Politics for Women Myanmar
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
Search by typing & pressing enter

YOUR CART

4/25/2025 0 Comments

တော်လှန်ရေးအောင်ပွဲအတွက် မဟာဗျူဟာ၏အခန်းကဏ္ဍ

Picture
ရေးသားသူ-Liliane


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 
​

 
တော်လှန်ရေးသမားများသည် မိမိတို့ထိန်းချုပ်နိုင်သော ကိန်းရှင်များကို ထိရောက်စွာ အသုံးချခြင်းဖြင့် ကိန်းသေများဖြစ်သော အခြေအနေများကို မိမိတို့အတွက် အကျိုးရှိအောင် လုပ်ဆောင်နိုင်သည်


နိဒါန်း
-----


လူ့အဖွဲ့အစည်းတွင် ပြောင်းလဲမှုသည် တစ်ခါတစ်ရံ ဖြည်းဖြည်းချင်း တိုးတက်လာသကဲ့သို့ အချို့သော အခြေအနေများတွင် အလျင်အမြန် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာတတ်သည်။ သမိုင်းကြောင်းတွင် တော်လှန်ရေးများသည် လူ့အဖွဲ့အစည်း၏ အခြေခံပုံစံကို ပြောင်းလဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ခဲ့သည်။ သို့သော် တော်လှန်ရေးတိုင်းသည် အောင်မြင်မှု မရရှိခဲ့ကြပေ။

အချို့သော တော်လှန်ရေးများသည် ပန်းတိုင်သို့ ရောက်ရှိနိုင်ခဲ့ပြီး၊ အချို့မှာမူ လမ်းခုလတ်တွင် ဆုံးရှုံးခဲ့ရသည်။ ဤအောင်မြင်မှုနှင့် ဆုံးရှုံးမှုကြားရှိ ကွာဟချက်ကို ခွဲခြားသတ်မှတ်ပေးသော အဓိကအချက်မှာ တော်လှန်ရေးမဟာဗျူဟာပင် ဖြစ်သည်။ မဟာဗျူဟာသည် တော်လှန်ရေး၏ လမ်းကြောင်းကို လမ်းညွှန်ပေးသည့် ပင်မမြေပုံ ဖြစ်သည်။ ၎င်းသည် ရှင်းလင်းသော ရည်မှန်းချက်များ၊ အရင်းအမြစ်များကို ထိရောက်စွာအသုံးချပုံ၊ အဟန့်အတားများကို ကျော်လွှားရန် နည်းလမ်းများကို ဖော်ပြထားသည်။
 
မဟာဗျူဟာဟူသည်
------------------


မဟာဗျူဟာဆိုသည်မှာ မူလဂရိဘာသာစကားမှ "strategia" သို့မဟုတ် "Art of General" ဟူသော အဓိပ္ပါယ်မှ ဆင်းသက်လာသည်။ မဟာဗျူဟာဆိုသည်မှာ ရရှိလိုသော ပန်းတိုင်ကို ဦးတည်ပြီး ရရှိနိုင်သော အရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ရန် ရေးဆွဲထားသော ပြည့်စုံသော အစီအစဉ်ရေးဆွဲခြင်း ဖြစ်စဉ်ကို ဆိုလိုသည်။ တော်လှန်ရေးအခြေအနေတွင် မဟာဗျူဟာသည် လက်ရှိအခြေအနေမှ ရည်မှန်း ထားသော အနာဂတ်အခြေအနေသို့ ရောက်ရှိရန်အတွက် ရှင်းလင်းသော လမ်းပြမြေပုံတစ်ခု ဖြစ်သည်။

စစ်ရေးမဟာဗျူဟာပညာရှင် Carl von Clausewitz က မဟာဗျူဟာကို "စစ်ပွဲ၏ ရည်ရွယ်ချက်ကို ရရှိရန် နည်းလမ်းတစ်ခုအနေဖြင့် တိုက်ပွဲများကို အသုံးချသည့် အနုပညာ" ဟု ဖွင့်ဆိုခဲ့သည်။ နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးများတွင် ဤဖွင့်ဆိုချက်ကို ပိုမိုကျယ်ပြန့်စွာ နားလည်နိုင်ပြီး၊ တော်လှန်ရေး၏ နိုင်ငံရေး ရည်မှန်းချက်များ ရောက်ရှိရန် ရရှိနိုင်သော အရင်းအမြစ်များကို အသုံးချသည့်ပုံစံအဖြစ် ယူဆနိုင်သည်။ ပြင်သစ်စစ်ရေးသီအိုရီပညာရှင် André Beaufre က မဟာဗျူဟာကို "အင်အားကို အသုံးပြု၍ ဆန့်ကျင်ဘက် ဆန္ဒနှစ်ခုအကြား အငြင်းပွားမှုကို ဖြေရှင်းနေသော သက်ဝင်လှုပ်ရှားမှု၏ အနုပညာ" ဟုခေါ်ခဲ့သည်။
 
