်းပြည်အများအပြားတွင် အမျိုးသမီးများသည် အမျိုးသားများထက် လစာလျော့နည်းရရှိသေးကြောင်း တွေ့ရှိရပါသည်။ ကမ္ဘာ့ပျမ်းမျှ အားဖြင့် အမျိုးသမီးများသည် တူညီသော အလုပ်အတွက် အမျိုးသားများရရှိသော လစာ၏ ၇၇% ခန့်သာ ရရှိကြပါသည်။

၃။ လူမှုရေးလွတ်လပ်ခွင့်

လူမှုရေးလွတ်လပ်ခွင့်တွင် အမျိုးသမီးများ၏ မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ အိမ်ထောင်ပြုမပြု ရွေးချယ်ခွင့်၊ မိမိရွေးချယ်သောသူကို အိမ်ထောင်ပြုခွင့်၊ ကွာရှင်းခွင့်၊ သားသမီးရရှိမရရှိ ရွေးချယ်ခွင့်၊ အိမ်ပြင်ပသို့ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့် စသည်တို့ ပါဝင်ပါသည်။ ယဉ်ကျေးမှုအစဉ်အလာကြောင့် တိုင်းပြည်အချို့တွင် အမျိုးသမီးများသည် လွတ်လပ်စွာ သွားလာခွင့်၊ ဝတ်စားဆင်ယင်ခွင့် ကန့်သတ်ခံရပြီး အမျိုးသားဆွေမျိုးများ၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူး လက်မှတ်လျှောက်ထားခြင်း၊ အလုပ်လုပ်ကိုင်ခြင်း၊ နိုင်ငံခြားသို့ ထွက်ခွာခြင်း၊ ယာဉ်မောင်းခွင့် စသည်တို့ကို လုပ်ဆောင်ခွင့်မရှိပါ။

၄။ ခန္ဓာကိုယ်ဆိုင်ရာလွတ်လပ်ခွင့်

ခန္ဓာကိုယ်ဆိုင်ရာလွတ်လပ်ခွင့်တွင် အမျိုးသမီးများ ၎င်းတို့၏ကိုယ်ပိုင်ခန္ဓာကိုယ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို ချမှတ်ခွင့်ရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိခွင့်၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ရွေးချယ်ခွင့်၊ အကြမ်းဖက်မှုမှ ကင်းလွတ်ခွင့် စသည်တို့ ပါဝင်ပါသည်။ ကမ္ဘာ့နိုင်ငံအများအပြားတွင် ကိုယ်ဝန်ဖျက်ချခွင့်နှင့် သားဆက်ခြားခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပြီး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအစွဲများ ကြောင့် အမျိုးသမီးများ၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုများ ဆက်လက်တည်ရှိနေပါသည်။

၅။ လွတ်လပ်မှုတိုက်ပွဲကို ရင်ဆိုင်ရသော အတားအဆီးများ

Feminism ၏ လွတ်လပ်မှုတိုက်ပွဲတွင် ရင်ဆိုင်ရသောအတားအဆီးများမှာ - ယဉ်ကျေးမှုနှင့် ဘာသာရေးဓလေ့များ၊ နိုင်ငံရေးတွင်ပါဝင်ခွင့်၊ ဥပဒေဆိုင်ရာ အကန့်အသတ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကာအကွယ်များ မလုံလောက်ခြင်း၊ လူမှုရေးဖိအားများ၊ ဆင်းရဲမွဲတေမှု၊ ပညာရေးကန့်သတ်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ စသည်တို့ ပါဝင်ပါသည်။ ထို့အပြင် ခေတ်သစ်တွင် တော်လှန်ရေးဆန့်ကျင်မှု (backlash) ဟု ခေါ်သော လှုပ်ရှားမှုများလည်း တိုးပွားလာနေပြီး၊ Feminism ကို ဆန့်ကျင်သော အုပ်စုများ ပေါ်ထွက်လာနေပါသည်။

အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများ၏ အခန်းကဏ္ဍ
---------------------------------------------------------

ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများသည် ၎င်းတို့၏ အသက်ကိုပင် စွန့်စားကာ ဖိနှိပ်ခံအားလုံး၏ လွတ်လပ်မှုတိုက်ပွဲကို ဆက်လက်တိုက်ခိုက်နေကြပါသည်။ Malala Yousafzai (မာလာလာ ယူဆာဖှိုင်) သည် ပါကစ္စတန်နိုင်ငံတွင် မိန်းကလေးများပညာသင်ကြားခွင့်အတွက် တိုက်ပွဲဝင်ခဲ့ပြီး တာလီဘန်များ၏ ပစ်ခတ်မှုကို ခံခဲ့ရသော ကမ္ဘာ့အငယ်ဆုံး နိုဘယ်ဆုရှင်တစ်ဦးဖြစ်ပါသည်။ Tarana Burke သည် #MeToo လှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်ပြီး လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုတို့အား ရှင်သန်ကျော်လွှားလာသူများကို ပံ့ပိုးကူညီရန် ကြိုးပမ်းအားထုတ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုဥပဒေပြဌာန်းရေးအတွက် Women's League of Burma၊Burmese Women Union နှင့် Gender Equality Network နှင့် အဖွဲ့အစည်းအသီးသီးတို့က ဦးဆောင်လှုပ်ရှားခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော အမျိုးသမီးခေါင်းဆောင်များ သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြပါသည်။

နွေဦးတော်လှန်ရေးမတိုင်ခင် မြန်မာနိုင်ငံ၏ Feminism လှုပ်ရှားမှု
----------------------------------------------------------------

မြန်မာနိုင်ငံတွင် Feminism လှုပ်ရှားမှုသည် ကိုလိုနီခေတ်ကတည်းက စတင်ခဲ့ပြီး၊ ဒေါ်ခင်ကြွယ်၊ ဒေါ်သန်းသန်းဝင်း စသည့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများသည် မြန်မာ့လွတ်လပ်ရေးနှင့် အမျိုးသမီး အခွင့်အရေးတွင် ဦးဆောင်းရှေ့ဆောင်ခဲ့ကြပါသည်။ ၁၉၃၀ ခုနှစ်တွင် မြန်မာ့သမိုင်းကြီးတစ်ခုဖြစ်သော ၁၀၄၆ ရာထူးတိုးသတ်မှတ်ခြင်း (အထက်မြန်မာပြည်) တွင် အမျိုးသမီးများကို ဖယ်ထုတ်ခြင်းကို ဆန့်ကျင်သော ဆန္ဒပြပွဲများတွင် ရတနာပုံဒီဂရီကောလိပ်မှ ကျောင်းသူများ ဦးဆောင်ပါဝင်ခဲ့ကြပါသည်။

ယနေ့ခေတ်တွင် မြန်မာနိုင်ငံရှိ Feminism လှုပ်ရှားမှုတွင် အိမ်တွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုကို တိုးမြှင့်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အမျိုးသမီးများကို လက်ထပ်ထိမ်းမြားရန် ဖိအားပေးခြင်းမှ ကာကွယ်ရေး စသည်တို့အတွက် မြန်မာ့ဥပဒေများတွင် ဥပဒေပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တွန်းအားပေးခြင်းများ ပါဝင်ပါသည်။ Women's League of Burma၊ Gender Equality Network၊ Triangle Women Support Group စသည့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမျှရေးအတွက် ဦးဆောင်လှုပ်ရှားလျက်ရှိပါသည်။

မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ Feminism လှုပ်ရှားမှုများ
------------------------------------------------------------

ထဘီတော်လှန်ရေး

စစ်အာဏာရှင်ကိုဆန့်ကျင်သည့်နေရာတွင် အမျိုးသမီးဝတ်ထဘီများကို အလံအဖြစ် အသုံးပြုခဲ့ကြ သည့် ထူးခြားသော သပိတ်စစ်ကြောင်းများ ပေါ်ပေါက်ခဲ့ပါသည်။ ထဘီအလံများကိုသုံးပြုရာတွင် ပြင်းထန် သည့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း စစ်အာဏာရှင်နှင့်အတူ နှစ်ပေါင်းများစွာ အမြစ်တွယ်လာသည့် ဖိုဝါဒစနစ်ကိုတိုက်ဖျက်ရန် ထဘီအလံများသည် တော်လှန်ရေးနှင့်အတူ မွေးဖွားလာသည့် မြန်မာ့ Feminism လှုပ်ရှားမှု၏ အရွေ့တခုဟု ဆိုရမည်ဖြစ်သည်။

Mannel စောင့်ကြည့်မှုများ

၂၀၂၁ ခုနှစ်မှ၂၀၂၃ ခုနှစ်ထိ သုံးနှစ်တာကာလအတွင်း မြန်မာပြည်၏ အကျပ်အတည်းများနှင့် ပတ်သက်ပြီး ဆွေးနွေးသည့် စကားဝိုင်းဆွေးနွေးပွဲများအများစုကို အမျိုးသားများဦးဆောင်နေကြောင်း မှတ်တမ်းတင်ဖော်ပြထားသည့် ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်း “Manel Exhibition”ဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် (WLB) နှင့် TheSalweenInstitute(SI) တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြသည်။

အမျိုးသားများကိုခြိမ်းခြောက်ရန်မဟုတ်ပဲ ဖိုဝါဒကြီးစိုးမှုကိုတိုက်ဖျက်ရန်၊ ကျား-မတန်းတူညီမျှရေးကို ဝိုင်းဝန်းအဖြေရှာရန် အတူလက်တွဲကြရအောင် လက်တွဲခေါ်ခြင်းဖြစ်ကြောင်း ပြပွဲရည်ရွယ်ချက်ဖြစ်သည်ဟု စီစဉ်သူများကဆိုသည်။ ၂၀၂၃ခုနှစ်အောက်တိုဘာလ(၁၉)ရက်နေ့တွင်လည်း “ Where are the Women? ” “အမျိုးသမီးတွေဘယ်မှာလဲ” ဆိုသည့် “ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ ဓာတ်ပုံပြပွဲ” ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အနုပညာနှင့်ယဉ်ကျေးမှုစင်တာတွင် ဒုတိယအကြိမ်ပြုလုပ်ခဲ့သည်။ ဝေဖန်တိုက်ခိုက်မှုများ ရှိခဲ့သလို တစ်ဖက်တွင်လည်း Manel ကိုနားလည်ပြီး နောက်ပိုင်းစကားဝိုင်းဆွေးနွေးပွဲများတွင် အမျိုးသမီးပါဝင်မှုကို အလေးထားသွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည့် အမျိုးသားများလည်း ရှိခဲ့ပါသည်။ မန်နယ်သည်လည်း မြန်မာ့ အမျိုးသမီးအရေးလှုပ်ရှားမှု၏အရွေ့တခုဟု ဆိုရမည်ဖြစ်သည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပိုမိုထုတ်ဖော်ပြောဆိုခြင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို မြင့်တက်လာပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရေးရည်ရွယ်ချက်အဖြစ် ပစ်မှတ်ထား ကျူးလွန်ကြသလို၊ တော်လှန်ရေးလှုပ်ရှားသူများကလည်း တရားဥပဒေစိုးမိုးမှုအားနည်းသည့်အခြေအနေကို အခွင့်ကောင်းယူကာ ကျူးလွန်ကြသည်။ အိမ်တွင်းအကြမ်းဖက်မှုများ၊ လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ လက်တွဲဖော်ကြား အကြမ်းဖက်မှုနှင့် လိင်အခြေပြုဖိနှိပ်မှုများကို အမျိုးသမီးများဟာ ယခင်ကာလများကဲ့သို့ နှုတ်ဆိတ်မနေကြတော့ဘဲ ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာကြပါသည်။ ထိုအခြေအနေသည်လည်း တော်လှန်ရေးကာလအတွင်း ဖိုဝါဒကိုခြေဖျက်ရန် တိုးတက်လာသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။

