Politics for Women Myanmar
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
Search by typing & pressing enter

YOUR CART

4/25/2025 0 Comments

စနစ်ပြောင်းတော်လှန်ရေးနှင့် အကြမ်းဖက်လမ်းစဉ်များ

Picture
ရေးသားသူ-Liliane
 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 


တော်လှန်ရေးလှုပ်ရှားမှုများသည် အစပိုင်းတွင် များသောအားဖြင့် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် စတင်ကြသော်လည်း၊ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်နှင့်အမျှ နည်းလမ်းများလည်း ပြောင်းလဲလာပြီး၊ အကြမ်းဖက်လမ်းစဉ်ကို အမြင့်ဆုံးတိုက်ပွဲအဖြစ် ကိုင်စွဲလာကြသည်

 
စနစ်ပြောင်းတော်လှန်ရေးဆိုတာ ဘာလဲ
---------------------------------


စနစ်ပြောင်းတော်လှန်ရေးဆိုသည်မှာ လက်ရှိတည်ဆဲ နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် လူမှုရေးစနစ် တစ်ခုကို အခြေခံကျကျ ပြောင်းလဲပစ်ရန် ရည်ရွယ်သော လူထုလှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။ ဤတော်လှန်ရေး များသည် လက်ရှိအာဏာဖွဲ့စည်းပုံကို စိန်ခေါ်ရုံသာမက အဆိုပါစနစ်၏ အခြေခံတန်ဖိုးထားမှုများ၊ ဖွဲ့စည်းပုံနှင့် အဖွဲ့အစည်းများကိုပါ အခြေခံကျကျ ပြန်လည်ပုံဖော်ရန် ကြိုးပမ်းကြပါသည်။

စနစ်ပြောင်းတော်လှန်ရေး တစ်ရပ် ဖြစ်လာရန် (၁) ပြည်သူလူထု၏ အခြေခံကျသော ဒေါသနှင့် မကျေနပ်ချက်၊ (၂) ရှင်းလင်းသော အမြင်သစ်နှင့် အပြောင်းအလဲအတွက် တောင်းဆိုချက်၊ (၃) တော်လှန်လိုသူအားလုံးက လက်ခံထားသည့် ဘုံရည်မှန်းချက်ပန်းတိုင်များ၊ (၄) စီစဉ်ထားသော ဖွဲ့စည်းပုံနှင့် ခေါင်းဆောင်မှု၊ (၅) မတူညီသော တော်လှန်ရေးနည်းလမ်းများနှင့် မဟာဗျူဟာကျစွာ တော်လှန်နိုင်မှုတို့ ဟန်ချက်ညီမျှစွာ ရှိနေရန် လိုအပ်သည်။

 
အကြမ်းဖက်မှုဆိုတာ ဘာလဲ
------------------------


အကြမ်းဖက်မှုဆိုသည်မှာ လူပုဂ္ဂိုလ်များ သို့မဟုတ် ပစ္စည်းဥစ္စာများကို ထိခိုက်ဒဏ်ရာရစေရန်၊ ပျက်စီးစေရန် သို့မဟုတ် ဖျက်ဆီးရန် ရည်ရွယ်သော အပြုအမူကို ဆိုလိုပါသည်။ နိုင်ငံရေးအခင်းအကျင်းတွင် အကြမ်းဖက်မှုသည် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအပေါ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အုပ်စုလိုက် သို့မဟုတ် တစ်ဦးချင်း ပုံစံဖြင့် ပေါ်ပေါက်နိုင်ပါသည်။

အကြမ်းဖက်မှု၏ အဓိကပုံစံများမှာ-

၁. ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - လူသတ်မှု၊ ထိခိုက်ဒဏ်ရာရစေမှု၊ ပစ္စည်းဥစ္စာများ ဖျက်ဆီးခြင်း၊ ဆူပူအုံကြွမှု စသည်တို့ ပါဝင်သည်။