မဟာဗျူဟာအတွက် အဓိကအစိတ်အပိုင်းများ
-------------------------------------


၁. ခေါင်းဆောင်မှု

တော်လှန်ရေးမဟာဗျူဟာတိုင်းတွင် ခေါင်းဆောင်မှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ သမိုင်းကြောင်းအရ တော်လှန်ရေးအများစုတွင် ထူးခြားဆန်းသစ်သော ခေါင်းဆောင်မှုစွမ်းရည်ရှိသည့် လူပုဂ္ဂိုလ်များက ဦးဆောင်ခဲ့ကြသည်။ ဤခေါင်းဆောင်များသည် အများအားဖြင့် အသက် ၃၀ မှ ၅၀ အကြား၊ လူလတ်တန်းစားနောက်ခံရှိသော ပညာတတ်များ ဖြစ်တတ်ကြသည်။

တော်လှန်ရေးခေါင်းဆောင်များ၏ အဓိကတာဝန်များမှာ (၁) အယူဝါဒဆိုင်ရာ လမ်းညွှန်မှုပေးခြင်း၊ (၂) တော်လှန်ရေးအဖွဲ့အစည်းများ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ (၃) အကြမ်းမဖက်လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်ကို ထိန်းချုပ်ခြင်း နှင့် ကိုင်တွယ်စီမံခြင်း၊ (၃) နိုင်ငံတကာဆက်ဆံရေးများ စီမံခန့်ခွဲခြင်း၊ (၄) တော်လှန်ရေးလှုပ်ရှားမှုကြား စည်းလုံးညီညွတ်မှု ထိန်းသိမ်းခြင်း၊ (၅) ရေရှည်မဟာဗျူဟာရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း တို့ ဖြစ်သည်။

၂. အယူဝါဒ

အောင်မြင်သော တော်လှန်ရေးတိုင်းတွင် ခိုင်မာသော အယူဝါဒတစ်ခု ရှိသည်။ အယူဝါဒဆိုသည်မှာ တော်လှန်ရေးလှုပ်ရှားမှု၏ အခြေခံယုံကြည်ချက်စနစ်၊ တန်ဖိုးများနှင့် စိတ်ကူးစိတ်သန်းများကို ရည်ညွှန်း သည်။ ၎င်းသည် လက်ရှိအခြေအနေနှင့် ပတ်သက်သော ဝေဖန်ဆန်းစစ်မှု၊ အနာဂတ်အတွက် မျှော်မှန်းချက်နှင့် ထိုမျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန် အဆိုပြုလမ်းကြောင်းတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
 
၃. အဖွဲ့အစည်း

တော်လှန်ရေးအဖွဲ့အစည်းများသည် တော်လှန်ရေး၏ လက်တွေ့ယန္တရားဖြစ်ပြီး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် နေ့စဉ်လုပ်ငန်းများကို ဆောင်ရွက်သည်။ ၎င်းတို့သည် နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုရေးလှုပ်ရှားမှုများကို ညှိနှိုင်းဆောင်ရွက်ပြီး တော်လှန်ရေး၏ ထိရောက်မှုနှင့် ခံနိုင်ရည်ရှိမှုကို သေချာ စေသည်။

၄. အကြမ်းဖက်မှုနှင့် သုံးစွဲပုံ

အကြမ်းဖက်မှုသည် တော်လှန်ရေးအများစု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း၊ ၎င်း၏ အတိုင်းအတာနှင့် သဘောသဘာဝသည် တော်လှန်ရေးပုံစံအလိုက် ကွဲပြားမှုရှိသည်။ အချို့တော်လှန်ရေးများ သည် အကြမ်းဖက်နည်းလမ်းများကို အဓိကကျသည့် နည်းလမ်းအဖြစ် အသုံးပြုကြပြီး၊ အခြားတော်လှန်ရေး များမှာမူ အကြမ်းမဖက်ရေး နည်းဗျူဟာများကို ဦးစားပေးကြသည်။

အကြမ်းဖက်မှုကို တော်လှန်ရေးလက်နက်တစ်ခုအဖြစ် အသုံးပြုရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်။

ရည်ရွယ်ချက် - အကြမ်းဖက်မှုကို မည်သည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုမည်နည်း။ (ဥပမာ - အစိုးရ၏ ထိန်းချုပ်မှုကို ယိုယွင်းစေရန်၊ လူထုကို စည်းရုံးသိမ်းသွင်းရန်၊ ရန်သူ့တပ်ဖွဲ့များကို နှိမ်နင်းရန်)

ပစ်မှတ် - မည်သည့်အရာများနှင့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားမည်နည်း။ (စစ်ရေးပစ်မှတ်များသာ၊ အရပ်သားပစ်မှတ်များပါ ပါဝင်သလား)

အတိုင်းအတာ - အကြမ်းဖက်မှု၏ အတိုင်းအတာနှင့် ပြင်းထန်မှု မည်မျှရှိမည်နည်း။

ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားချက်များ - အကြမ်းဖက်မှုကို မည်သည့် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများဖြင့် ကန့်သတ်ထားမည်နည်း။

အကျိုးဆက်များ - အကြမ်းဖက်မှု၏ နိုင်ငံရေး၊ လူမှုရေးနှင့် နိုင်ငံတကာအကျိုးဆက်များကို မည်သို့ စီမံခန့်ခွဲမည်နည်း။

၅. နိုင်ငံတကာဆက်ဆံရေး
----------------------


တော်လှန်ရေးတိုင်းသည် ဒေသတွင်းသာ ဖြစ်ပွားသော်လည်း နိုင်ငံတကာရှုထောင့်နှင့် ကင်းကွာ၍ မရပေ။ နိုင်ငံခြားတိုင်းပြည်များထံမှ ထောက်ခံမှု၊ အရင်းအမြစ်များနှင့် တရားဝင်အသိအမှတ်ပြုမှုတို့သည် တော်လှန်ရေး၏ ရှင်သန်နိုင်မှုနှင့် အောင်မြင်မှုအတွက် ဆုံးဖြတ်ပေးသော အခန်းကဏ္ဍမှ ပါဝင်သည်။

မဟာဗျူဟာသည် ကိန်းသေအခြေအနေများအပေါ် ကိန်းရှင်များမှ ပေါင်းစပ်ခြင်းဖြစ်သည်

 ကိန်းသေ-ကိန်းရှင်များ
နိုင်ငံရေးတော်လှန်ရေးများတွင် "ကိန်းသေ" နှင့် "ကိန်းရှင်" ဟူ၍ အရေးကြီးသော အယူအဆနှစ်ခု ရှိပါသည်။ ဤအယူအဆများသည် တော်လှန်ရေးမဟာဗျူဟာကို နားလည်ရန်အတွက် အခြေခံဖြစ်သည်။

 
ကိန်းသေများ - အခြေအနေများ (Conditions)
---------------------------------------


ကိန်းသေများဆိုသည်မှာ တော်လှန်ရေးသမားများ၏ ထိန်းချုပ်မှုအောက်တွင် မရှိသော ဖြစ်ရပ်များ၊ အခြေအနေများနှင့် အကြောင်းရင်းများ ဖြစ်သည်။ ၎င်းတို့သည် တော်လှန်ရေးဖြစ်ပေါ်ရန် "ပေးထားသော အခြေအနေများ" (givens) များဖြစ်ပြီး၊ တော်လှန်ရေးသမားများအနေဖြင့် ၎င်းတို့ကို လက်ခံ၍ လိုက်လျော ညီထွေဖြစ်အောင် ဆောင်ရွက်ရမည်။

တော်လှန်ရေးမတိုင်ခင်နှင့် တော်လှန်ရေးကာလအတွင်း ဖြစ်ပေါ် ပြောင်းလဲနေသော (၁) စီးပွားရေးအခြေအနေများ၊ (၂) လူမှုရေးအခြေအနေများ၊ (၃) နိုင်ငံရေး အခြေအနေများ၊ (၄) ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများသည် ကိန်းသေ အကြောင်းအရင်းခံများ ဖြစ်သည်။ ထိုကိန်းသေအကြောင်းအရာများနှင့် ပတ်သက်ပြီး ပြည်သူလူထုက လက်မခံနိုင်တော့ကြောင်း ပိုပြီး မြင်သာလာသည်နှင့်အမျှ တော်လှန်ရေးဖြစ်လာနိုင်သလို၊ တော်လှန်ရေးကာလအတွင်းမှာ ကိန်းသေ အကြောင်းအရာများသည် ပိုမိုယိုယွင်းလာနိုင်သည်။

ဤအခြေအနေများအပြင်၊ တော်လှန်ရေးဖြစ်ပွားရန် လှုံ့ဆော်ပေးသော လတ်တလောဖြစ်ရပ်များလည်း ရှိတတ်သည်။ ၎င်းတို့မှာ စစ်ပွဲနှင့် စစ်ရေးပြိုကွဲမှုများ၊ စစ်တပ်ပုန်ကန်မှုများ၊ အာဏာသိမ်းမှုများ၊ ရုတ်တရက် အကြီးအကျယ်ဈေးနှုန်းတက်ခြင်း၊ လူမျိုးရေးခွဲခြား ဆက်ဆံမှု သို့မဟုတ် အကြမ်းဖက်မှုဖြစ်ရပ်များ၊ နယ်ချဲ့ကျူးကျော်မှု၊ ရွေးကောက်ပွဲများအား တမင်ရွှေ့ဆိုင်း ခြင်း၊ ပြုလုပ်ခြင်း၊ အဂတိလိုက်စားမှုဆိုင်ရာအကျင့်ပျက်မှုများ ပေါ်ထွက်လာခြင်း စသည့် ကြီးမားသော အပြောင်းအလဲများက တော်လှန်ရေးကို ချက်ချင်း ပေါက်ထွက်လာစေသည်။
 