နိဂုံး
-------
တော်လှန်ခြင်းဟူသည် လူမှုရေးပြောင်းလဲမှုအတွက် လိုအပ်သော အင်အားတစ်ခု ဖြစ်ပြီး၊ Feminism သည် ဖိနှိပ်မှုအားလုံးအတွက် တော်လှန်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ Feminism သည် ခေတ်ကာလအလိုက် ပြောင်းလဲခဲ့သော်လည်း၊ ၎င်း၏ အခြေခံရည်မှန်းချက်များမှာ - ကျားမတန်းတူညီမျှရေး၊ အမျိုးသမီးများအား ဖိနှိပ်ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ လူသားတိုင်း၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာကို အသိအမှတ်ပြုရေး - တို့ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။ ယနေ့ခေတ်တွင် Feminism အတွက် စိန်ခေါ်မှုများ၊ ဝေဖန်မှုများ ရှိသော်လည်း၊ ကျားမတန်းတူညီမျှရေးသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အကျိုးပြုကြောင်း အထောက်အထားများက ဖော်ပြနေပြီ ဖြစ်ပါသည်။

Feminism ၏ အနာဂတ်သည် ပိုမိုပေါင်းစည်းထားသော၊ ကွဲပြားခြားနားမှုများကို အသိအမှတ်ပြုသော၊ အမျိုးသားများလည်း ပါဝင်သော လှုပ်ရှားမှုတစ်ခုဖြစ်လာရန် မျှော်မှန်းနိုင်ပါသည်။ အမျိုးသမီးများအတွက်သာမက၊ လူသားအားလုံးအတွက် တရားမျှတမှု၊ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုကို ရရှိစေသည့် Feminism လှုပ်ရှားမှုသည် မျိုးဆက်သစ်များအတွက် ပိုမိုမျှတသော လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြရဦးမည် ဖြစ်ပေသည်။

အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
 
https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media


Picture
0 Comments

4/25/2025 0 Comments

နွေဦးတော်လှန်ရေးဆိုတာ ဘယ်လောက် ကျယ်ဝန်းသလဲ

Picture
ရေးသူ - Liliane 
 
နွေဦးတော်လှန်ရေးသည် ပြည်သူလူထု က ကာလရှည်ကြာ လက်ခံထားသော မတရားမှုများ၊ လွဲမှားနေသော နိုင်ငံရေးစည်းမျဉ်းများကို ဆက်ပြီး လက်ခံရန် ငြင်းဆန်လိုက်သော အချိန်အခါကိုက် နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ဖြစ်သည်
           
လက်ရှိကာလသည် တော်လှန်ရေးကို အရှိန်အဟုန်နှင့် ဆင်နွှဲနေသော ကာလ ဖြစ်သည်။ နွေဦးတော်လှန်ရေးသည် မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းမှုအပေါ်မှာ ထွက်ပေါ်လာသော တုန့်ပြန်တော်လှန်မှုတစ်ခုဟု ဆိုလျှင် အလွန်အပေါ်ယံဆန်လိမ့်မည်။ နွေဦးတော်လှန်ရေးသည် ပြည်သူလူထု က ကာလရှည်ကြာ လက်ခံထားသော မတရားမှုများ၊ လွဲမှားနေသော နိုင်ငံရေးစည်းမျဉ်းများကို ဆက်ပြီး လက်ခံရန် ငြင်းဆန်လိုက်သော အချိန်အခါကိုက် နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ဖြစ်သည်။ တနည်း မြန်မာ့လူမှု ဘဝထဲမှာ အမြစ်တွယ်နေသော နိုင်ငံရေးပြည်တည်နာကို ဖောက်ထုတ်လိုက်ဖို့ စတင်လိုက်သည့် ခြေလှမ်း ဖြစ်သည်။ တလျှောက်လုံးလက်ခံထားသည့် လူမှုအစီအစဉ်များ (Social Order) ကို ပြောင်းပြန်လှန်ပစ် လိုက်ခြင်းပင် ဖြစ်သည်။ နွေဦးတော်လှန်ရေးသည် စစ်မှန်သော အပြောင်းအလဲကို သွားနိုင်မည့် စမှတ် ဖြစ်သည်။ နွေဦးတော်လှန်ရေးသည် စနစ်ပြောင်းတော်လှန်ရေးတစ်ခု ဖြစ်ရမည်။
စနစ်ပြောင်းတော်လှန်ရေးကို အသေးစိတ် ဆန်းစစ်ကြည့်လိုက်ပါစို့။ Friedrich က စနစ်ပြောင်း တော်လှန်ရေးကို "တည်ဆဲနိုင်ငံရေး အစီအစဉ်တစ်ခုကို ရုတ်တရက်နှင့် အကြမ်းဖက်၍ ပြုတ်ချခြင်း" ဟု ရိုးရှင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုသည်။ Kamenka က "တော်လှန်ရေးသည် နိုင်ငံရေးအာဏာကို လက်ခံတည်ဆောက် ပေးနေသည့် လူမှုအုတ်မြစ်နေရာတွင် ချက်ချင်း၊ ရုတ်တရက်ပြောင်းလဲမှုဖြင့် အစိုးရလုပ်ငန်းစဉ်၊ အချုပ်အခြာ အာဏာ သို့မဟုတ် တရားဝင်မှု၏ တရားဝင်အခြေခံများနှင့် လူမှုအစီအစဉ် (Social Order) တို့ကို အခြေခံကျကျ ပြောင်းလဲမှု” အဖြစ် ဖော်ပြသည်။ ထိုသို့သော ပြောင်းလဲမှုများသည် ပုံမှန်အားဖြင့် အကြမ်းဖက်မှုမပါဘဲ ဖြစ်ပေါ်နိုင်မည် မဟုတ်သော်လည်း၊ သွေးမထွက်သော တော်လှန်ရေးများလည်း ဖြစ်နိုင်ကြောင်း ဆိုပါသည်။

Pettee နှင့် Schrecker တို့က “တော်လှန်ရေးသည် တရားမဝင်နည်းလမ်းများဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲခြင်း” ဟု ဆိုပြန်သည်။ အမှန်တကယ်အားဖြင့် “ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားဝင်မှု၏ အခြေအနေများကို သတ်မှတ်ပေးသော စံနှုန်းစနစ်ဖြစ်သောကြောင့် တရားဝင်မှု၏ အခြေအနေ များကို တရားမဝင်ပြောင်းလဲခြင်း” လို့ ရည်ညွှန်းခြင်း ဖြစ်သည်။

            Hannah Arendt သည် နိုင်ငံရေးဆိုင်ရာတော်လှန်ရေး၏ ထူးခြားသော အယူအဆတစ်ခုကို ဖော်ထုတ်ခဲ့သည်။ Arendt သည် တော်လှန်ရေးကို “လွတ်လပ်မှုအတွက် ရှာဖွေမှု” အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုသည်။ လွတ်လပ်မှု (“အရာများကို လုပ်ဆောင်နိုင်စွမ်း”) နှင့် လွတ်မြောက်ရေး (“ဖိနှိပ်မှုမှ လွတ်မြောက်ခြင်း”) ကို ပြတ်သားစွာ ခွဲခြားပြပြီး၊ Arendt က လွတ်လပ်မှုအတွက် ရှာဖွေမှုအဖြစ် တော်လှန်ရေးသည် ခေတ်သစ်ဖြစ်စဉ် တစ်ခု ဖြစ်သည်ဟု ဆိုသည်။ Arendt သည် တော်လှန်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် အခြားအစိတ်အပိုင်း နှစ်ခုကိုလည်း ဖော်ထုတ်သည်။ တစ်ခုမှာ အသစ်ဖြစ်မှု သို့မဟုတ် ဆန်းသစ်မှု အယူအဆဖြစ်သည်။ တနည်းအားဖြင့် တော်လှန်ရေးသည် လွတ်လပ်မှုကို ရည်ရွယ်ပြီး၊ လွတ်လပ်မှုကို  မွေးဖွားခြင်းဖြစ်ကာ၊ ထိုအခြင်းအရာသည် သမိုင်း၏ အဆင့်သစ်တစ်ခုကို အမှတ်အသားပြုကြောင်း ဆိုသည်။

            Arendt ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၏ တတိယအစိတ်အပိုင်းမှာ အကြမ်းဖက်မှုဖြစ်သည် - လွတ်လပ်မှုနှင့် ဆန်းသစ်မှုတို့သည် အကြမ်းဖက်မှုမှတစ်ဆင့်မှလွဲ၍ ပေါ်ထွက်လာ၍မရဟု သူမက ဆိုသည်။ အချုပ်အားဖြင့် “ပြောင်းလဲမှုသည် ခေတ်သစ်တစ်ခု၏ အစပျိုးမှုဖြစ်ပြီး၊ လုံးဝကွဲပြားခြားနားသော အစိုးရပုံစံ တစ်ခုကို တည်ထောင်ရန် ဖြစ်သည်။  အကြမ်းဖက်မှုကို အသုံးပြု၍ နိုင်ငံရေးအဖွဲ့အစည်းအသစ်တစ်ခု ပေါ်ပေါက်လာ စေရန်အတွက် ကြိုးပမ်းရာတွင် ဖိနှိပ်မှုမှ လွတ်မြောက်ရေးသည် အနည်းဆုံး လွတ်လပ်မှု တည်ထောင်ရေးကို ရည်ရွယ်သောအခါမှသာ တော်လှန်ရေးမြောက်ကြောင်း ပြောဆိုနိုင်မည်” ဟု ဆိုသည်။