၂. စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ခြိမ်းခြောက်မှု၊ ကြောက်ရွံ့မှု၊ စိတ်ဒဏ်ရာပေးခြင်း၊ လူ့ဂုဏ်သိက္ခာကို ချိုးနှိမ်ခြင်းတို့ ပါဝင်သည်။ ပညာရှင် Frantz Fanon က ပြောခဲ့သည့်အတိုင်း ဤအကြမ်းဖက်မှုသည် "ရုပ်ပိုင်းဆိုင်ရာထက် ပို၍သိမ်မွေ့ပြီး ရက်စက်ကာ လူ့ဂုဏ်သိက္ခာကို နှိမ့်ချသည်။"

၃. နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှု - အစိုးရအရာရှိများ သို့မဟုတ် နိုင်ငံရေးပန်းတိုင်များအတွက် အဖွဲ့အစည်းများကို ပစ်မှတ်ထားသော အကြမ်းဖက်မှု ဖြစ်သည်။ အာဏာကို ဆုပ်ကိုင်ထားသော အစိုးရကို ဆန့်ကျင်ခြင်း သို့မဟုတ် စနစ်ပြောင်းလဲရန် ရည်ရွယ်ခြင်း ဖြစ်သည်။

၄. တရားဝင်အကြမ်းဖက်မှု - နိုင်ငံတော်မှ ဥပဒေပြဌာန်းပြီး ပုံမှန်အားဖြင့် ရဲတပ်ဖွဲ့ သို့မဟုတ် စစ်တပ်မှတစ်ဆင့် ကျင့်သုံးသော အကြမ်းဖက်မှု ဖြစ်သည်။
နိုင်ငံရေးပညာရှင် Nieburg က ဖော်ပြခဲ့သည့်အတိုင်း "အစွန်းရောက်ပြီး အကြမ်းဖက်သော နိုင်ငံရေးအပြုအမူကို မတည်ငြိမ်သော၊ ပုံမှန်မဟုတ်သောနှင့် အဓိပ္ပါယ်မဲ့သောအရာအဖြစ် ပယ်ချ၍မရပေ။

အကြမ်းဖက်မှုသည် ၎င်း၏ပုံစံအားလုံးတွင် နိုင်ငံရေးအပြုအမူ၏ သဘာဝပုံစံတစ်ခု ဖြစ်သည်။" ဤအဆိုအရ အကြမ်းဖက်မှုသည် လူ့အဖွဲ့အစည်းတွင် ပုံမှန်ဖြစ်ပွားလေ့ရှိပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်နိုင်သည်ဟု နားလည်နိုင်ပါသည်။

 
တော်လှန်ရေးအရှိန်မြှင့်လာတာနဲ့အမျှ ပြောင်းလဲလာသော နည်းနာများ
--------------------------------------------------------


တော်လှန်ရေးလှုပ်ရှားမှုများသည် အစပိုင်းတွင် များသောအားဖြင့် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် စတင်ကြသော်လည်း၊ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်နှင့်အမျှ နည်းလမ်းများလည်း ပြောင်းလဲတိုးတက် လာကြောင်း တွေ့ရှိရပါသည်။ဤပြောင်းလဲမှုများတွင် အောက်ပါအဆင့်များ ပါဝင်သည်။

အဆင့် - ၁. နှိုးဆော်ခြင်းနှင့် စုစည်းခြင်းအဆင့်

တော်လှန်ရေးလှုပ်ရှားမှုများ၏ ပထမအဆင့်တွင် အဓိကအာရုံစိုက်မှုမှာ လူထုကို နိုင်ငံရေးအသိစိတ် နှိုးဆော်ခြင်းနှင့် စုစည်းခြင်း ဖြစ်သည်။ ဤအဆင့်တွင် ပြည်သူလူထုအနေဖြင့် တော်လှန်မှုကို စတင် လုပ်ဆောင်နိုင်လာရန်အတွက် ပညာပေးလုပ်ငန်းများ (ဆွေးနွေးပွဲများ၊ ဟော​ပြော​ပွဲများ၊ စာပေဖြန့်ဝေခြင်း)၊ သတင်းမီဒီယာကမ်ပိန်းများ (စာစောင်များ၊ ရေဒီယို၊ ခေတ်သစ်တွင် အင်တာနက်နှင့် လူမှုမီဒီယာများ)၊ လူထုတွေ့ဆုံပွဲများ (ဆွေးနွေးပွဲများ၊ ရပ်ကွက်အစည်းအဝေးများ၊ မိတ်ဆက်ပွဲများ)ကို လုပ်ဆောင်လေ့ရှိသည်။