ကိန်းရှင်များ - မဟာဗျူဟာ (Strategy)
---------------------------------


ကိန်းရှင်များဆိုသည်မှာ တော်လှန်ရေးသမားများအနေဖြင့် ထိန်းချုပ်နိုင်သော အကြောင်းရင်းများ ဖြစ်သည်။ ၎င်းတို့သည် မဟာဗျူဟာ၊ နည်းဗျူဟာနှင့် နည်းစနစ်များ အစရှိသော တော်လှန်ရေးလှုပ်ရှားမှု၏ လက်တွေ့ကျသော ရွေးချယ်မှုများ ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော ခေါင်းဆောင်မှု၊ အယူဝါဒ၊ အဖွဲ့အစည်း၊ အကြမ်းဖက်မှုနှင့် နိုင်ငံတကာဆက်ဆံရေးတို့သည် အဓိကကိန်းရှင်များ ဖြစ်သည်။

ကိန်းရှင်များကို ထိန်းချုပ်ခြင်းသည် ကိန်းသေများကို အသုံးချနိုင်ရန်အတွက် ဖြစ်သည်။ ကိန်းသေများ နှင့် ကိန်းရှင်များကြားဆက်စပ်မှုကို နားလည်ခြင်းသည် ထိရောက်သော တော်လှန်ရေးမဟာဗျူဟာ ရေးဆွဲရာတွင် မရှိမဖြစ် လိုအပ်သည်။ တော်လှန်ရေးသမားများသည် မိမိတို့ထိန်းချုပ်နိုင်သော ကိန်းရှင်များကို ထိရောက်စွာ အသုံးချခြင်းဖြင့် ကိန်းသေများဖြစ်သော အခြေအနေများကို မိမိတို့အတွက် အကျိုးရှိအောင် လုပ်ဆောင်နိုင်သည်။
 
မဟာဗျူဟာရေးဆွဲနည်းနာများ
---------------------------


တော်လှန်ရေးအတွက် မဟာဗျူဟာရေးဆွဲခြင်းသည် ရှုပ်ထွေးသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊ တိကျသောအခြေအနေပေါ် မူတည်၍ ကွဲပြားမှုရှိသည်။ သို့သော် အောင်မြင်သော တော်လှန်ရေးမဟာဗျူဟာ များတွင် တူညီသော အဓိကလုပ်ငန်းစဉ်အဆင့်များ ရှိကြသည်။

၁။ အခြေအနေများလေ့လာခြင်း

တော်လှန်ရေးမဟာဗျူဟာရေးဆွဲခြင်း၏ ပထမအဆင့်မှာ လက်ရှိအခြေအနေကို အသေးစိတ် လေ့လာခြင်း ဖြစ်သည်။ ၎င်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ အခြေအနေများ အပြင်၊ ပြိုင်ဘက်အင်အားစုများ၏ အားသာချက်နှင့် အားနည်းချက်များလည်း ပါဝင်သည်။ လူထု၏ စိတ်နေသဘောထားနှင့် ထောက်ခံမှုအခြေအနေ၊ နိုင်ငံတကာပတ်ဝန်းကျင်နှင့် ထောက်ခံမှုအလားအလာ၊ ရရှိနိုင်သောအရင်းအမြစ်များနှင့် စွမ်းရည်များကို သိရှိနေရမည်။

၂။ ရည်မှန်းချက်များနှင့် ပန်းတိုင်များချမှတ်ခြင်း

အခြေအနေကို အကဲဖြတ်ပြီးနောက် တော်လှန်ရေးခေါင်းဆောင်များသည် ရှင်းလင်းပြီး လက်တွေ့ ကျသော ရည်မှန်းချက်များနှင့် ပန်းတိုင်များကို ချမှတ်ရမည်။ ရည်မှန်းချက်များသည် ကာလအပိုင်းအခြား အလိုက် ခွဲခြားထားရမည်။

ရေတိုရည်မှန်းချက်များ - ကနဦးအောင်မြင်မှုများနှင့် တပ်ဖွဲ့စိတ်ဓာတ်မြှင့်တင်ရန် ရည်ရွယ်သော လွယ်ကူပြီး အလျင်အမြန်ရရှိနိုင်သော ပန်းတိုင်များ။
ရေလတ်ရည်မှန်းချက်များ - တော်လှန်ရေး၏ လမ်းကြောင်းကို ပြောင်းလဲပေးမည့် ပိုမိုကြီးမားသော အောင်ပွဲများ။

၃။ အရင်းအမြစ်အကဲဖြတ်ခြင်းနှင့် ခွဲဝေခြင်း

တော်လှန်ရေးမဟာဗျူဟာတွင် အရင်းအမြစ်များကို ကာလအပိုင်းအခြားအလိုက် ထိရောက်စွာ ခွဲဝေအသုံးပြုရန် အစီအစဉ်ရှိရမည်။ တော်လှန်ရေးအဆင့်ကာလ ကွဲပြားသည့်အလျောက် အရင်းအမြစ် လိုအပ်ချက်များလည်း ပြောင်းလဲသွားနိုင်သည်။ ဥပမာအားဖြင့် တော်လှန်ရေး၏ ကနဦးအဆင့်များတွင် ဝါဒဖြန့်ချိရေးနှင့် စည်းရုံးလှုံ့ဆော်ရေးအတွက် အရင်းအမြစ်များကို ဦးစားပေးရမည်ဖြစ်ပြီး၊ တော်လှန်ရေး တိုးတက်လာသည်နှင့်အမျှ စစ်ရေးလုပ်ငန်းများနှင့် အုပ်ချုပ်ရေးအတွက် အရင်းအမြစ်များကို ပိုမိုအသုံးပြု လာရမည်ဖြစ်သည်။