            Chalmers Johnson ကလည်း တော်လှန်ရေးပြဿနာကို လူမှုစနစ်-သီအိုရီ၏ သဘောတရားများဖြင့် ချဉ်းကပ်ရမည်ဟု ဆိုသည်။ တော်လှန်ရေးများကို ၎င်းတို့ဖြစ်ပွားသည့် လူမှုစနစ်များ၏ အခြေအနေတွင် လေ့လာရမည်။ လူမှုစနစ်တစ်ခု၏ ထူးခြားသောလက္ခဏာမှာ ဟန်ချက်ညီမှု ဖြစ်သည်။ ဟန်ချက်ညီမှုမရှိပါက မည်သည့်လူမှုစနစ်မျှ အမှန်တကယ်အားဖြင့် မရှိနိုင်ပေ။ ထို့ကြောင့် တော်လှန်ရေးသည် ဟန်ချက်ပျက်သွား သော လူမှုစနစ်တစ်ခု ဖြစ်သည်။ ဟန်ချက်ပျက်ခြင်းဆိုသည်မှာ စနစ်၏ အခန်းကဏ္ဍများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းဆောင်တာများနှင့် တန်ဖိုးများပျက်စီးသွားခြင်းနှင့် တန်ဖိုးသစ်များ၊ အဖွဲ့အစည်းအသစ်များ၊ လုပ်ငန်းဆောင်တာအသစ်များ တပြိုင်နက်တည်း ဖြစ်ပေါ်လာမှုကို ဆိုလိုပါသည်။
တော်လှန်ရေးသည် ပြောင်းလဲမှုကို ဆိုလိုသည်ဟု Johnson က ဆိုသော်လည်း အထူးပြောင်းလဲမှု တစ်မျိုး ဖြစ်သည်။ “စစ်မှန်သော တော်လှန်ရေးသည်... အခြားအရာအားလုံး ပျက်စီးသွားသောအခါ စနစ်ကို ပြောင်းလဲစေရန် အကြမ်းဖက်မှုကို လက်ခံခြင်းဖြစ်ပြီး၊ တော်လှန်ရေး၏ အယူအဆသည် လူ့အဖွဲ့အစည်း ပျက်စီးမှုအား ဤသိမြင်မှုအပေါ် မူတည်နေသည်။”

“နွေဦးတော်လှန်ရေးသည် နိုင်ငံရေးစနစ်သစ်အတွက် အခြေတည်ရမည့် စံတန်ဖိုးများကို စတင်ဆုပ်ကိုင် အသုံးပြုနိုင်ရန် ကြိုးပမ်းနေသော အပြောင်းအလဲကာလ အဖြစ် မြင်တွေ့နိုင်သည်”

အထက်ပါ စနစ်ပြောင်းတော်လှန်ရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် နွေဦးတော်လှန်ရေးနှင့် အလွန်အံဝင်ဂွင်ကျ ဖြစ်လှသည်။ အန္တိမလွတ်လပ်ရေးအတွက် လက်ရှိတွင် ကြုံတွေ့နေရသော ဖိနှိပ်မှု အမျိုးမျိုး၊ အဆင့်ဆင့်ကြားမှ လွတ်မြောက်အောင် ကြိုးစားနေကြသည်။ တချိန်တည်းတွင် ထင်ထင်ရှားရှား မြင်ရသော အခင်းအကျင်းတစ်ခုမှာ ပြည်သူလူထုတစ်ရပ်လုံး၏ ဘဝနေနည်းဟန်ချက် ပျက်ခြင်းပင်။ တဘဝတာ ဖြတ်သန်းခဲ့သော အခြေအနေများအပေါ် ရရှိတည်ဆောက်ခဲ့သော စံတန်ဖိုးများအပေါ် မေးခွန်း ထုတ်လာနေပြီ ဖြစ်သလို၊ ပြန်တည်ဆောက်မည့် နိုင်ငံရေးစနစ်သစ်အတွက် အခြေတည်ရမည့် စံတန်ဖိုးများကို စတင်ဆုပ်ကိုင် အသုံးပြုနိုင်ရန် ကြိုးပမ်းနေသော အပြောင်းအလဲကာလအဖြစ် မြင်တွေ့နိုင်သည်။ ထို့ပြင် အကြမ်းဖက် နည်းနာများကို တော်လှန်ရေး၏ အမြင့်ဆုံးနည်းနာအနေဖြင့် ကိုင်စွဲပြီး လက်ရှိ အာဏာသိမ်း အုပ်ချုပ်သော စစ်ခေါင်းဆောင်များကို လည်းကောင်း၊ အုပ်ချုပ်စီမံမှုယန္တရားများကို လည်းကောင်း၊ ၂၀၀၈ အခြေခံဖွဲ့စည်းပုံကို လည်းကောင်း ချက်ချင်းဖြုတ်ချ၊ အမြစ်လှန်ရန် ကြိုးပမ်းနေသည်။ တချိန်တည်းတွင် နိုင်ငံရေးစနစ်သစ် အတွက်၊ အုပ်ချုပ်မှုပုံစံအသစ်အတွက် ပြင်ဆင်လျက်ရှိသည်။