အဆင့် - ၂. ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းအဆင့်

နိုင်ငံရေးအသိရှိသော လူစုလူဝေးများ စုစည်းလာသည်နှင့်အမျှ တော်လှန်ရေးလှုပ်ရှားမှုသည် ပိုမို မြင်သာသော လုပ်ဆောင်မှုများသို့ တိုးတက်လာသည်။ ထိုအချိန်တွင် တော်လှန်လိုသောစိတ်များမှသည် တော်လှန်သောလုပ်ရပ်များကို စတင်မြင်တွေ့နိုင်သည်။

ပြည်သူလူထု၏ အာဏာပိုင်တွေအပေါ် စပြီး ဆန့်ကျင်သည့်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း၊ တရားဝင်နိုင်ငံရေးလမ်းကြောင်းမှ ပြောင်းလဲရန် ကြိုးပမ်း ခြင်း၊ အာဏာဖီဆန်လှုပ်ရှားမှုများ လုပ်ခြင်း၊ အခွန်ပေးရန် ငြင်းဆန်ခြင်း၊ ဥပဒေများအား ချိုးဖောက်ခြင်း၊ ပိတ်ဆို့ခြင်း၊ သပိတ်မှောက်ခြင်း (အလုပ်သမားသပိတ်၊ စားသုံးသူသပိတ်၊ ကျောင်းသားသပိတ်) တို့ကို ပြုလုပ်လာကြသည်။

ဤအဆင့်တွင် အကြမ်းမဖက်သော ခုခံမှုကို အလေးထားသော်လည်း၊ အာဏာပိုင်များနှင့် ဆန္ဒပြသူများကြား ပဋိပက္ခများ ဖြစ်ပွားလာနိုင်ပြီး တင်းမာမှုများ မြင့်တက်လာနိုင်သည်။

အဆင့် - ၃. ခုခံမှုနှင့် ပြန်လည်တုံ့ပြန်မှုအဆင့်

ဆန့်ကျင်ဆန္ဒပြမှုကို အလေးမထားပါက တင်းမာမှုများ ပိုမိုမြင့်တက်လာလိမ့်မည်။ ဆန္ဒပြသူများ အပေါ် အာဏာပိုင်များက ဖိနှိပ်မှုတုံ့ပြန်ချက်ကြောင့် တော်လှန်ရေးလှုပ်ရှားမှုသည် ပိုမိုတိုက်ရိုက်သော ခုခံမှုပုံစံများသို့ ပြောင်းလဲလာသည်။

အစိုးရပိုင်ပစ္စည်းများ သို့မဟုတ် သင်္ကေတများကို ပစ်မှတ်ထားခြင်း၊ ဆန္ဒပြသူများက အာဏာပိုင်များ၏ အကြမ်းဖက်မှုမှ ကာကွယ်ရန် နည်းလမ်းများ ပြုလုပ်လာခြင်း၊ လူထုအာဏာဖီဆန်မှု (ရဲနှင့်စစ်တပ်လုပ်ဆောင်ချက်များကို တိုက်ရိုက်ဆန့်ကျင်ခြင်း) စတင်လာခြင်း၊ မြေအောက်လှုပ်ရှားမှုများ၊ လျှို့ဝှက်ကွန်ရက်များ စတင်ဖွဲ့စည်းခြင်းများ အဖြစ် ဆန့်ကျင်မှုများ မြှင့်တက် လာမည်။

ဤအဆင့်တွင် ဖိနှိပ်မှုနှင့် တုံ့ပြန်မှုသံသရာ စတင်ဖြစ်ပွားလာနိုင်ပြီး၊ ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာနိုင်သည်။