လူအင်အား - တော်လှန်ရေးတွင် ပါဝင်သူ အရေအတွက်၊ အရည်အသွေးနှင့် ကျွမ်းကျင်မှုများ

ငွေကြေးအရင်းအမြစ်များ - ရန်ပုံငွေရရှိနိုင်မှုနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု

လက်နက်နှင့် စစ်ပစ္စည်းများ - စစ်ရေးလုပ်ငန်းများအတွက် အရင်းအမြစ်များ

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး - သတင်းအချက်အလက်ရရှိမှုနှင့် ဖြန့်ဖြူးနိုင်မှု

နည်းပညာနှင့် အခြေခံအဆောက်အအုံ - ဆက်သွယ်ရေးစနစ်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များနှင့် အခြေခံအဆောက်အအုံများ
 
၄။ နည်းဗျူဟာဖွံ့ဖြိုးရေး

တော်လှန်ရေးရည်မှန်းချက်များကို ရရှိရန်အတွက် တိကျသောနည်းဗျူဟာများ ဖွံ့ဖြိုးရေးသည် မဟာဗျူဟာလုပ်ငန်းစဉ်တွင် အဓိကအဆင့်တစ်ခု ဖြစ်သည်။ နည်းဗျူဟာများသည် ထိရောက်ရန်၊ ကိုက်ညီရန် နှင့် ပြောင်းလွယ်ပြင်လွယ်ရှိရန် လိုအပ်သည်။ ၎င်းတို့သည် လက်ရှိအခြေအနေအပေါ် အခြေခံရမည်ဖြစ်ပြီး ပြောင်းလဲလာသော အခြေအနေအလိုက် ပြင်ဆင်ရန်အတွက် လုံလောက်သော ပြောင်းလွယ်ပြင်လွယ်ရှိရန် လိုအပ်သည်။

အောက်ပါနယ်ပယ်များအတွက် နည်းဗျူဟာများ ဖွံ့ဖြိုးရန် လိုအပ်သည်။

နိုင်ငံရေးနည်းဗျူဟာ - ပြည်တွင်းထောက်ခံမှု တည်ဆောက်ရန်နှင့် နိုင်ငံရေးတရားဝင်မှု ရရှိရန်

စစ်ရေးနည်းဗျူဟာ - စစ်ရေးပြိုင်ဘက်ကို ရင်ဆိုင်ရန်နှင့် နယ်မြေထိန်းချုပ်မှု ရရှိရန်

စီးပွားရေးနည်းဗျူဟာ - ရန်ပုံငွေရရှိရန်နှင့် တော်လှန်ရေးရေရှည်တည်တံ့ရန်

မီဒီယာနှင့် ဆက်သွယ်ရေးနည်းဗျူဟာ - သတင်းစကားဖြန့်ဝေရန်နှင့် လူထုသဘောထားကို လွှမ်းမိုးရန်

နိုင်ငံတကာနည်းဗျူဟာ - နိုင်ငံတကာထောက်ခံမှု ရရှိအောင် ချဉ်းကပ်ရန်နှင့် မိတ်ဆွေဖွဲ့ရန်
 
၅။ အကောင်အထည်ဖော်ခြင်းနှင့် တန်ပြန်တုံ့ပြန်ခြင်း

တော်လှန်ရေးမဟာဗျူဟာရေးဆွဲခြင်း၏ နောက်ဆုံးအဆင့်မှာ မဟာဗျူဟာနှင့် နည်းဗျူဟာများကို အကောင်အထည်ဖော်ခြင်းနှင့် တန်ပြန်တုံ့ပြန်ခြင်း ဖြစ်သည်။ ဤအဆင့်တွင် အောက်ပါအချက်များ ပါဝင်သည်။

တာဝန်ခွဲဝေခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း - ရှင်းလင်းသော တာဝန်များနှင့် တာဝန်ခံမှုစနစ်

ရှေ့တိုးနောက်ဆုတ်တိုင်းတာခြင်း - တိုးတက်မှုကို ခြေရာခံရန်နှင့် ရလဒ်များကို တိုင်းတာရန် သတ်မှတ်ချက်များ

ခြေရာခံခြင်းနှင့် တုံ့ပြန်ချက်ရယူခြင်း - အကောင်အထည်ဖော်မှုအပေါ် တုံ့ပြန်ချက်ရယူရန် ယန္တရားများ

မဟာဗျူဟာပြင်ဆင်ညှိနှိုင်းခြင်း - လိုအပ်သည့်အခါ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ပြင်ဆင်ခြင်း