            စနစ်ပြောင်းတော်လှန်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အဓိကရှုထောင့်များ သို့မဟုတ် အစိတ်အပိုင်း များအဖြစ် မြင်ကြည့်မည် ဆိုပါက အချက် (၈) ချက်ကို တွေ့နိုင်ပါသည်။

၁။ အခြေခံအကျဆုံးအဆင့်တွင် တော်လှန်ရေးသည် ပြောင်းလဲမှုပုံစံ တစ်မျိုး ဖြစ်သည်။

၂။ ဤပြောင်းလဲမှုသည် အတော်အတန် ရုတ်တရက်ဖြစ်ပြီး နှစ်နှစ်-သုံးနှစ်မှ နှစ်နှစ်ဆယ်-သုံးဆယ် အထိ ကာလတစ်ခုအထိ ဆန့်ထွက်နိုင်သည်။

၃။ ဤပြောင်းလဲမှုသည် ထင်ရှားပြီး ကျယ်ပြန့်သည်၊ လူဦးရေ၏ သိသာထင်ရှားသော အစိတ်အပိုင်းများ၏ အပြုအမူပုံစံများကို သက်ရောက်မှုရှိသည်။

ဤအစိတ်အပိုင်း သုံးခုသည် တော်လှန်ရေးအမျိုးအစားအားလုံးနှင့် သက်ဆိုင်သည် - ဉာဏ်ရည်ဉာဏ်သွေး၊ အနုပညာ၊ စက်မှု၊ သိပ္ပံ၊ နည်းပညာဆိုင်ရာ တော်လှန်ရေးများ။ သို့သော် စနစ်ပြောင်းတော်လှန်ရေးအဖြစ် အရည်အချင်းပြည့်မီရန် လှုပ်ရှားမှုတစ်ခုသည် အောက်ပါ စံသတ်မှတ်ချက် ငါးခုကို ပြည့်မီရမည်။

၄။ စနစ်ပြောင်းတော်လှန်ရေးသည် လူထုလှုပ်ရှားမှုတစ်ခု လိုအပ်သည်။ "လူထု" ၏ အဓိပ္ပါယ်ကို တိကျစွာ သတ်မှတ်ရန် ခက်ခဲ သို့မဟုတ် မဖြစ်နိုင်သော်လည်း ရည်ရွယ်ချက်မှာ စနစ်ပြောင်း တော်လှန်ရေးကို အခြားသော အကြမ်းဖက်လုပ်ရပ်ပုံစံများ  (ဥပမာ အာဏာသိမ်းမှု သို့မဟုတ် လယ်သမားပုန်ကန်မှု) တို့နှင့် ခွဲခြားရန် ဖြစ်သည်။ လူထု၏ အစိတ်အပိုင်းက တော်လှန်ရေးကို ခေတ်သစ်ဖြစ်စဉ်တစ်ခု ဖြစ်စေသည်။

၅။ တော်လှန်ရေးပြောင်းလဲမှုသည် ကနဦးတွင် နိုင်ငံရေး/အစိုးရယန္တရားကို ဦးတည်သည်။ ဤအဓိပ္ပါယ်အရ စနစ်ပြောင်းတော်လှန်ရေးသည် အာဏာလွှဲပြောင်းမှု၊ နိုင်ငံရေးအာဏာ ဖြန့်ဝေမှုတွင် ပြောင်းလဲခြင်း၊ အုပ်ချုပ်သူလူတန်းစား ပြောင်းလဲခြင်းတို့ ပါဝင်သည်။

၆။ ဤအာဏာလွှဲပြောင်းမှုသည် ပိုမိုကျယ်ပြန့်သော လူမှုရေးပြောင်းလဲမှုကို ရည်ရွယ်သည်၊ ရှာဖွေသည် သို့မဟုတ် နိုင်ငံရေး အခြေခံအုတ်မြစ်ကိုပါ ပြင်ဆင်ပေးသည်။ စနစ်ပြောင်းတော်လှန်ရေး သည် မျက်နှာစာအားလုံး - နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ပညာရပ်ဆိုင်ရာ၊ လူမှုရေးတွင် များစွာ အပြောင်းအလဲ ဖြစ်စေသည်။

၇။ တော်လှန်ရေး၏ ပြောင်းလဲမှုသည် တရားမဝင် သို့မဟုတ် ဥပဒေပြင်ပ ဖြစ်သည်။ ၎င်းအတွက် "ပြဌာန်းချက်များ" မရှိပေ။ ၎င်းသည် "အခွင့်အာဏာမရှိ" ပေ။

၈။ တော်လှန်ရေးပြောင်းလဲမှုသည် အကြမ်းဖက်မှုမှတစ်ဆင့်မှလွဲ၍ မဖြစ်ပေါ်ပေ။ အကြမ်းဖက်မှုသည် စနစ်ပြောင်းတော်လှန်ရေး၏ အခြေခံပါဝင်ပစ္စည်း၊ ထင်ရှားသော အရည်အသွေးတစ်ခုဖြစ်သည်။ ဤသည်မှာ အခြားအရာများအပြင် ပြောင်းလဲမှုကို လက်ရှိအာဏာပိုင်များက ခုခံတွန်းလှန်မှုကြောင့် ဖြစ်သည်။ “အကြမ်းမဖက်သော စနစ်ပြောင်းတော်လှန်ရေး” သည် ဆန့်ကျင်ဘက်စကားလုံးများ ဖြစ်သည်။