အဆင့် - ၄. လက်နက်ကိုင်တိုက်ပွဲနှင့် ပုန်ကန်မှုအဆင့်

ငြိမ်းချမ်းသော နည်းလမ်းများ မအောင်မြင်သောအခါ၊ ဖိနှိပ်မှုပြင်းထန်လာသောအခါ၊ တော်လှန်ရေး လှုပ်ရှားမှုများသည် အကြမ်းဖက်တိုက်ပွဲဆင်နွှဲသည့် အဆင့်သို့ ရောက်ရှိလာသည်။

တိုက်ခိုက်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း  (လက်နက်ကိုင်အုပ်စုများ၊ တော်လှန်ရေးတပ်ဖွဲ့များ)၊ ပြောက်ကျားတိုက်ပွဲများစတင်လာခြင်း၊ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်း (အစိုးရဌာနများ၊ စစ်တပ်တပ်စခန်းများ)၊ နယ်မြေသိမ်းပိုက်ခြင်း (မြို့များ၊ ဒေသများကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်း) များကို တော်လှန်ရေး၏ အမြင့်ဆုံးခုခံမှုအဖြစ် မြင်တွေ့ နိုင်သည်။

​ဤအဆင့်တွင် အကြမ်းဖက်မှုသည် တော်လှန်ရေး၏ အဓိကစွမ်းအားတစ်ခု ဖြစ်လာသော်လည်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုကို ဆုံးရှုံးနိုင်ခြင်း၊ ပြည်သူလူထု၏ ထောက်ခံမှုကို ထိခိုက်စေနိုင်ခြင်း စသည့် စိန်ခေါ်မှုများလည်း ဖြစ်ပေါ်လာနိုင်သည်။

“ငြိမ်းချမ်းသော နည်းလမ်းများ မအောင်မြင်သောအခါ၊ ဖိနှိပ်မှုပြင်းထန်လာသောအခါ၊ တော်လှန်ရေး လှုပ်ရှားမှုများသည် အကြမ်းဖက်တိုက်ပွဲဆင်နွှဲသည့် အဆင့်သို့ ရောက်ရှိလာသည်”


စနစ်ပြောင်းတော်လှန်ရေးနှင့် အကြမ်းဖက်လမ်းစဉ်များအကြား ဆက်စပ်မှု
-----------------------------------------------------------


စနစ်ပြောင်းတော်လှန်ရေးနှင့် အကြမ်းဖက်နည်းနာများကြား ရှုပ်ထွေးသော ဆက်စပ်မှုရှိပါသည်။ တော်လှန်ရေးအများစုတွင် အကြမ်းဖက်မှုပါဝင်လေ့ရှိသော်လည်း၊ ဤဆက်စပ်မှုကို နားလည်ရန် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

၁. ရည်မှန်းချက်နှင့် နည်းလမ်းဆက်စပ်မှု

ပန်းတိုင်ဆီသို့ သွားရာလမ်း - အကြမ်းဖက်မှုသည် တော်လှန်ရေး၏ ရည်မှန်းချက်များရရှိရန် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်သည်။
မလိုလားအပ်သော နောက်ဆက်တွဲ - အကြမ်းဖက်မှုသည် တရားဝင်မှုကို ထိခိုက်စေနိုင်ပြီး၊ တော်လှန်ရေး၏ မူလရည်ရွယ်ချက်များကို ခေတ္တမျှော်မှန်းချက်တွေဖြင့် အစားထိုးစေနိုင်သည်။

ကျင့်ဝတ်ဆိုင်ရာရေရာမှု - အကြမ်းဖက်မှုသည် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတည်ဆောက်ရန် နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသလား ဆိုသည့် မေးခွန်းသည် တော်လှန်ရေးဝါဒီများကြား ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှုတစ်ခု ဖြစ်သည်။

၂. စိတ်ပိုင်းဆိုင်ရာနှင့် သင်္ကေတဆိုင်ရာ အခန်းကဏ္ဍများ

စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှု - Frantz Fanon ၏ အဆိုအရ၊ ဖိနှိပ်ခံလူတန်းစားများအတွက် အကြမ်းဖက်မှုသည် "သန့်စင်စေသော အင်အားတစ်ခု" ဖြစ်နိုင်ပြီး "နိမ့်ကျမှုစိတ်ဓာတ်နှင့် စိတ်ဓာတ်ကျမှု၊ လှုပ်ရှားမှုကင်းမဲ့ခြင်းတို့မှ လွတ်မြောက်စေနိုင်သည်။"