တန်ပြန်တုံ့ပြန်ခြင်း - ရန်သူ့မဟာဗျူဟာနှင့် တုံ့ပြန်မှုများကို ကြိုတင်မှန်းဆပြီး တုံ့ပြန်ခြင်း

ဗီယက်နမ်တွင် ဟိုချီမင်းနှင့် ဗိုလ်ချုပ်ဗိုငွေးဂျပ်တို့သည် မဟာဗျူဟာပြင်ဆင်ညှိနှိုင်းခြင်းကို အလွန် ကောင်းစွာအသုံးပြုခဲ့ကြသည်။ ပြင်သစ်နှင့် အမေရိကန်တပ်ဖွဲ့များ၏ တုံ့ပြန်မှုများကို ဆန်းစစ်ပြီး သူတို့၏ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ညှိနှိုင်းခဲ့ကြသည်။ ၎င်းသည် တော်လှန်ရေး၏ အောင်မြင်မှုအတွက် အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်။

မဟာဗျူဟာကျဆုံးခန်း
--------------------


တော်လှန်ရေးများတွင် မဟာဗျူဟာကျဆုံးခြင်းသည် အောင်မြင်မှုကို တားဆီးနိုင်သည့် အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်။ တော်လှန်ရေးလှုပ်ရှားမှုများစွာသည် ချို့ယွင်းသောမဟာဗျူဟာများ သို့မဟုတ် အကောင်အထည်ဖော်မှုအားနည်းခြင်းကြောင့် ဆုံးရှုံးခဲ့ရသည်။ ဤအပိုင်းတွင် တော်လှန်ရေး မဟာဗျူဟာများ ကျဆုံးရသော အဓိကအကြောင်းရင်းများကို စူးစမ်းလေ့လာသွားမည်။

၁။ မတူညီသော အုပ်စုများအကြား စည်းလုံးညီညွတ်မှုမရှိခြင်း

တော်လှန်ရေးလှုပ်ရှားမှုများသည် အောင်မြင်ရန်အတွက် ကျယ်ပြန့်သော ထောက်ခံမှု လိုအပ်သည်။ ပြဿနာတစ်ခုမှာ တော်လှန်ရေးတွင် အဓိကပါဝင်သည့် အုပ်စုများအကြား သဘောထားကွဲလွဲမှုများနှင့် အပြန်အလှန်မယုံကြည်မှုများ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းသည် တော်လှန်ရေးလှုပ်ရှားမှုကို အားနည်းစေပြီး၊ ရန်သူများအတွက် အုပ်စုခွဲခြင်းနှင့် အုပ်ချုပ်ခြင်းနည်းဗျူဟာကို အသုံးပြုရန် အခွင့်အလမ်းပေးသည်။ ထို့ကြောင့် တော်လှန်ရေးမဟာဗျူဟာ များတွင် မတူညီသော အုပ်စုများအကြား ရှင်းလင်းသော သဘောတူညီမှုနှင့် ယုံကြည်မှုတည်ဆောက်ခြင်းတို့ ပါဝင်ရမည်။

၂။ လူထုထောက်ခံမှုဆုံးရှုံးခြင်း

တော်လှန်ရေးတိုင်းသည် လူထုထောက်ခံမှုကို မှီခိုအားထားရသည်။ နည်းဗျူဟာကျသော အမှားများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ သို့မဟုတ် တော်လှန်ရေး၏ ရည်မှန်းချက်များ နှင့်ပတ်သက်၍ ဆက်သွယ်ရေးပျက်ကွက်မှုများကြောင့် ထိုထောက်ခံမှု ဆုံးရှုံးနိုင်သည်။ ထိရောက်သော တော်လှန်ရေးမဟာဗျူဟာတစ်ခုသည် လူထုထောက်ခံမှုကို ထိန်းသိမ်းရန်နှင့် တိုးမြှင့်ရန် ရှင်းလင်းသော အစီအစဉ်တစ်ခု ပါဝင်ရမည်။ ၎င်းတွင် ပွင့်လင်းမြင်သာသော ဆက်သွယ်ရေး၊ အကြမ်းဖက်မှုကို ကန့်သတ်ခြင်းနှင့် လူထုအကျိုးစီးပွားကို ဦးစားပေးခြင်းတို့ ပါဝင်သည်။

၃။ အရင်းအမြစ်များကို ညံ့ဖျင်းစွာစီမံခန့်ခွဲခြင်း

လုပ်ငန်းများအတွက် လုံလောက်သောအရင်းအမြစ်များ ထောက်ပံ့ရန် ပျက်ကွက်ခြင်း၊ အရင်းအမြစ် များကို လွဲမှားစွာဦးစားပေးခွဲဝေခြင်း၊ လက်နက်၊ ငွေကြေးနှင့် ဆက်သွယ်ရေးကွန်ရက်များကဲ့သို့ အရေးကြီးသော အရင်းအမြစ်များကို ကာကွယ်ရန် ပျက်ကွက်ခြင်း၊ သင်တန်းနှင့် လေ့ကျင့်ရေး အခွင့်အလမ်း များကို လျစ်လျူရှုခြင်း တို့သည် တွေ့ရများသော အရင်းအမြစ်စီမံညံ့ဖျင်းခြင်းများ ဖြစ်သည်။ ဤပြဿနာများ ကို ကျော်လွှားရန် တော်လှန်ရေးမဟာဗျူဟာများတွင် အရင်းအမြစ်ကာကွယ်ရေး၊ ခွဲဝေရေးနှင့် အသုံးချရေးအတွက် ရှင်းလင်းသော အစီအစဉ်များ ပါဝင်ရမည်။