            စနစ်ပြောင်းတော်လှန်ရေးသည် အလွန်ကျယ်ဝန်းပြီး အခြေခံကျကျ လူမှုအပြောင်းအလဲ လုပ်နိုင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ လက်ရှိစစ်အာဏာရှင်ထိပ်ပိုင်းခေါင်းဆောင်များကို ဖြုတ်ချနိုင်ရန်၊ စိုးမိုးနယ်မြေ ကျယ်ပြန့်လာရန် ကြိုးပမ်းမှုသည် စစ်တပ်၏ ဖိနှိပ်မှုမှ လွတ်မြောက်ရန် ဖြစ်သည်။ ဖိုဝါဒနှင့် လူမျိုးကြီးဝါဒ သည် စစ်အာဏာရှင်စနစ်ကို ဖန်တီးခဲ့သည်။ အာဏာရှင်စနစ်ကို ဖန်တီးခဲ့သည်။ ပြည်တွင်းစစ်ကို ဖန်တီးခဲ့ သည်။ အမုန်းတရားကို ဖန်တီးခဲ့သည်။ မျက်ရည်များစွာကို ဖန်တီးခဲ့သည်။ အသက်များစွာကို သေကြေခဲ့သည်။ နိုင်ငံတော်ကို သင်းသတ်ခဲ့သည်။ တချိန်တည်းတွင် စစ်မှန်သော လွတ်လပ်မှု မရရှိနိုင်သေးပေ။ စစ်မှန်သော လွတ်လပ်မှုအတွက် ဖိနှိပ်မှုတို့၏ မြစ်ဖျားခံရာ အကြောင်းအရာအသီးသီးကို ရှာဖွေဖယ်ရှားနိုင်ရန် အရေးကြီး သည်။ မြန်မာနိုင်ငံသည် နိုင်ငံဟူ၍ မည်ကာမတ္တသာ ရှိသေးသည်။ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု တို့ကို တခါမှပင် မမြင်ရသေးပေ။ တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို မတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

            လက်ရှိနွေဦးတော်လှန်ရေးသည် ပြည့်ဝသော တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်သော စနစ်ပြောင်းတော်လှန်ရေး ဖြစ်လာစေဖို့ ရည်သန်ပါကြောင်း။ အေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်သော၊ ချစ်ခြင်းဖြင့် လန်းဆန်းနေသော ခေတ်သစ်ရဲ့နိဒါန်း ဖြစ်လာစေဖို့ အားထုတ်အပ်ပါသည်။

“မြန်မာနိုင်ငံသည် နိုင်ငံဟူ၍ မည်ကာမတ္တသာ ရှိသေးသည်။ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု တို့ကို တခါမှပင် မမြင်ရသေးပေ”

 
 
 




0 Comments

4/24/2025 0 Comments

CDMers Amid the Earthquake

Written by Jasmine 
​
Incident (1)
Boom! Boom! Boom! CRASH! WHOOSH...
Mi San just took a bite of her meal, a mix of rice, roselle soup, fish paste, and vegetables when the floor she was sitting on began to shake violently. Amid a cacophony of screams and the crash of falling objects, she froze momentarily before seeing the ceiling starting to collapse. She ran down the stairs with her plate of rice still in hand. Halfway down, she remembered her most precious possession—her phone, her ticket to meals—had been left behind. Stumbling and swaying, she went back up, crawled into the room, clutched the phone tightly to her chest, and made her way down again.
Dodging walls that were crumbling around her, she eventually reached the open space in front of the house and lay flat on the ground, trembling. When the situation seemed to calm down enough for her to look up, she saw that the upper floor—her small world, her room—was now unrecognizable amid clouds of dust. Mi San had traveled many miles to find this little space to lay her head on pillow. Now she was homeless again.
"Sister! Sister, your forehead is bleeding! Come here!"
Only when she heard the voice of a roommate from the ground floor did Mi San touch her forehead and realize it was covered in blood. "A wounded forehead isn't important anymore," she remembered a Burmese saying. Though she had already given up everything of value, though she was already a CDMer who had abandoned everything, she still yearned for a safe place to rest. Now where was it? A place to lay her head. A roof lost again, Mi San...

