ရေးသားသူ- ပျိုး
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ နိဒါန်း ----- မြန်မာ့သမိုင်းကိုပြန်ကြည့်လျှင် အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှုအပေါ် အတားအဆီးများ ရှိခဲ့သည်ကို ငြင်းစရာမရှိပေ။ ၁၉၂၀ ဝန်းကျင်လောက်တွင် အမျိုးသမီးများအနေဖြင့် နိုင်ငံရေးဆိုင်ရာ အတွေးအမြင် ဆောင်းပါးများကို ထိုခေတ်က သတင်းစာများတွင် ဖော်ပြသည့်အခါ အမျိုးသားကလောင်ကို သုံးစွဲခဲ့ကြပါသည်။ နိုင်ငံရေးအကြောင်းပြောလျှင် အမျိုးသားနှင့်သာဆိုင်သည်၊ အမျိုးသားပြောသည်က ပို၍ မှန်ကန်သည်ဆိုသည့် တွေးတောချက်များကြောင့်ပင် ဖြစ်သည်။ ထိုအချက်ကိုကြည့်ခြင်းဖြင့် အမျိုးသမီးများကို နိုင်ငံရေးတွင်ပါဝင်ရန် မည်မျှအထိ စည်းတားထားသည်ကို သိနိုင်သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကျား/မ တန်းတူညီမျှမှု အညွှန်းကိန်း (Gender Equality Index) အရ နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုသည် အခြားကဏ္ဍများထက် သိသိသာသာ နိမ့်ကျနေသေးသည်ကို တွေ့ရသည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် နယ်ပယ်များတွင် တိုးတက်မှုရှိနေသော်လည်း၊ နိုင်ငံရေးတွင် အမျိုးသမီးများ၏ ပါဝင်မှုမှာ ၂၅% သာရှိပြီး မျှော်မှန်းထားသည့် တန်းတူညီမျှမှု ပန်းတိုင်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ဆွီဒင်ကဲ့သို့ ကျား/မ တန်းတူညီမျှမှု အများဆုံးနိုင်ငံများတွင်ပင် အမျိုးသမီးဝန်ကြီးချုပ် တစ်ဦးမျှ မရှိသေးခြင်းက ဤပြဿနာ၏ နက်ရှိုင်းမှုကို ပြသနေသည်။ အရှေ့ဥရောပနှင့် အာရှဒေသများတွင် ပို၍ ဆိုးရွားသည်။ မြန်မာနိုင်ငံတွင်လည်း အလားတူအခြေအနေကို ရင်ဆိုင်နေရပြီး၊ ၂၀၁၀, ၂၀၁၅, ၂၀၂၀ ခုနှစ် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် အမျိုးသမီးကိုယ်စားပြုမှုသည် ၃၀ % အောက်သာ ရှိခဲ့သည်။ ခေတ်အဆက်ဆက်က နိုင်ငံရေးအခင်းအကျင်းနှင့် ရွေးကောက်ပွဲများတွင်လည်း အမျိုးသမီးပါဝင်မှုက လက်ချိုးရေလို့ရသည့် ကိန်းဂဏန်းသာရှိခဲ့သည်။ ၁၉၈၈နောက်ပိုင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အနိုင်ရမှုမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် (၁၅)ဦး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် (၄၅)ဦး၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ (၁၃)ဦး၊၂၀၁၅ ရွေးကောက်ပွဲတွင် (၁၅၁) ဦး၊၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်(၂) ဦး၊၂၀၂၀ ရွေးကောက်ပွဲတွင်(၁၉၄)ဦးအထိသာ ရှိခဲ့သည်။ စစ်အာဏာသိမ်းမှုစတင်သည့် ဖေဖော်ဝါရီလအစောပိုင်းတွင် စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့သည့် လူထုထဲတွင် အမျိုးသမီးအများအပြား ပါဝင်ခဲ့သည်။ ဆန္ဒပြပွဲရှေ့တန်းခေါင်းဆောင်များ၏ (၆၀) ရာခိုင်နှုန်း ကျော်နှင့် CDM ခေါင်းဆောင်များ၏ (၇၀)မှ (၈၀)ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်။လက်နက်ကိုင်ခုခံစစ်ဆင်နွှဲသည့် အခင်းအကျင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီး အများအပြားပါဝင်လာခဲ့သည်။ စနိုက်ဘာ၊ ဒရုန်းတပ်ဖွဲ့၊ ထောက်ပို့ စသည့်နေရာများတွင် အမျိုးသမီးများ တာဝန်ထမ်းဆောင်နေကြသည်ကို လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် တွေ့မြင်နိုင်ပါသည်။ ထို့အပြင် စစ်အာဏာသိမ်းမှုစတင်သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့အထိ ဖမ်းဆီးခံရသည့်အမျိုးသမီး ငါးထောင်ကျော်ရှိပြီး သေဆုံးခဲ့သည့် အမျိုး သမီး (၁,၂၀၀) ကျော်အထိ ရှိခဲ့ပါသည်။ လက်ရှိ ဒီမိုကရေစီ တော်လှန်ရေးတွင် အမျိုးသမီးများ တက်ကြွစွာ ပါဝင်နေကြသော်လည်း၊ အဓိက ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် ကိုယ်စားပြုမှု နည်းပါးနေသည်ကို တွေ့ရသည်။ အမျိုးသား ညီညွတ်ရေးအစိုးရတွင် လက်ရှိအချိန်အထိ အမျိုးသမီးခေါင်းဆောင် ၃၀% မရှိသေးပေ။ ဤသို့ နိုင်ငံရေးနှင့် အမျိုးသမီးများ စိမ်းကားနေရခြင်းသည် ရိုးရှင်းသော ပြဿနာတစ်ခု မဟုတ်ပေ။ လူမှုယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ အင်စတီကျူးရှင်းဆိုင်ရာ အတားအဆီးများနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ရှုပ်ထွေးစွာ ဆက်စပ်နေပါသည်။ စီးပွားရေးနှင့် နိုင်ငံရေး ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များ အရ ဤပြဿနာကို ပုံစံနှစ်မျိုးဖြင့် ခွဲခြားလေ့လာနိုင်သည် - ၁) Supply-side Factors - အမျိုးသမီးများ၏ နိုင်ငံရေး စိတ်ဝင်စားမှု၊ ပါဝင်လိုမှုနှင့် စွမ်းဆောင်နိုင်မှုဆိုင်ရာ အချက်များ ၂) Demand-side Factors - မဲဆန္ဒရှင်များနှင့် ပါတီခေါင်းဆောင်များ၏ အမျိုးသမီးများအပေါ် သဘောထား ဆိုင်ရာ အချက်များ ဤစာတမ်းတွင် အဆိုပါအကြောင်းရင်းများကို အသေးစိတ် လေ့လာဆန်းစစ်ထားပြီး၊ ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုပါ အကြံပြုတင်ပြထားပါသည်။ အထူးသဖြင့် ပြဿနာ၏ အမြစ်များကို နားလည်ခြင်းဖြင့် ပိုမိုထိရောက်သော မူဝါဒများနှင့် လုပ်ဆောင်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ပါသည်။ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသည့်အမျိုးသမီး (၅,၀၀၀) ကျော်ရှိပြီး၊ သေဆုံးခဲ့သည့် အမျိုးသမီး (၁,,၂၀၀) ကျော်အထိ ရှိခဲ့သည်။ (၁) နိုင်ငံရေး ရည်မှန်းချက် ကွာဟမှု ဆန်းစစ်လေ့လာချက်များအရ အမျိုးသမီးများသည် ပညာအရည်အချင်း၊ အတွေ့အကြုံနှင့် စီးပွားရေး အခြေအနေအရ နိုင်ငံရေးတွင် ပါဝင်နိုင်စွမ်း ရှိသော်လည်း၊ အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံရေး ရည်မှန်းချက်များ နည်းပါးကြောင်း တွေ့ရှိရသည်။ သုတေသနတွေ့ရှိချက်များအရ အလားတူအရည်အချင်းရှိသော အမျိုးသမီးများသည် အမျိုးသားများ ထက် မိမိကိုယ်ကို နိုင်ငံရေးရာထူးများအတွက် အရည်အချင်းပြည့်မီသည်ဟု ယုံကြည်မှု နည်းပါးကြသည်။ စမ်းသပ်လေ့လာမှုများအရ နိုင်ငံရေး၏ ပြင်းထန်သော ယှဉ်ပြိုင်မှု သဘောသဘာဝက အမျိုးသမီးများ၏ စိတ်ဝင်စားမှုကို လျော့ကျစေသည်ဟု တွေ့ရှိရသည်။ အရှုံးအနိုင် အခြေအနေများတွင် အမျိုးသမီးများသည် စိတ်ဖိစီးမှု ပို၍ခံစားရခြင်း၊ အများရှေ့တွင် ဝေဖန်ခံရမည်ကို ပို၍စိုးရိမ်ခြင်း အနိုင်မရနိုင်ဟု ကြိုတင်ယူဆခြင်း တို့ကြောင့် ဖြစ်သည်။ ထို့အပြင်အမျိုးသမီး နိုင်ငံရေးသမားများသည် အဆင့်မြင့်ရာထူးများ ရရှိလာသောအခါ မိသားစုဘဝ ထိခိုက်မှုနှုန်း မြင့်မားကြောင်း တွေ့ရသည်။ ဥပမာအားဖြင့် (ဆွီဒင်နိုင်ငံတွင် မြို့တော်ဝန်ဖြစ်လာသော အမျိုးသမီးများ၌ ကွာရှင်းမှုနှုန်း သိသိသာသာ မြင့်တက်လာခြင်း၊ အမျိုးသမီးများ၏ အိမ်ထောင်ရေးနှင့် မိသားစုတာဝန်များသည် နိုင်ငံရေး တာဝန်များနှင့် ဟန်ချက်ညီရန် ခက်ခဲခြင်း၊ ကလေးပြုစုစောင့်ရှောက်ရေး တာဝန်များကြောင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် အချိန်ပေးရန် အခက်အခဲရှိခြင်း) တို့ကို တွေ့ရှိရသည်။ နိုင်ငံရေး ရည်မှန်းချက် ကွာဟမှုသည် ရိုးရှင်းသော ပြဿနာတစ်ခု မဟုတ်ဘဲ၊ လူမှုယဉ်ကျေးမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် လက်တွေ့ဘဝ အခက်အခဲများ ရှုပ်ထွေးစွာ ဆက်စပ်နေသော ပြဿနာတစ်ရပ် ဖြစ်သည်။ ဤကွာဟမှုကို လျှော့ချရန် ဘက်ပေါင်းစုံမှ ချဉ်းကပ်ဖြေရှင်းရန် လိုအပ်ပြီး၊ အထူးသဖြင့် လူငယ် အမျိုးသမီးများ ၏ နိုင်ငံရေး စိတ်ဝင်စားမှုနှင့် ယုံကြည်မှုကို မြှင့်တင်ပေးရန် အရေးကြီးပါသည်။ မဲဆန္ဒရှင်များ၏ ဘက်လိုက်မှုနှင့် ရိုးရာအစဉ်အလာဓလေ့များ၏ လွှမ်းမိုးမှု၊ ကျားမအချိုးအစား သတ်မှတ်ချက်များ၏ အကျိုးသက်ရောက်မှု စသည့်အချက်များကလည်း နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုနည်းပါးရခြင်းကို အထောက်အပံ့ပေးနေသည်။ ရိုးရာအစဉ်အလာအမြင်များ လွှမ်းမိုးသောဒေသများတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ အပေါ် သိသာသော ခွဲခြားဆက်ဆံမှုများ ရှိနေသည်။ ကမ္ဘာ့တန်ဖိုးထားမှု စစ်တမ်း (World Value Survey) အရ -အရှေ့ဥရောပနှင့် အာရှဒေသများတွင် "အမျိုးသားများသည် အမျိုးသမီးများထက် ပိုကောင်းသော နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်သည်" ဟူသော အဆိုကို ထောက်ခံသူ ၅၀% အထက် ရှိသည်။ သို့သော် စပိန်နိုင်ငံနှင့် အခြားနိုင်ငံအချို့တွင် တွေ့ရှိရသော စိတ်ဝင်စားဖွယ် အချက်တစ်ခုမှာ ကျားမ အချိုးအစားသတ်မှတ်ချက်များ စတင်ကျင့်သုံးပြီးနောက် မဲဆန္ဒရှင်များ၏ ထောက်ခံမှု မကျဆင်းခြင်း၊ အမျိုးသမီးကိုယ်စားလှယ်လောင်း အရေအတွက် တိုးမြှင့်သော ပါတီများ၏ မဲရလဒ်များ မကျဆင်းခြင်း၊ အရည်အသွေးပိုင်းတွင်လည်း ဆုတ်ယုတ်မှု မရှိဘဲ၊ တချို့နိုင်ငံများတွင် တိုးတက်လာခြင်းတို့ကိုတွေ့ရသည်။ (၂) လူမှုရေးဆိုင်ရာအတားအဆီးများ အမျိုးသမီးများသည် နိုင်ငံရေးနှင့် မသင့်တော်ဟူသော အယူအဆများ၊ ခေါင်းဆောင်မှု အခန်းကဏ္ဍ တွင် အမျိုးသမီးများကို မြင်လေ့နည်းခြင်း၊ အမျိုးသမီးများ မလုပ်နိုင်ဟူသော စဉ်းစားချက်များရှိခြင်း၊ မိသားစုဘဝကိုသာ ဦးစားပေးရန် ငယ်စဉ်က သွတ်သွင်းခံရခြင်း၊ နိုင်ငံရေးတွင် ပါဝင်ပါက မိသားစုတာဝန် ကျေမည်မဟုတ်ဟုသတ်မှတ်ခြင်း၊ မိသားစုနှင့် အသိုင်းအဝိုင်း၏ ဝေဖန်မှုကို စိုးရိမ်ခြင်း၊ လူမှုကွန်ရက်များတွင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ခြင်း၊ ရပ်ရွာအသိုင်းအဝိုင်း၏ အမြင်ကို ကြောက်ရွံ့ခြင်း၊ အများရှေ့တွင် ထုတ်ဖော် ပြောဆိုရန် ဝန်လေးခြင်း၊ အမျိုးသားနိုင်ငံရေးသမားများထက် အမျိုးသမီးနိုင်ငံရေးသမားများကို ပုဂ္ဂိုလိက ပိုင်းဆိုင်ရာပိုမိုတိုက်ခိုက်ခြင်း စသည့်လူမှုရေးဆိုင်ရာအခြေအနေများသည် အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှုနည်းပါးစေသည့် အကြောင်းအရင်းများဖြစ်သည်။ (၃) အိမ်ထောင်ရေးနှင့် မိသားစု တာဝန်များကြောင့် အချိန်မပေးနိုင်ခြင်း အိမ်မှုကိစ္စများ ဆောင်ရွက်ရခြင်း၊ သက်ကြီးရွယ်အို မိဘများအား ပြုစုစောင့်ရှောက်ရခြင်း၊ မိသားစုဝင် များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရခြင်း၊ ကလေးငယ်များအတွက် အချိန်ပေးရခြင်း၊ ကျောင်းနှင့် ပတ်သက်သော တာဝန်များ ယူရခြင်း၊ ကလေး၏ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးထိန်း ဝန်ဆောင်မှု ကုန်ကျစရိတ် မတတ်နိုင်ခြင်း၊ မိသားစုဝင်ငွေအတွက် အလုပ်လုပ်ရခြင်း၊ စီးပွားရေး ဖိအားများကြောင့် နိုင်ငံရေး ကို ဦးစားမပေးနိုင်ခြင်း၊ မိသားစုပြဿနာများဖြေရှင်းရခြင်း၊ ခင်ပွန်းသည်၏ဝေယျာဝေစ္စများ ဆောင်ရွက်ရခြင်း ဤတာဝန်များကြောင့် နိုင်ငံရေးအစည်းအဝေးများ၊ လှုပ်ရှားမှုများ၊ သင်တန်းများသို့ တက်ရောက်ရန် အခက်အခဲ ရှိလာသည်။ (၄) နိုင်ငံရေးလှုပ်ရှားမှုများအတွက် ငွေကြေးအခက်အခဲများ နိုင်ငံရေးလှုပ်ရှားမှုအတွက် ငွေကြေးမတတ်နိုင်ခြင်း၊ အစည်းအဝေးများသို့ သွားလာရန် သယ်ယူပို့ ဆောင်ခ၊ သင်တန်းများ တက်ရောက်ရန် ကုန်ကျစရိတ်၊ နိုင်ငံရေးဆိုင်ရာ စာအုပ်စာပေများ ဝယ်ယူရန် ကုန်ကျစရိတ်၊ ကွန်ရက်ချဲ့ထွင်ရေးလှုပ်ရှားမှုများအတွက် ကုန်ကျစရိတ်များအပြင် ရွေးကောက်ပွဲဝင်ရန် လိုအပ်သော မဲဆွယ်စရိတ်များ၊ မဲရုံကိုယ်စားလှယ်များအတွက် ကုန်ကျစရိတ်၊ ရန်ပုံငွေ ရှာဖွေရန် အခက်အခဲ ရှိခြင်းတို့လည်းပါဝင်သည်။ ထို့အပြင် ရန်ပုံငွေရှာဖွေရာတွင် စီးပွားရေး ကွန်ရက်များနှင့် ချိတ်ဆက်မှု အားနည်းခြင်း၊ အလှူရှင်များ၏ ယုံကြည်မှု နည်းပါးခြင်း၊ ရန်ပုံငွေ စုဆောင်းရေး အတွေ့အကြုံ နည်းပါးခြင်း၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်းတို့သည် အမျိုးသမီးများကို အတားအဆီးဖြစ်စေသည်။ (၅) နိုင်ငံရေးပါတီများ၏ ခွဲခြားဆက်ဆံမှု ပါတီခေါင်းဆောင်များသည် အမျိုးသားများကိုသာ ဦးစားပေး ရွေးချယ်ခြင်းအပြင် ကိုယ်စားလှယ် လောင်းများ ရွေးချယ်ရာတွင် မိရိုးဖလာ အမြင်များ လွှမ်းမိုးနေခြင်း၊ "အနိုင်ရနိုင်ခြေ ရှိသူ" ဟူသည့် စံနှုန်းဖြင့် အမျိုးသားများကိုသာ ရွေးချယ်ခြင်း၊ ရှိပြီးသား ကျား/မ ဆက်ဆံရေး ပုံစံများကို ထိန်းသိမ်းလိုခြင်း၊ အမျိုးသမီး များအပေါ် သံသယဖြင့် ကြည့်ခြင်း၊ အမျိုးသမီးများကို အရေးမကြီးသော နေရာများတွင်သာ ထားရှိခြင်း၊ ပါတီ များအနေဖြင့်လည်း အနိုင်ရရန် ခက်ခဲသော မဲဆန္ဒနယ်များတွင် ထားရှိခြင်း၊ မဲစာရင်း၏ အောက်ဆုံးပိုင်းတွင် ထားရှိခြင်း၊ လက်ထောက်၊ အတွင်းရေးမှူး စသည့် နေရာများတွင်သာ ခန့်အပ်ခြင်း၊ အရေးကြီး ကော်မတီများမှ ချန်လှပ်ထားခြင်း၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းများအပေါ် ယုံကြည်မှု နည်းပါးခြင်း၊ အခက်အခဲများကို ကိုင်တွယ်နိုင်စွမ်းမရှိဟု ယူဆခြင်း၊ ရန်ပုံငွေ စုဆောင်းနိုင်စွမ်းအပေါ် သံသယရှိခြင်း၊ ပါတီအတွက် မဲဆွယ်နိုင် စွမ်း နည်းမည်ဟု ယူဆခြင်း၊ ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းကို သံသယရှိခြင်းတို့ဖြစ်သည်။ အမျိုးသမီးများသည် ပါတီတွင်း ရာထူးတိုးမြှင့်ရေးတွင်လည်း "မျက်နှာကျက် မှန်" (Glass Ceiling) ဟုခေါ်သော မမြင်နိုင်သည့်အတားအဆီးများ၊ အရေးကြီးတာဝန်များ ပေးအပ်မခံရခြင်း၊ ဆုံးဖြတ်ချက် ချမှတ်သည့် နေရာများမှ ဖယ်ကျဉ်ခံရခြင်း၊ အမျိုးသားများနှင့် တန်းတူစွမ်းဆောင်ရည် ရှိသော်လည်း တိုးမြှင့်ခန့်အပ်မခံရခြင်း တို့ဖြစ်သည်။ အခြား ပြဿနာများ အမျိုးသမီးများသည် မိမိတို့၏ အရည်အချင်းနှင့် အတွေ့အကြုံများ ရှိသော်လည်း နိုင်ငံရေး ရာထူးများအတွက် အရည်အချင်း မပြည့်မီဟု ယူဆလေ့ရှိကြသည်။ ဤသို့ ယုံကြည်မှု နည်းပါးရခြင်း၏ အဓိက အကြောင်းရင်းများမှာ ခေါင်းဆောင်မှုအတွေ့အကြုံရယူရန် အခွင့်အလမ်း နည်းပါးခြင်း၊ အဆုံးအဖြတ် ပေးရသော နေရာများတွင် ပါဝင်ခွင့်နည်းပါးခြင်း၊ နိုင်ငံရေးကွန်ရက်များနှင့် ထိတွေ့မှု နည်းပါးခြင်း၊ ယှဉ်ပြိုင်မှုများတွင် ပါဝင်ရန် တွန့်ဆုတ်ခြင်း၊ အများရှေ့တွင် စကားပြောဆိုရန် လေ့ကျင့်မှု မလုံလောက်ခြင်း၊ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးရန် ယုံကြည်မှု မရှိခြင်း၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံရန် အတွေ့အကြုံ နည်းပါးခြင်း၊ အပြင်ပန်း အသွင်အပြင်အပေါ် ဝေဖန်ခံရမည်ကို စိုးရိမ်ခြင်း၊ အမှားအယွင်း ပြောမိမည်ကို ကြောက်ရွံ့ခြင်း၊ ကျား/မ ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့ရမည်ကို စိုးရိမ်ခြင်း တို့အပြင် စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့်အရှုံးအနိုင်ကို ရင်ဆိုင်ရန် စိတ်ဖိစီးခြင်း၊ အများရှေ့တွင် ရှုံးနိမ့်မည်ကို စိုးရိမ်ခြင်း၊ အပြစ်တင်ခံရမည်ကို ကြောက်ရွံ့ခြင်း စသည့်အချက်များသည်လည်း အတားအဆီးများဖြစ်သည်။ ဖြေရှင်းရန် နည်းလမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များ၊ နိုင်ငံရေးခေါင်းဆောင်မှု သင်တန်းများ၊ အများရှေ့ ပြောဆိုခြင်းလေ့ကျင့်မှုများ၊ မီဒီယာနှင့် ဆက်ဆံရေးသင်တန်းများ၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး အစီအစဉ်များ၊ အောင်မြင်သော အမျိုးသမီးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်၊ အကြံပေး လမ်းညွှန်မှု အစီအစဉ်များ၊ အမျိုးသမီးအချင်းချင်း ပံ့ပိုးမှုကွန်ရက်များ စသည့်အချက်များဖြင့် အမျိုးသမီးများ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှု အားနည်းခြင်းကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ မိသားစုရေးရာပြဿနာများအတွက်လည်းကလေးထိန်းဝန်ဆောင်မှုများ စီစဉ်ပေးခြင်း၊ မိသားစု တာဝန်များ မျှဝေယူသည့်ယဉ်ကျေးမှုမြှင့်တင်ခြင်း၊ မိသားစုနှင့် နိုင်ငံရေး ဟန်ချက်ညီစေမည့် အစီအစဉ်များ ပြုလုပ်ပေးသင့်သည်။ စီးပွားရေးဆိုင်ရာ ပံ့ပိုးမှုများအနေဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများအတွက် ရန်ပုံငွေ ထူထောင်ခြင်း၊ မဲဆွယ်စရိတ် ကန့်သတ်ချက်များ သတ်မှတ်ခြင်း၊ အစိုးရမှ ထောက်ပံ့ကြေး စီစဉ်ပေးခြင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုသင်တန်းများ၊ ငွေကြေးဆိုင်ရာအကြံပေးဝန်ဆောင်မှုများ၊ အလှူရှင်များနှင့် ချိတ်ဆက် ပေးသော ပလက်ဖောင်းများ ဆောင်ရွက်ပေးသင့်သည်။ ပါတီတွင်း အမျိုးသမီးကိုယ်စားပြုမှုအချိုးအစားသတ်မှတ်ခြင်း၊ ရွေးချယ်ရေး လုပ်ငန်းစဉ်များ ပွင့်လင်း မြင်သာစေခြင်း၊ တန်းတူအခွင့်အရေးမူဝါဒများချမှတ်ခြင်း၊ ပါတီတွင်းသင်တန်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ ရန်ပုံငွေ ခွဲဝေမှုမျှတစေခြင်း၊ ပါတီခေါင်းဆောင်များအတွက် ကျားမတန်းတူရေး သင်တန်းများ၊ ကျားမ ခွဲခြားဆက်ဆံမှု လျော့ချရေး လှုပ်ရှားမှုများ ဆောင်ရွက်သင့်သည်။၏ မူဝါဒပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများအနေဖြင့် အမျိုးသမီးကိုယ်စားပြုမှု အချိုးအစားသတ်မှတ်ခြင်း (Gender Quota)၊ ပါတီတွင်း အမျိုးသမီးရေးရာ ကော်မတီများ ဖွဲ့စည်းခြင်းများ ပြုလုပ်သင့်သည်။ လူမှုရေးဆိုင်ရာပြောင်းလဲမှုများအနေဖြင့် ကျားမသတ်မှတ်ချက်များအပေါ် သဘောထား ပြောင်းလဲ ရေး၊ အမျိုးသမီးခေါင်းဆောင်မှုကိုအားပေးသောယဉ်ကျေးမှု၊ မိသားစုတာဝန်များမျှဝေယူသည့် အလေ့အထများ ပြုလုပ်သင့်သည်။ နိဂုံး ---- မြန်မာနိုင်ငံသည် ရိုးရာအစဉ်အလာ အမြင်များ လွှမ်းမိုးမှု အားကောင်းသော နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ဒေသအလိုက် သင့်လျော်သော နည်းဗျူဟာများ ချမှတ်ရန် လိုအပ်ခြင်း၊အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို စနစ်တကျ မြှင့်တင်ရန် လိုအပ်ခြင်း၊ ရေရှည်တွင် လူမှုရေး သဘောထားများ ပြောင်းလဲရန် လိုအပ်ခြင်းတို့ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ အမျိုးသမီးများ နိုင်ငံရေးနှင့် စိမ်းကားနေရခြင်းသည် ရှုပ်ထွေးသော ပြဿနာတစ်ရပ်ဖြစ်ပြီး၊ ရိုးရာယဉ်ကျေးမှု၊ လူမှုစီးပွားရေး အခြေအနေနှင့် နိုင်ငံရေးစနစ် စသည့် အကြောင်းရင်းပေါင်းစုံက လွှမ်းမိုးနေပါသည်။ အမျိုးသမီးများသည်နိုင်ငံရေးနှင့် စိမ်းသက်နေလို၍ မဟုတ်ဘဲ အခြေအနေများက တွန်းပို့သောကြောင့်သာ အလှမ်းဝေနေရခြင်းဖြစ်သည်။ သို့သော် သုတေသနများအရ ဤအခြေအနေကို ပြောင်းလဲ၍ ရနိုင်ပါသည်။ အထူးသဖြင့် သင့်လျော်သော မူဝါဒများ ချမှတ်ခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် လူမှုရေး သဘောထားများ ပြောင်းလဲအောင် ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမိုပါဝင်လာစေရန် အားပေးနိုင်မည် ဖြစ်ပါသည်။ လူမှုအသိုင်းအဝိုင်းတခုလုံးက အရွေ့တခုကိုဖော်ဆောင်ကာ ပြောင်းလဲမည်ဆိုလျှင် အမျိုးသမီးများပါဝင်မှုအား ကောင်းသည့် နိုင်ငံရေးလမ်းကြောင်း အသစ်ပေါ်ထွက်လာ မည်မှာဧကန်ပင် ဖြစ်သည်။ အမျိုးသမီးများသည်နိုင်ငံရေးနှင့် စိမ်းသက်နေလို၍ မဟုတ်ဘဲ အခြေအနေများက တွန်းပို့သောကြောင့်သာ အလှမ်းဝေးနေရခြင်း ဖြစ်သည်။ အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing #politicsforwomenmyanmar #whatishappeninginmyamar #Advocacy #politics #media
0 Comments
ရေးသားသူ- Liliane
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ “လွတ်လပ်ခြင်းရဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်” တော်လှန်ရေးဆိုတာ နိုင်ငံရေးအာဏာရဲ့ လူမှုရေးဇစ်မြစ်နေရာ (Social Location of Political Power) ကို ရုတ်တရက် တဆစ်ချိုးအပြောင်းအလဲလုပ်ခြင်းကို ဆိုလိုပါတယ်။ တနည်းအားဖြင့် အုပ်ချုပ်မှုပုံသဏ္ဍာန်၊ အချုပ်အခြာအာဏာနှင့် တရားဝင်မှုဆိုင်ရာအုတ်မြစ်တွေ၊ လူမှုအစီအစဉ် ( Social Order) နားလည်မှတ်ယူခြင်းနှင့် ပတ်သက်၍ အမြစ်မြေလှန်အသွင်ပြောင်းခြင်းကို ဆိုလိုပါတယ်။ ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်တဲ့ လုပ်ရပ်တွေ၊ စနစ်တွေ၊ အတွေးတွေ၊ ယုံကြည်မှုတွေကို တိုက်ရိုက်စိန်ခေါ်ပြီး အသစ်သစ်သော လုပ်ရပ်တွေ၊ စနစ်တွေ၊ အတွေးတွေ၊ ယုံကြည်မှုတွေနဲ့ ပြောင်ပြောင်တင်းတင်း၊ ရဲရဲဝင့်ဝင့် အစားထိုးသုံံးစွဲခြင်းက တော်လှန်ရေး၏ အဓိက လုပ်ရပ်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းဟာ တော်လှန်ရေးပေါင်းများစွာနဲ့ ပြည့်နှက်နေပါတယ်။ အုပ်ချုပ်ရေး ယန္တရားအပြောင်းအလဲ၊ နိုင်ငံရေးစနစ် အပြောင်းအလဲ၊ တန်းတူညီမျှရေး၊ လွတ်လပ်မှုစတဲ့ အကြောင်းအရာ များစွာအတွက် တော်လှန်ရေး ဆင်နွှဲနေကြပါတယ်။ လွတ်လပ်ရေးယူစဉ်ကတည်းက တအုံနွေးနွေးပါလာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မကျေနပ်မှုတွေဟာ ဆင့်ကဲပေါက်ကွဲမှုတွေနဲ့အတူ တဖြည်းဖြည်း ကြီးထွားလာပါတယ်။ အချိန်နှင့်အမျှ ထွက်ပေါ်လာတဲ့ ပဋိပက္ခအသစ်၊ အဟောင်းကြား ပိုမိုရှုပ်ထွေးတဲ့ ပဋိပက္ခ တွေ ထွက်လာပါတယ်။ အချိန်နှင့်အမျှ ပဋိပက္ခအသွင်ပြောင်းမှုများလည်း ဖြစ်ပေါ်နေတာကြောင့် ပိုမို နားလည်ရ၊ ဖြေရှင်းရ ခက်ခဲလာပါတယ်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တခုအတွင်းမှာပဲ တစစနဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ ပိုပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ တော်လှန်ရေးတွေ ဖြစ်လာပေမဲ့ ပဋိပက္ခတွေဟာ ညှိနှိုင်းဖြေရှင်းမရဘဲ ပိုပြီး ဂလောင်ကျယ်တဲ့ သွေးစုနာလို ပိုမိုကြီးလာ၊ နက်လာ၊ ပုပ်လာပါတယ်။ နိုင်ငံနဲ့ တော်လှန်ရေးသက်တမ်းဟာ ထပ်တူညီပါးကျပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေအပေါ် နားလည်မှုနဲ့ စိတ်ဝင်စားမှုဟာ အလုံအလောက်မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံနဲ့ တော်လှန်ရေးဟာ ဖွားဖက်တော်လို တတွဲတွဲ ယှဉ်တွဲတွေ့လာရပါတယ်။ ပြည်သူတွေဟာ စစ်ပွဲတွေနဲ့ ပိုပြီး အသားတကျ ဖြစ်လာကြရပါတယ်။ တော်လှန်ရေး၊ ပဋိပက္ခ၊ ညှိနှိုင်းဆွေးနွေး၊ တဖန်တော်လှန်ရေး၊ အသစ်သစ်သောပဋိပက္ခ၊ စုစည်းဆွေးနွေးညှိနှိုင်း နဲ့ မြန်မာနိုင်ငံဟာ သက်တမ်းရင့် လာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ယဉ်ပါး၊ အဂတိတရားနဲ့ယဉ်ပါး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ယဉ်ပါး၊ နောက်ဆုံး အင်မတန်မွန်းကျပ်လာတဲ့ပြည်သူတွေကနေ ထပ်ပြီးတွန်းလှန်တော်လှန်ရင်းနဲ့ တဖန် ပြန်ပြီး တော်လှန်ရေးက အင်အားကြီးလာခဲ့ပြန်နဲ့ သံသရာလည်နေပါတယ်။ နွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက် ဖြစ်ခဲ့၊ ပျက်ခဲ့၊ ရပ်ခဲ့တဲ့ တော်လှန်ရေးပေါင်းစုံရဲ့ ဆုံချက် လို့ ပြောလို့ရနိုင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ကို ဖြုတ်ချချင်သူတွေ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ချင်သူတွေ၊ အာဏာရှင်စနစ်အားလုံးကို အမြစ်လှန်ချင်သူတွေ၊ စနစ်သစ်ကို ပြန်ပြီး တည်ဆောက် ချင်သူတွေ၊ လူ့အခွင့်အရေးကို ပိုအလေးထားကာကွယ်ချင်သူတွေ၊ ဖိနှိပ်ခွဲခြားတဲ့ယဉ်ကျေးမှုကို တွန်းလှန်ချင် သူတွေ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်သူတွေ၊ တော်လှန်ရေးကို ပါဝင်ဖူးသူရော၊ မပါဝင်ဖူးသူ၊ ကြီးသူငယ်သူအားလုံးက ပါဝင်တဲ့တော်လှန်ရေးတစ်ခု ဖြစ်ပါတယ်။ မျှော်လင့်ချက်ပေါင်းစုံ အတွက် တော်လှန်ရေးတခု ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ဖြိုချနိုင်ရုံနဲ့ သိမ်းမဲ့ ပွဲမဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်အနှစ်သာရရော၊ ဒီမိုကရေစီအနှစ်သာရပါရမှ သေနတ်သံတိတ်မဲ့ပွဲ ဖြစ်ပါတယ်။ အားလုံးက ပါဝင်တဲ့တော်လှန်ရေးကနေ အားလုံးအတွက်ဖြစ်စေမဲ့ စနစ်တခုကို တည်ဆောက်နိုင်မှာ ပြန်ပြီး အေးချမ်းနိုင်မဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဘက်စုံထောင့်စုံကနေ အနိုင်ယူနိုင်မဲ့ တော်လှန်ရေးတစ်ခု ဖြစ်လာဖို့ လိုပါတယ်။ ကရင်အတွက် မြန်မာနိုင်ငံဖြစ်လာဖို့ လိုသလို၊ ဗမာအတွက် မြန်မာနိုင်ငံဖြစ်လာဖို့ လိုပါတယ်။ ဗုဒ္ဓဘာသာအတွက် ရှိနေမဲ့ မြန်မာနိုင်ငံဖြစ်ဖို့ လိုသလို၊ ခရစ်ယာန်၊ ဟိန္ဓူ၊ မွတ်စလင်နဲ့ အခြားယုံကြည်မှု အတွက် မြန်မာနိုင်ငံဖြစ်ဖို့ လိုပါတယ်။ အမျိုးသားတွေအတွက် မြန်မာနိုင်ငံဖြစ်နေသလိုမျိုး၊ အမျိုးသမီးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေအတွက် မြန်မာနိုင်ငံဖြစ်ဖို့ လိုပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင် ခွင့်ရှိတဲ့ တိုင်းပြည်ဖြစ်ဖို့ဆိုရင် အားလုံးအတွက် မြန်မာနိုင်ငံဟာ ကျောသားရင်သားခွဲခြားပြီး ရှိနေတဲ့ နိုင်ငံရေးစနစ်၊ လူမှုရေးစံနှုန်း၊ ဓလေ့ထုံးတမ်းတွေကို မေးခွန်းထုတ်ပြီး ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့တိုင်းပြည်ဖြစ်ဖို့ဆိုရင် အားလုံးအတွက် မြန်မာနိုင်ငံဟာ ကျောသားရင်သားခွဲခြားပြီး ရှိနေတဲ့ နိုင်ငံရေးစနစ်၊ လူမှုရေးစံနှုန်း၊ ဓလေ့ထုံးတမ်းတွေကို မေးခွန်းထုတ်ပြီး ပြောင်းလဲနိုင်ဖို့လိုပါတယ်။ လက်ရှိအချိန်အထိ ဖက်ဒရယ်တန်ဖိုး၊ ဒီမိုကရေစီတန်ဖိုးနဲ့မညီတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေကို မပြုမူမိဖို့ သတိထားဖို့ လိုပါတယ်။ တော်လှန်ရေးဟာ အားလုံးပါဝင်နေတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ လူမျိုးအသီးသီး၊ ဘာသာအသီးသီး၊ ကျား၊မ အသီးသီးက ပါဝင်နေတာပါ။ သို့ပေမဲ့ လက်ရှိအချိန်အထိ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ဟာ နေရာအသီးသီးရဲ့ ကဏ္ဍတိုင်းမှာ နောက်ကောက်ကျန်နေရဆဲပါ။ ဒါအတွက် မေးခွန်းထုတ်စရာကောင်းလှပါတယ်။ အခုနွေဦးတော်လှန်ရေးဟာ တခြမ်းပဲ့ဒီမိုကရေစီကို သွားနေတာလား။ အားလုံးပါဝင်တဲ့ ဒီမိုကရေစီကို သွားနေတာလား။ အခုနွေဦးတော်လှန်ရေးဟာ အားလုံးအတွက် ကရုတစိုက်လုပ်ဆောင်နေတဲ့ တော်လှန်ရေး လား၊ လူတမျိုး၊ တစု၊ တခြမ်းပဲ့လိင်နဲ့ပဲ မောင်းနှင်နေတဲ့ တော်လှန်ရေးလား။ ကျွန်မတို့ လူ့အဖွဲ့အစည်း ကိုယ်တိုင်က လက်ရှိအချိန်အထိ တဖက်စောင်းနင်း ဦးဆောင်မှုနဲ့ အသားကျနေတုန်းလား။ လက်ခံနေတုန်း လား။ မေးခွန်းထုတ်ဖို့ ပြောင်းလဲဖို့ တုံ့ဆိုင်းနေတုန်းလား။ “ ငါတို့အသံ ဘယ်မှာလဲ”။ တော်လှန်ရေးရဲ့ ပထမဆုံးအချိန်၊ ပထမဆုံးရက်၊ ထိပ်ဆုံးတပ်ဦးကနေ ပါလာခဲ့တဲ့အမျိုးသမီးတွေရဲ့အသံက ဘယ်မှာလဲ။ လက်ရှိအချိန်အထိ နောက်ဆုံးအချိန်တိုင်းအထိ ရှိနေခဲ့တဲ့ အမျိုးသမီးတွေရဲ့အသံ ဘယ်မှာလဲ။ အမျိုးသမီးတွေရဲ့အသံဆိုတာ ဘာလဲအထိကို မသိနိုင်တော့တဲ့ လူ့ အဖွဲ့အစည်းဖြစ်နေပြီလား။ တော်လှန်ရေးရဲ့ ဘယ်နေရာမှာ အမျိုးသမီးတွေကို ထားထားသလဲ။ အဲလိုမေးတိုင်း ရေတွက်လို့ ရနိုင်တဲ့ပမာဏရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေရဲ့ အမည်ကို ရွတ်ပြဖို့ ကြိုးစားကြပါလိမ့်မယ်။ ကိန်းဂဏန်းမသိလောက်အောင်ထိ များပြားတဲ့ တဖက်စောင်းနင်းဖြစ်နေတဲ့ အမျိုးသားခေါင်းဆောင်တွေက “အမျိုးသမီးတွေကို နေရာပေးထားတာဘဲ တန်းတူဆက်ဆံနေတာဘဲ” လို့ ထပ်တလဲလဲ ပြောပါလိမ့်မယ်။ အဲလို ပြောနေခြင်းကိုက တခြမ်းပဲ့ဒီမိုကရေစီနဲ့ အသားကျဖို့ တိုက်တွန်း နေသလိုပင်။ ကျွန်မတို့အားလုံးကို တခြမ်းပဲ့ဒီမိုကရေစီနဲ့ ဆက်သွားဖို့ တွန်းအားပေးနေသလိုပင်။ အမျိုးသမီး ကို နိုင်ငံရေးမှာတောင် ဒုတိယတန်းစားအဖြစ် သတ်မှတ်ထားကြတာကို ထင်ထင်ရှားရှား မြင်နေရဆဲပင်။ တော်လှန်ရေးဆိုတာ ပြောင်းလဲနိုင်တယ်ဆိုတဲ့စိတ်ဓာတ်ကနေ စတာပါ။ ကျွန်မတို့ ဘာကို ပြောင်းလဲ နိုင်မလဲဆိုတာအပေါ် မူတည်ပြီး နွေဦးတော်လှန်ရေးက ဘာကို မွေးထုတ်ပေးနိုင်မလဲဆိုတာ ဖြစ်လာမှာပါ။ နွေဦးတော်လှန်ရေးကနေ နောက်ထပ်အသစ်သစ်သော အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒ၊ ဖိုဝါဒ၊ လက်သစ် စစ်အာဏာရှင်ဝါဒကို မွေးထုတ်မလား။ အားလုံးအတွက် တန်းတူညီမျှပြီးတော့ သာတူညီမျှအခွင့်အရေးကို ဆောင်ကျဉ်းပေးနိုင်မလားဆိုတာ ကျွန်မတိုရဲ့ ပြောင်းလဲရဲတဲ့ သတ္တိနဲ့ ဝီရိယအပေါ် မူတည်ပါတယ်။ နွေဦးတော်လှန်ရေးဟာ အားလုံးအတွက် မျှော်လင့်ချက်ဆုံရာနေရာဖြစ်သလို၊ နောက်ဆုံး မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ မရနိုင်တဲ့အရာတွေဟာ မြန်မာပြည်မှာ ဘယ်တော့မှ မရနိုင်တော့မဲ့ အရာတွေသာ ဖြစ်ပါတယ်။ နွေဦးမှာ အမျိုးသားလူထု တန်းတူရေးရနိုင်မလား၊ လူ့အခွင့်အရေးချိုးဖောက်မှုကို တားဆီးနိုင်မလား၊ ကျား၊မတန်းတူရေးကို ရနိုင်မလား၊ အရပ်သားအုပ်ချုပ်မှုကို ဖော်ဆောင်နိုင်မလား၊ ခွဲခြားဆက်ဆံမှုကို ရပ်တန့်နိုင်မလား၊ အခွင့်ထူးခံဖြစ်မှုကို ရပ်တန့်နိုင်မလား။ နောက်ဆုံးအနေနဲ့ နွေဦးတော်လှန်ရေးဟာ အားလုံးကို ဖြိုချပေးနိုင်မဲ့ တော်လှန်ရေးဖြစ်လာမလား။ အားလုံးအတွက် နောက်ဆုံးမျှော်လင့်ချက်တစ်ခုသာ။ “နွေဦးတော်လှန်ရေးဟာ အားလုံးအတွက် မျှော်လင့်ချက်ဆုံရာနေရာဖြစ်သလို၊ နောက်ဆုံးမျှော်လင့်ချက် လည်း ဖြစ်ပါတယ်” “ လွတ်လပ်ခြင်းရဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်” အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing #politicsforwomenmyanmar #whatishappeninginmyamar #Advocacy #politics #media ![]() (Hazel နှင့် Potato ရေးသားပြုစုသည်) အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ “တော်လှန်ရေးနယ်မြေ တောတွင်းတနေရာမှာ (၁၈) နှစ်ပြည့်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးက ရဲဘော်တွေကို စစ်ရေးနည်းပြအဖြစ် ဦးဆောင်လမ်းညွှန်ပေးနေပါတယ်” ရှမ်း၊ကရင်နီနယ်စပ် တောတောင်နေရာတခုမှာ အမျိုးသမီးငယ်တစ်ဦးက ရဲဘော်တွေရဲ့ စစ်ရေး လေ့ကျင့်တာကို ဦးဆောင်လမ်းညွှန်ပေးနေပါတယ်။ ထိုအမျိုးသမီးငယ်သည် ရှမ်းတောင်ဗျူဟာ-၂ ကူကယ် ခေါင်းဆောင်၊ တပ်ရင်းသင်တန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် (၁၈) နှစ်အရွယ် အားယွမ်းပင်။စစ်အာဏာသိမ်းစဉ်က အထက်တန်းကျောင်းသူဖြစ်သလို၊ ဘောလုံးမြို့နယ်လက်ရွေးစင်တစ်ယောက် ဖြစ်ပါတယ်။ အာဏာသိမ်းချိန်မှာ အသက် (၁၅) နှစ်သာ ရှိသေးတဲ့ မိန်းကလေးသည် ဆန္ဒပြပွဲအချို့တွင် ပါဝင်ခဲ့ပြီး၊ စစ်တပ်၏အကြမ်းဖက်ဖြိုခွင်းမှုများ စတင်လာတဲ့အချိန်မှာတော့ ထောက်လှမ်းရေးသင်တန်းတခုကို မြို့ပေါ်မှာ တိတ်တဆိတ်တက်ရောက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် သူငယ်ချင်းဖြစ်သူ အသက်ဆုံးရှုံးခဲ့ပြီးသည့် နောက်မှာ လက်နက်ကိုင်တော်လှန်ရေးကို ခြေစုံပစ်ဝင်ခဲ့သူတစ်ယောက်ဖြစ်ပေမဲ့ မိသားစုဝင်တွေကတော့ ထိုလမ်းကို သဘဘောမတူခဲ့ပေ။ ကိုယ့်သဘောဆန္ဒဖြင့်သာ အိမ်ကခိုးထွက်ပြီး တော်လှန်ရေးခရီးလမ်းကို နောက်မလှည့်စတမ်း လျှောက်လှမ်းခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ အမှတ် ၁၀၀၈ တပ်ရင်း (ရှမ်းတောင်) SSRY- Southern Shan Revolution Youth တပ်ရင်းကို စတင်ဝင်ရောက်ခဲ့ပါတယ်။ တပ်ရင်းကို စတင်ဝင်ရောက်ချိန်ကစပြီး စစ်အခြေခံသင်တန်း၊ ဆေးသင်တန်း၊ မဟာမိတ်ပူးပေါင်း