၄။ ရေရှည်မဟာဗျူဟာမရှိခြင်း

တော်လှန်ရေးများသည် များသောအားဖြင့် အချိန်ကြာမြင့်သော ဖြစ်စဉ်များ ဖြစ်သည်။ ရေတိုအောင်မြင်မှုများအတွက်သာ အာရုံစိုက်ပြီး ရေရှည်မဟာဗျူဟာမရှိခြင်းသည် နောက်ဆုံးတွင် ဆုံးရှုံးမှုသို့ ဦးတည်နိုင်သည်။ ထိရောက်သော တော်လှန်ရေးမဟာဗျူဟာများသည် ရေတို၊ ရေလတ်နှင့် ရေရှည်ပန်းတိုင် များကို ချိတ်ဆက်ထားသော ရှင်းလင်းသော မျှော်မှန်းချက်ရှိရမည်။

၅။ ရန်သူ့ဘက်၏စွမ်းရည်ကို လျှော့တွက်ခြင်း

တော်လှန်ရေးသမားများသည် ရန်သူ့အင်အားစု၏ စွမ်းရည်၊ ခံနိုင်ရည်နှင့် လိုက်လျောညီထွေဖြစ် အောင် ပြုပြင်နိုင်စွမ်းကို မကြာခဏ လျှော့တွက်တတ်ကြသည်။ ဤသို့ လျှော့တွက်ခြင်းသည် မဟာဗျူဟာ ဆိုင်ရာ ဆုံးဖြတ်ချက်များကို ထိခိုက်စေပြီး၊ ကြိုတင်မမျှော်မှန်းထားသော အခက်အခဲများကို ဖြစ်ပေါ်စေသည်။ ဆန့်ကျင်ဘက်အင်အားကိုလည်း လွန်ကဲစွာခန့်မှန်းခြင်းသည် အန္တရာယ်ရှိပြီး တော်လှန်ရေးသမားများအကြား စိတ်ဓာတ်ကျဆင်းခြင်းနှင့် လက်လျှော့လိုစိတ် ဖြစ်ပေါ်စေနိုင်သည်။ ထိရောက်သော မဟာဗျူဟာသည် ရန်သူ၏ စွမ်းရည်ကို မျှတစွာ ဆန်းစစ်ရမည်။

၆။ ပြောင်းလွယ်ပြင်လွယ်မရှိခြင်း

တော်လှန်ရေးအခြေအနေသည် အလွန်ပြောင်းလဲနေတတ်သည်။ ချမှတ်ထားသော မဟာဗျူဟာကို လုံးဝမပြောင်းလဲဘဲ စွဲကိုင်ထားခြင်းသည် ဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။ အောင်မြင်သော တော်လှန်ရေး မဟာဗျူဟာသည် အခြေအနေအသစ်များနှင့် ကိုက်ညီအောင် ပြောင်းလဲ နိုင်စွမ်းရှိရမည်။ ဥပမာအားဖြင့် ဗီယက်ကွန်းများသည် ပြောင်းလဲလာသော စစ်ဆင်ရေးအခြေအနေများကို တုံ့ပြန်ရန် သူတို့၏ မဟာဗျူဟာကို အစဉ်ပြောင်းလဲညှိနှိုင်းခဲ့သည်။ စစ်ဆင်ရေးလမ်းကြောင်းများနှင့် တိုက်ခိုက်ရေးနည်းဗျူဟာများကို ပြောင်းလဲ ခြင်းဖြင့် ရန်သူကို အစဉ်အမြဲ မသေချာမရေရာဖြစ်စေခဲ့သည်။

၇။ အကြီးမားဆုံးအခက်အခဲနှင့် ယှဉ်ပြိုင်မှုများကို လျစ်လျူမရှုနိုင်ခြင်း

တော်လှန်ရေးသမားများသည် တစ်ခါတစ်ရံတွင် နိုင်ငံတကာပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုများနှင့် ကြုံတွေ့ ရသည့် အကြီးမားဆုံးအခက်အခဲများကို နားလည်ရန် ပျက်ကွက်ကြသည်။ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက် ဝင်ရောက်စွက်ဖက်မှုသည် တော်လှန်ရေး လှုပ်ရှားမှုများကို ကျဆုံးစေနိုင်သည်။ ထိရောက်သော တော်လှန်ရေး မဟာဗျူဟာတွင် ဖြစ်နိုင်ခြေရှိသော နိုင်ငံတကာတုံ့ပြန်မှုများကို ထည့်သွင်းစဉ်းစားရမည်။ ပြင်ပထောက်ခံမှု ရရှိရေးနှင့် ပြင်ပဝင်ရောက်စွက်ဖက်မှုများကို တားဆီးရန် သို့မဟုတ် လျှော့ချရန် နည်းလမ်းများလည်း ပါဝင်ရမည်။
 