သင်္ကေတဆိုင်ရာ အရေးပါမှု - အကြမ်းဖက်လုပ်ရပ်များသည် စနစ်တစ်ခု၏ အားနည်းချက်ကို ဖော်ပြနိုင်ပြီး၊ လူထုသတိပြုမှု ရရှိရန် အသုံးပြုနိုင်သည်။
ကိုယ်ပိုင်လက္ခဏာနှင့် ပူးပေါင်းအင်အား - အကြမ်းဖက်မှုသည် အုပ်စုတစ်ခု၏ ကိုယ်ပိုင်လက္ခဏာကို သင်္ကေတဖြစ်စေနိုင်ပြီး စည်းလုံးညီညွတ်မှုကို တိုးမြှင့်စေနိုင်သည်။

၃. နိုင်ငံရေးအရ အကြမ်းဖက်မှု၏ အခန်းကဏ္ဍများ

အကြမ်းမဖက်လမ်းစဉ်တစ်ခုတည်းနဲ့ အာဏာရှင်ကို လုံလောက်စွာ မတွန်းလှန်နိုင်ချိန်မှာ အကြမ်းဖက်လမ်းစဉ်သည် နောက်ထပ်ရွေးချယ်စရာ နည်းလမ်းဖြစ်လာသည်။ အကြမ်းဖက်လမ်းစဉ်သည် ပိုမို လျင်မြန်သော နိုင်ငံရေးအပြောင်းအလဲကို ယူဆောင်လာနိုင်သည်။ အာဏာရှင်ကို တော်လှန်ရေး ရည်ရွယ်ချက် အတိုင်း ဖြစ်လာစေရန် ညှိနှိုင်းရာတွင် ဖိအားပေးနိုင်သည်။တချိန်တည်းတွင် လက်ရှိ အုပ်ချုပ်နေသည့် အာဏာရှင်၏ တရားဝင်မှုကို စိန်ခေါ်နိုင်သည်။ တော်လှန်ရေးအင်အားစု၏ နိုင်ငံရေးကို မြှင့်တင်ရန် အသုံးပြုနိုင်သည်။ ပြည်သူလူထု၏ အတွေးအခေါ်နှင့် ယုံကြည်ချက်ကိုလည်း ပြောင်းလဲမှုအမြင်အဖြစ် ပုံဖော်ပေးနိုင်သည်။

တော်လှန်ရေးအတွင်း အကြမ်းဖက်မှုအသုံးပြုခြင်းတွင် ပြင်းထန်သော ကန့်သတ်ချက်များနှင့် အန္တရာယ်များကို သတိထားရန် လိုသည်။ လက်နက်ကိုင်လမ်းစဉ် အားကောင်းလာသည်နှင့်အမျှ ပြည်သူလူထု ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို ပိုမိုထိခိုက်စေပါသည်။ အကျိုးဆက်အနေဖြင့် ပြည်သူထောက်ခံမှုကို အတိုင်းအတာတခုအထိ ဆုံးရှုံးခြင်း၊ အကြမ်းဖက်မှု - ဖိနှိပ်မှု သံသရာလည်ခြင်း၊ ပြည်သူလူထု၏ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် ပတ်ဝန်းကျင်ကို များစွာပျက်စီးစေခြင်း စသည်တို့ကို ကြုံတွေ့ရသည်။

ထို့ကြောင့် အကြမ်းဖက် လမ်းစဉ်ကို နည်းဗျူဟာကျကျ ကြိုတင်တွက်ချက်ပြီး သုံးစွဲရသည်။
တချိန်တည်းတွင် အကြမ်းဖက် နည်းနာများသည် အကြမ်းမဖက်နည်းနာများကဲ့သို့ ပြည်သူလူထု၏ ကျယ်ပြန့်စွာပါဝင်နိုင်မှု၊ ပြည်တွင်း၊ ပြည်ပ ထောက်ခံမှု၊ ရေရှည်တောင့်ခံနိုင်မှု စသည်တို့ကို လက်လွတ်ရနိုင်သည်။