Incident (2)
"Mom, let me add some more rice porridge, okay? Isn't it delicious?"
"Yes, delicious!"
Though her mother's speech was slurred from a stroke, Nway Nway smiled lovingly at her as she enthusiastically praised the porridge her daughter had made.
"Okay, I'll add more. Mom, please stay still. I worry your head might tilt and your neck might slip."
After instructing her mother, Nway Nway took the porridge bowl and descended to the lower level where the kitchen was. While she was ladling hot porridge from the pot...
BOOM! BOOM! BOOM! CRASH! CRASH! THUD!
The porridge pot rattled violently and tipped over as Nway Nway fell backward onto the floor. Recognizing it was an earthquake, she immediately thought of her mother left upstairs.
"Mom! Mom! Don't move! I'll come get you! I'm coming!"
She tried to get up, but a second wave of the earthquake threw her back down. Gripping the doorframe of the kitchen tightly, she watched in horror as the brick wall near her mother's bed swayed like a branch with dry leaves, preparing to collapse with full force. Her mother looked through the window, turning toward Nway Nway.
"Don't come! Crawl away! Don't come, daughter..."
"CRASH! THUD! RUMBLE! RUMBLE! BOOM!"
Before her mother could finish, Nway Nway watched in shock as walls and bricks collapsed onto her mother. She could only scream with all her might.
"MOTHER!"
"Please help me retrieve my mother's body, sir. I want to give her a proper burial. I beg you."
Nearly on her knees, Nway Nway pleaded with the owner of the house. Being wealthy, he had brought in heavy machinery and rescue workers to recover his wife's body, along with jewelry and money trapped in the collapsed building. But they were focused only on the bedroom section, completely ignoring Nway Nway's side of the house.
She looked at their small wooden house now flattened under the massive brick walls of the three-story building. She remembered her mother's tearful eyes peering through the window, telling her to stay away. Just five months after Nway Nway had joined the CDM, her mother had suffered a stroke that left her entire body immobilized. Nway Nway had spent all her savings on medical care, and it was the strength drawn from her mother's presence that had helped her get through these difficult times. Now her mother was under a pile of bricks, still not retrieved. Mother... My heart is broken.

Incident (3)
"Line up, everyone, line up! Those who have already received, please don't come back! Have some empathy, please!"
Listening to the shouts of the donors, Ma Aye Khaing joine the line with her son on her back. As the long line slowly moved forward, she felt deeply embarrassed. Gathering courage for her son's sake, she lifted her head and looked ahead at the donors.
"Oh... isn't that my student among those distributing supplies? Aren't those the children I taught?"
When she recognized her former students among those handing out packages of instant noodles and coffee mixes, Ma Aye Khaing's vision blurred, and her legs weakened. She hesitated, unsure whether to continue forward or retreat, torn between shame and pride. Though her internal alarm was ringing not to accept charity, her feet kept moving forward.
When it was her turn, she ignored her former student's searching, sympathetic gaze, kept her head down, grabbed the package, and quickly turned away.
"Got snacks? I want snacks! Snacks! Hee-hee!"
Hearing her son's excitement about the food they would eat, Ma Aye Khaing rubbed his back as he rode on hers, while silently letting tears fall. Despite being seven years old, her son's mental development was delayed, requiring her to take him everywhere. Her husband was in prison for supporting the resistance, and when the earthquake destroyed their shelter, she had to carry her son to an evacuation camp.
She had sold her earrings—her only wedding possession—to feed her son adequately, but living among many people with a child with special needs was incredibly difficult. Once she reached a quiet place away from the donors and crowds, she set her son down and checked the small pouch attached to her undershirt. The few 10,000 kyat notes, not even enough to make 50,000, looked back at her dejectedly.
She wanted to send supplies to her imprisoned husband. She wanted to find an affordable rental for herself and her son. There were so many needs but so little money, and thinking about it all made her chest tighten. Nevertheless, watching her son smiling at her while eating the snacks, she found strength. She had endured the torment of the dictators, and now she would face this natural disaster as well.
"Son, Mother is here for you..."

CDMers Amid the Earthquake
What are we to do? How will the hundreds of thousands of CDM members who have been at the forefront of the Spring Revolution overcome this disaster? The support funds have been unavailable for a long time now, meaning many have been living at the lowest depths of suffering for quite some time. Living as fugitives, secretly hiding in various parts of the country, and now unable to escape the earthquake's impact—what can we do?
The rented homes are gone... 
Mother's body rotting under the destroyed house... 
Disoriented with a child...
The earthquake must have opened the gates of underground hell.
"People whose houses were destroyed must register with household registration documents and IDs... 
Those who want to retrieve bodies must come report with household registration... 
Earthquake victims, rice, oil, and instant noodles will be provided. Please come to the ward office with ID to receive..."
For a CDM member still living secretly and illegally in territory controlled by the military, how can they show ID to retrieve a body? Who can they continue staying near their collapsed home? How can they get the distributed supplies?
Like prodding a wound with a stick, sorrows pile upon the heat of their troubles...
The rented homes are gone... Mother's body rotting under the destroyed house... A husband behind bars and in outside, disoriented with a child on her back...
These are CDM members who gave up everything to stand on the side of justice. They are people who chose this path knowing it would be difficult. They are people who continued walking despite knowing the hardships. They are people who sacrificed despite knowing what they would lose. Those who started with nothing, now subjected to additional cruelties by nature itself? Those who lost their homes because of the dictators have now lost their temporary shelters due to the earthquake. Those who were separated from family because of the dictators have now been separated by death. Those who were imprisoned because of the dictators have now been buried in darkness.
Like in Saya Aung Thin's writing: "The dead have stopped breathing, while the living struggle to breathe." The lives of CDM members, already powerless among those struggling to breathe, have become even more bitter. Bonds of attachment that cannot be pulled from under piles of bricks, people forced to silence their pride and beg with outstretched hands—how many CDM members are facing such circumstances?
Groping blindly in the pitch darkness, hoping to see the dawn, only to be pulled back to the edge of the abyss.
Where must we reach out? What must we hold onto? Where a hand we need. Please provide a shoulder. Let us see the dawn.
0 Comments
Forward>>
Site powered by Weebly. Managed by Porkbun