၈။ အောင်မြင်မှုအပြီး လွဲမှားသော အကူးအပြောင်းလမ်းစဉ်

တော်လှန်ရေးများသည် ကနဦးအောင်မြင်မှုရပြီးနောက် ကျဆုံးသွားနိုင်သည်။ ဤသို့ကျဆုံးရခြင်း၏ အကြောင်းရင်းတစ်ခုမှာ အကူးအပြောင်းကာလအတွက် ရှင်းလင်းသော အစီအစဉ် မရှိခြင်း ဖြစ်သည်။ တော်လှန်ရေးအပြီး အခြေအနေတည်ငြိမ်ရေး၊ ရေရှည်တည်တံ့သော အဖွဲ့အစည်းများတည်ဆောက်ရေးနှင့် လူထု၏မျှော်လင့်ချက်များကို ဖြည့်ဆည်းရေးအတွက် ရှင်းလင်းသော အစီအစဉ်မရှိပါက တော်လှန်ရေး၏ ရလဒ်သည် ပရမ်းပတာဖြစ်ခြင်း သို့မဟုတ် အာဏာရှင်စနစ်ပြန်လည်ပေါ်ပေါက်ခြင်း ဖြစ်နိုင်သည်။

ထိရောက်သော တော်လှန်ရေးမဟာဗျူဟာတွင် အကူးအပြောင်းကာလစီမံခန့်ခွဲမှုအတွက် ရှင်းလင်းသော အစီအစဉ်တစ်ခု ပါဝင်ရမည်။ ၎င်းတွင် အစိုးရအသစ် တည်ထောင်ခြင်း၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် အဆင့်ဆင့်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ပါဝင်ရမည်။
 
နိဂုံး
-----


နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်၏ အရှိုက်ကို ထိုးနိုင်နေပြီဖြစ်သော အခင်းအကျင်းတရပ်တွင် ရောက်ရှိနေပြီဖြစ်သည်။ ပြည်သူသည်လည်း နေ့စဉ်နှင့်အမျှ ကျပ်တည်းနေသည်။ စစ်အာဏာရှင်တွေ အမြန်ပြုတ်ကျပြီး အရပ်သားအစိုးရကို ပြန်တည်ဆောက်နိုင်ရန် အရေးတကြီးလိုအပ်နေပြီ ဖြစ်သည်။ မဟာဗျူဟာသည် တော်လှန်ရေး၏ ကံကြမ္မာကို ပုံဖော်ပေးနိုင်သည်။ သမိုင်းကို ပြန်လည်သုံးသပ်ကြည့်ပါက၊ မဟာဗျူဟာရေးဆွဲခြင်းသည် တော်လှန်ရေး၏ အောင်မြင်မှု သို့မဟုတ် ဆုံးရှုံးမှုကို ဆုံးဖြတ်ပေးခဲ့သော အဓိကအချက်ဖြစ်ကြောင်း တွေ့ရသည်။

လက်ရှိအခြေအနေကို နက်နက်နဲနဲ နားလည်ခြင်း၊ ရှင်းလင်းသော ရည်မှန်းချက်များ ချမှတ်ခြင်း၊ ထိရောက်သော နည်းဗျူဟာများ ရေးဆွဲခြင်းနှင့် ပြောင်းလဲနေသော အခြေအနေ များကို တုံ့ပြန်နိုင်ခြင်းတို့သည် တော်လှန်ရေးအောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သော အချက်များဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ အောင်မြင်သော တော်လှန်ရေးများနှင့် ဆုံးရှုံးသော တော်လှန်ရေးများကြားရှိ အဓိက ကွာဟချက်မှာ ရှင်းလင်း၍ ထိရောက်သော မဟာဗျူဟာရေးဆွဲမှု ဖြစ်သည်။ ထိရောက်သောမဟာဗျူဟာမှ တော်လှန်ရေးအောင်မြင်မှုကို ဆောင်ကျဉ်းပေးနိုင်ပါစေကြောင်း။       

“မဟာဗျူဟာသည် တော်လှန်ရေး၏ ကံကြမ္မာကို ပုံဖော်ပေးနိုင်သည်။ သမိုင်းကို ပြန်လည်သုံးသပ်ကြည့်ပါက၊ မဟာဗျူဟာရေးဆွဲခြင်းသည် တော်လှန်ရေး၏ အောင်မြင်မှု သို့မဟုတ် ဆုံးရှုံးမှုကို ဆုံးဖြတ်ပေးခဲ့သော အဓိကအချက်ဖြစ်ကြောင်း တွေ့ရသည်”


အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
 https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media​
 



0 Comments



Leave a Reply.

Site powered by Weebly. Managed by Porkbun