အကြမ်းဖက်မှုအလွန်အကျွံ အသုံးပြုခဲ့သော တော်လှန်ရေးများနောက်ပိုင်းတွင် ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေး လုပ်ငန်းများသည် ပိုမိုခက်ခဲလာနိုင်ပါသည်။ တော်လှန်ရေးအလွန် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် ကြိုတင်စဉ်းစားထားခြင်းသည် မဟာဗျူဟာကျသော အားသာချက်တစ်ခု ဖြစ်နိုင်ပါသည်။

၄. ပေါင်းစပ်နည်းလမ်း-ကွဲပြားသောတော်လှန်ရေးလမ်းစဉ်များ၏ အပြန်အလှန်အကျိုးသက်ရောက်မှု

ထိရောက်သော တော်လှန်ရေးများသည် အကြမ်းမဖက်နှင့် အကြမ်းဖက်နည်းလမ်းများကို မဟာဗျူဟာကျကျ ပေါင်းစပ်အသုံးပြုကြကြောင်း လက်တွေ့ရလဒ်များက ပြသနေပါသည်။  ဤပေါင်းစပ် နည်းလမ်းကို တောင်အာဖရိက၏ အသားအရောင်ခွဲခြားရေးဆန့်ကျင်မှုလှုပ်ရှားမှုတွင် တွေ့မြင်နိုင်သည်။ အဓိကအားဖြင့် အကြမ်းမဖက်သော လှုပ်ရှားမှုဖြစ်သော်လည်း၊ တဘက်မှာလည်း Umkhonto we Sizwe (MK) က  စစ်ရေးခုခံမှုကို ဦးဆောင်ခဲ့သည်။ နှစ်ဖက်စလုံး၏ ဖိအားကြောင့် အသားအရောင်ခွဲခြားရေးအဆုံးသတ်ရေး ညှိနှိုင်းမှုများ ပေါ်ပေါက်လာစေခဲ့သည်။

အကြမ်းဖက်နည်းလမ်းနှင့် အကြမ်းမဖက်နည်းလမ်းကြား ဆက်နွယ်မှုကို အသိအမှတ်ပြုခြင်းဖြင့် ပိုမိုထိရောက်သော တော်လှန်ရေးနည်းဗျူဟာကို ဖော်ဆောင်နိုင်သည်။

တစ်ခုနှင့်တစ်ခု ဖြည့်စွက်ခြင်း - အကြမ်းမဖက်သော လှုပ်ရှားမှုများသည် ပြည်သူလူထု၏ ထောက်ခံမှု နှင့် တရားဝင်မှုကို တည်ဆောက်ပြီး၊ အကြမ်းဖက်လှုပ်ရှားမှုများက စစ်ရေးဖိအားကို ဖန်တီးနိုင်သည်။

မတူညီသော အုပ်စုများ၏ အခန်းကဏ္ဍများ - တော်လှန်ရေးတစ်ခုအတွင်း မတူညီသော အုပ်စုများ သည် မတူညီသော နည်းလမ်းများကို အသုံးပြုနိုင်ပြီး၊ တစ်ခုနှင့်တစ်ခု ဖြည့်စွက်နိုင်သည်။

အခြေအနေပေါ်မူတည်၍ ချိန်ညှိခြင်း - အောင်မြင်သော တော်လှန်ရေးလှုပ်ရှားမှုများသည် မတူညီ သော အခြေအနေများတွင် မည်သည့်နည်းလမ်းသည် ပိုမိုထိရောက်သည်ကို စဉ်းစားကြသည်။

အဆင့်ပေါ်မူတည်၍ ဆီလျော်သော နည်းဗျူဟာရွေးချယ်ခြင်း - တော်လှန်ရေး၏ အဆင့်အလိုက် ပိုမိုထိရောက်သော နည်းလမ်းကို ရွေးချယ်သင့်သည်။

တစ်ဖက်သတ်မဟုတ်ဘဲ ပြည့်စုံသောချဉ်းကပ်မှု - အခြေအနေကို ပြည့်စုံစွာအကဲဖြတ်ပြီး ဆီလျော် သော နည်းလမ်းများကို ရွေးချယ်အသုံးပြုခြင်း။

ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများ - အကြမ်းဖက်မှု အသုံးပြုသည့်အခါတွင်ပင် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို လိုက်နာရန် လိုအပ်သည်။

ညှိနှိုင်းဆွေးနွေးမှုအဆင့်သို့ ကူးပြောင်းခြင်း - အကြမ်းဖက်ခုခံမှုကို ညှိနှိုင်းအရေးဆိုခြင်းဆီသို့ ကူးပြောင်းရန် အစီအစဉ်ရှိရန် လိုအပ်သည်။

လူ့အခွင့်အရေးနှင့် နိုင်ငံတကာစံနှုန်းများ - တော်လှန်ရေးလုပ်ဆောင်ရာတွင် လူ့အခွင့်အရေးစံနှုန်း များကို လေးစားရန် လိုအပ်သည်။

ခေတ်သစ်တော်လှန်ရေးများတွင် အကြမ်းဖက်မှုနှင့် အကြမ်းမဖက်နည်းလမ်းများကို မဟာဗျူဟာ ကျကျ ပေါင်းစပ်အသုံးပြုသည့် သဘောထားကို ပိုမိုလက်ခံလာကြသည်။ အထူးသဖြင့် ဒီမိုကရေစီပိုမိုရရှိသော လူ့အဖွဲ့အစည်းတည်ဆောက်ရေးပန်းတိုင်အတွက် အကြမ်းမဖက်နည်းလမ်းများကို ဦးစားပေးလာကြသည်။
 

နိဂုံး
-----


အကြမ်းဖက်လမ်းစဉ်သည် တော်လှန်ရေး၏ အမြင့်ဆုံးနှင့် နောက်ဆုံးတုံ့ပြန်မှုဖြစ်သလို၊ အန္တရာယ် အများဆုံးလည်း ဖြစ်သည်။ တော်လှန်ရေးလမ်းစဉ်ကိုယ်တိုင်က တော်လှန်ရေးပန်းတိုင်ကို ပြန်ပြီး မဖြိုချ မိစေရန် သတိချပ်အပ်သည်။ ထို့ကြောင့် အကြမ်းဖက်နည်းနာ၏ ကောင်းကျိုးကို နိုင်ငံရေး ပန်းတိုင်အတွက် ပိုမိုအသုံးချနိုင်ပြီး ဘေးထွက်ဆိုးကျိုးကိုလည်း ကာကွယ်လျော့ချနိုင်မည့် အစီအစဉ်များကို ကြိုတင်ရေးဆွဲထားသင့်သည်။

အကြမ်းမဖက်ခုခံဆန့်ကျင်မှုနှင့် အကြမ်းဖက်တော်လှန်မှုသည် ဆန့်ကျင်နေသော လမ်းစဉ်မဟုတ်ပဲ၊ စနစ်ပြောင်းတော်လှန်ရေးတစ်ခု အောင်မြင်ရန်အတွက် တော်လှန်ရေးအင်အားစုနှင့် ဗျူဟာအသီးသီး၏ မတူညီသောအခန်းကဏ္ဍများကို အသိအမှတ်ပြုရန်နှင့် ပေါင်းစပ်နိုင်ရန် လိုအပ်သည်။ ဖိနှိပ်မှုအားလုံး အဆုံးသတ်ရေးအတွက် တော်လှန်ရေးဖြစ်လာပါစေကြောင်း။                       ။

“အကြမ်းဖက်လမ်းစဉ်သည် တော်လှန်ရေး၏ အမြင့်ဆုံးနှင့် နောက်ဆုံးတုံ့ပြန်မှုဖြစ်သလို၊ အန္တရာယ် အများဆုံးလည်း ဖြစ်သည်။ တော်လှန်ရေးလမ်းစဉ်ကိုယ်တိုင်က တော်လှန်ရေးပန်းတိုင်ကို ပြန်ပြီး မဖြိုချမိစေရန် သတိချပ်အပ်သည်”



အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
 https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media​

0 Comments



Leave a Reply.

Site powered by Weebly. Managed by Porkbun