မွမ်းမံသင်တန်း၊ Free Burma Ranger -FBR အခြေခံသင်တန်း၊ FBR- Advanced level သင်တန်းတွေကို မနားတမ်း တက်ရောက်ခဲ့ပါတယ်။စိတ်ဓာတ် ပြင်းထန်တဲ့ အမျိုးသမီးငယ်တစ်ယောက်အတွက် တောတွင်းဘဝသစ်က မချောမွေ့နေခဲ့ပါ။ တခြားသော လူငယ်ရဲဘော်တွေလို ကြုံတွေ့ရသည့် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး စတဲ့ အခက်အခဲများတွေကို အံတင်းတင်းကြိတ်ပြီး ဖြတ်ကျော်ခဲ့ရပါတယ်။ အမျိုးသမီးဖြစ်ခြင်းရဲ့ အခက်အခဲတွေကိုလည်း ထပ်ဆင့်ခံစားခဲ့ရပါတယ်။ သင်တန်းပြီးသည့်အချိန်မှာ အသက်ငယ်သေးတဲ့ အတွက် ရှေ့တန်းထွက်ခွင့်မရသေးပါ။ သင်တန်း ပြီးဆုံးတဲ့ အချိန်မှာ အမျိုးသမီးအများစုက ရုံးပိုင်းနှင့် ဆေးကုသမှုအပိုင်း မှာ ပိုပြီးထမ်းဆောင်ကြပေမဲ့ အားယွမ်းကတော့ ရှေ့တန်းက ဒဏ်ရာရရဲဘော်တွေကို ရှေ့တန်းအထိ သွားရောက်ကယ်ဆယ် ရသည့် ကူကယ်အပိုင်းကို ပိုသဘောကျတဲ့အတွက် FBR သင်တန်းကို ထပ်ဆင့်တက်ခဲ့ပြီး ထိုအပိုင်းကို အဓိကတာဝန် ယူခဲ့ပါတယ်။ ကူကယ်အဖြစ် တာဝန်ထမ်းဆောင်ရခြင်းက စိန်ခေါ်မှုများနဲ့ ပြည့်နှက်နေပါတယ်။ ဗိုက်ပွင့်၊ ရင်ဘတ်ထိ၊ ခြေပြတ် စတဲ့ ဒဏ်ရာရ ရဲဘော်တွေအတွက် ဆေးရုံအမှီ ရောက်နိုင်ရန်ကအားယွမ်းအတွက် လွယ်ကူတဲ့ကိစ္စမဟုတ်ပေ။ တခါတလေ စိတ်ဓာတ်ကျတဲ့အချိန်တွေရှိပေမဲ့ အသက် ပေးဆပ်လိုက်ရသည့် ရဲဘော်တွေကို တွေးမိပြီး “ငါအလုပ် ပိုလုပ်ရမယ်” ဆိုတဲ့စိတ်နဲ့ ခက်ခဲတဲ့ နေ့စွဲတွေကို ဖြတ်သန်းခဲ့ရပါတယ်။ အမျိုးသမီးဆိုတာကြောင့် နောက်တန်း တွင် ချန်မနေဘဲ အခက်အခဲတွေကို ကျော်လွှားပြီး ရှေ့တန်းမှာ ကူကယ်သည့်အပိုင်းများကို ထမ်းဆောင်နေ သလို၊ တပ်ရင်းမှာလည်း စစ်သင်တန်း (၃) ခု နှင့် ဆေးသင်တန်း (၁) ခုကို နည်းပြအဖြစ် ပြန်ပို့ချပေးလျက် ရှိပါတယ်။ ကိုယ်တိုင်ရွေးချယ်ထားသည့်လမ်းကို ကိုယ်တိုင်ပြီးအောင် ဆက်လျှောက်မယ် ဆိုတဲ့စိတ်နဲ့ ယနေ့ အချိန်အထိ တော်လှန်ရေးစာမျက်နှာတွေမှာ ပါဝင်နေဆဲပင်။ အားယွမ်းသည် စစ်အာဏာမသိမ်းခင်က မိဘ၊ သူငယ်ချင်းတွေနဲ့ ဝါသနာပါတဲ့အရာတွေနဲ့ အချိန်ကုန်ဆုံးကာ လူငယ်ဘဝကို ပေါ့ပေါပါးပါးဖြတ်သန်းခဲ့ပေမဲ့ အာဏာသိမ်းမှုကြောင့် တော်လှန်ရေးထဲသို့ ခြေစုံပစ်ဝင်လိုက်ချိန်မှာ လူနေမှုဘဝသာမက စိတ်ပိုင်းဆိုင်ရာအရပါ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့အတူ လောကဓံရဲ့ ရင့်ကျက်မှုတွေကို တော်လှန်ရေးက ပေးလိုက်ပါတယ်။ အမျိုးသမီးတစ်ဦးအနေနဲ့ ခေါင်းဆောင်မှုအပိုင်းနဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေကို သမိုင်းက ပခုံးပေါ် တင်ပေးလိုက်ပါတယ်။ တော်လှန်ရေးနယ်မြေ တောတွင်းတနေရာမှာ (၁၈) နှစ်ပြည့်ခဲ့တဲ့ အားယွမ်းအတွက် စိန်ခေါ်မှုတွေဟာ အခုမှ ကြုံခဲ့ရတာမဟုတ်ပါ။ ငယ်စဉ်ကတည်းက ဘောလုံးလက်ရွေးစင်ဖြစ်ချင်ခဲ့တဲ့ အိပ်မက်အတွက် ခွဲခြားမှုများကြားကပင် ကြိုးပမ်းခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ခွဲခြားဆက်ဆံမှုတွေ ကြားကပင် မြောက်မြားစွာသော တာဝန်ကို ထမ်းပိုးထားဆဲပင်။ တော်လှန်ရေးခရီးကို ရဲဘော်များနှင့်အတူ ရှေ့တန်းမှာ ကူကယ်လုပ်ငန်းနဲ့ သင်တန်းပေးသည့်လုပ်ငန်းတွေကို ထမ်းဆောင်ရင်း မိဘပြည်သူနှင့် ကျဆုံးရဲဘော်တွေရဲ့ မပြည့်မှီသေးတဲ့ ဆန္ဒတွေဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အသက်မသေခင်အထိ လုပ်ဆောင်သွားဖို့ အားယွမ်းက ယတိပြတ် ဆုံးဖြတ်ထားပါတယ်။ တော်လှန်ရေးအောင်တဲ့အခါ မရောက်ဖူးတဲ့ နေရာတွေကို သွားပြီး တိုက်ပွဲဝင်ခဲ့သည့်နေရာတွေကို ပြန်သွားကြည့်ချင်ဖို့၊ ကျဆုံးသွားသည့် ရဲဘော်များ၏ မိသားစုတွေကို ထောက်ပံ့ပေးနိုင်ဖို့က အားယွမ်းရဲ့ ဆန္ဒတွေဖြစ်ပါတယ်။ လက်ရှိအဖြစ်ချင်ဆုံးဆန္ဒကတော့ “အမေ့အိမ်ကို ပြန်ဖို့” ပင်။ “မိဘပြည်သူနှင့် ကျဆုံးရဲဘော်တွေရဲ့ မပြည့်မှီသေးတဲ့ ဆန္ဒတွေဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အသက်မသေခင်အထိ လုပ်ဆောင်သွားဖို့ ယတိပြတ်ဆုံးဖြတ်ထားတဲ့ အားယွမ်း” အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing #politicsforwomenmyanmar #whatishappeninginmyamar #Advocacy #politics #media 5/2/2025 0 Comments နွေဦးတော်လှန်ရေး၏ အညာစာမျက်နှာများထဲမှ အမျိုးသမီးသပိတ်ခေါင်းဆောင် (သို့မဟုတ်) မချောစုစံ(အမရာ မှ ရေးသားပြုစုသည်။)
|
|
Site powered by Weebly. Managed by Porkbun