4/25/2025 0 Comments တော်လှန်သောစိတ်များရေးသူ - Liliane
အမျိုးသမီးအသံအမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) မှ ကောက်နုတ်တင်ပြသည်။ မြန်မာပြည်သူများသည် မိမိတို့ကိုယ်ကို “ဖိနှိပ်ခံပြည်သူများ” အဖြစ်မှ “တော်လှန်သော နိုင်ငံသားများ” အဖြစ်သို့ ပြောင်းလဲသတ်မှတ်လာကြသည် နိဒါန်း ------- နွေဦးတော်လှန်ရေးသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် စတင်ခဲ့ပြီး ယခုအခါ နက်ရှိုင်းသော သမိုင်းဝင် လူမှုစီးပွား၊ နိုင်ငံရေး ပြောင်းလဲမှုဆီသို့ ဦးတည်နေပါသည်။ စစ်အာဏာသိမ်းမှု ဖြစ်စဉ်ကို လုံးဝလက်မခံရာကနေ စစ်အာဏာသိမ်းမှုကို ဖြစ်စေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံအုတ်မြစ် အားလုံးကို ပြောင်းလဲရန် ဦးတည်စေခဲ့ပါသည်။ မတရားလုပ်ရပ်ကနေ မတရားမှုအားလုံး၊ ဖိနှိပ်ချုပ်ကိုင်မှုနှင့် ချယ်လှယ်အုပ်စိုးမှုအားလုံးကို ပြည်သူလူထုတရပ်လုံးက မြင်ခဲ့ကြရသည်။ ဤသည်ကား မြန်မာ့နွေဦးတော်လှန်ရေးပေတည်း။ တော်လှန်ရေးဆိုသည်မှာ လူမှုအဖွဲ့အစည်းတစ်ရပ်၏ နိုင်ငံရေး၊ လူမှုရေး သို့မဟုတ် စီးပွားရေးစနစ် များကို အခြေခံကျကျ ပြောင်းလဲရန် ရည်ရွယ်သည်။ တော်လှန်ရေးများကို နိုင်ငံရေးရှုထောင့်၊ စီးပွားရေး ရှုထောင့်မှ လေ့လာသလို စိတ်ပညာအခြေခံကနေလည်း လေ့လာကြည့်ရန် အလွန်အရေးကြီးသည်။ Charles A. Ellwood၊ Peter H. Amann၊ Gustave Le Bon နှင့် Dale Yoder အစရှိသော ပညာရှင်များက စိတ်ပညာရပ်ဆိုင်ရာ ချဉ်းကပ်နည်းများဖြင့် တော်လှန်ရေးများကို လေ့လာဆန်းစစ်ခဲ့ကြသည်။ တော်လှန်ရေးများကို စိတ်ပညာရပ်ရှုထောင့်မှ ကြည့်လျှင် ပြင်ပပုံသဏ္ဍန်များ (အကြမ်းဖက်မှု၊ ဆူပူအုံကြွမှု၊ အာဏာလွှဲပြောင်းခြင်း) ထက်ကျော်လွန်၍ အတွင်းပိုင်း စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို နားလည်လာနိုင်စေသည်။ ဤချဉ်းကပ်နည်းက တော်လှန်ရေး၏ အနက်ရှိုင်းဆုံး အခြေခံများကို ဖော်ထုတ်ရန် ကြိုးစားပေးနိုင်သည်။ Ellwood ၏ အဆိုအရ တော်လှန်ရေးတိုင်းတွင် “စိတ်ပိုင်းဆိုင်ရာ အခြေခံ” တစ်ခုရှိသည်။ တော်လှန်ရေးများသည် လူမှုအစီအစဉ်တွင် မငြိမ်သက်မှုများဖြစ်ပြီး လူမှုအလေ့အထများ ရုတ်တရက် ပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာသည်။ ပုံမှန်အခြေအနေတွင် လူမှုအလေ့အထများနှင့် အဖွဲ့အစည်းများ သည် တဖြည်းဖြည်းချင်း ပြောင်းလဲနေပြီး တော်လှန်ရေးအခြေအနေများတွင်မူ ထိုပြောင်းလဲမှုက လျင်မြန်၍ စနစ်တကျ ဖြစ်လာသည်။ ဤသီအိုရီအရ တော်လှန်ရေးများကို “စိတ်ပိုင်းဆိုင်ရာ ဘဝ၏ ဥပဒေသများ” နှင့်အညီ ပုံမှန်ဖြစ်စဉ်များအဖြစ် ရှုမြင်နိုင်ပြီး ကြိုတင်ခန့်မှန်းနိုင်သည်ဟု Ellwood က အဆိုပြုသည်။ လူမှုအလေ့အထများနှင့် အဖွဲ့အစည်းများသည် ခိုင်မာပြီး ပြောင်းလွယ်ပြင်လွယ်မရှိဘဲ၊ ပြောင်းလဲနေသော အခြေအနေ၊ အချိန်အခါနှင့်အတူ မလိုက်လျောညီထွေ မဖြစ်တော့သောအခါ တော်လှန်ရေးဖြစ်ပွားရန် အလားအလာ ပိုများပြားလာသည်။ Amann ၏ အမြင်တွင် နိုင်ငံရေးအုပ်ချုပ်မှုစနစ်များသည် ရုပ်ပိုင်းဆိုင်ရာ အင်အားသုံးမှုအပေါ် လက်ဝါးကြီးအုပ်ထားခြင်းနှင့် “နာခံမှုအလေ့အထ” ဟုခေါ်သော လူထုကြားတွင် ကျယ်ပြန့်စွာ မျှဝေထားသော သဘောထားတို့ကြောင့် တည်ရှိနေခြင်း ဖြစ်သည်။ တော်လှန်ရေးသည် “နိုင်ငံတော်၏ အာဏာလက်ဝါးကြီး အုပ်မှုကား ယာယီဖြစ်စေ၊ ကြာရှည်ဖြစ်စေ ပျက်စီးသွားခြင်း” ဖြစ်ပြီး၊ များသောအားဖြင့် နာခံမှုအလေ့အထ လျော့နည်းသွားခြင်းနှင့်အတူ ဖြစ်ပေါ်သည်ဟု ဆိုသည်။ Le Bon ကမူ လူ့အဖွဲ့အစည်းသည် ယုံကြည်ချက်များ၊ ခံစားချက်များနှင့် ပုံပြင်ဆန်သော အယူအဆများအပေါ် အခြေခံထားကြောင်း ဆိုသည်။ “တော်လှန်ရေးကြီးများ” သည် ဓလေ့ထုံးတမ်းနှင့် အတွေးအခေါ်တို့၏ တော်လှန်မှုများဖြစ်ပြီး၊ လူတစ်စု၏ စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲပစ်သည့် တော်လှန်ရေးများ ဖြစ်သည်။ Yoder ၏ အဆိုအရ “စစ်မှန်သော တော်လှန်ရေးသည် ရိုးရာအဖွဲ့အစည်းဆိုင်ရာ အစီအစဉ်၏ အခြေခံဖြစ်သော လူမှုရေးသဘောထားနှင့် တန်ဖိုးများတွင်ပါ ပြောင်းလဲမှု ဖြစ်သည်” ဟုဆိုသည်။ တော်လှန်ရေးများသည် တစ်ခုတည်းသော အကြောင်းရင်းကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ရှုပ်ထွေးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ လူမှုအလေ့အထများ ပြောင်းလဲခြင်းသည် တော်လှန်ရေး၏ အကြောင်းရင်းလား အကျိုးဆက်လား ဆိုသည်မှာ မရှင်းလင်းပေ။ မည်သို့ပင်ဆိုစေကာမူ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုရှိမှသာ တကယ့်တော်လှန်ရေးကို ဖြစ်စေသည်။ စိတ်ပိုင်းဆိုင်ရာ၊ တန်ဖိုးထားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုမဖြစ်ပါက ရိုးရိုးအုံကြွမှုမျှသာ ခေါ်ဆိုနိုင်သည်။ တော်လှန်ရေးကာလအတွင်း အတွေးအခေါ်သစ်များနှင့် သဘောထားပြောင်းလဲမှုများသည် ယခင်က ယူဆထားသည်ထက် ပိုမိုလျင်မြန်စွာ ပျံ့နှံ့သွားနိုင်သည်။ ဤဖြစ်စဉ်ကို “စိတ်ပိုင်းဆိုင်ရာ ကူးစက်ရောဂါ” ဟု လည်း ခေါ်ဆိုနိုင်သည်။ ခေတ်သစ်ဆက်သွယ်ရေးနည်းပညာများက ဤဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေခဲ့သည်။ တော်လှန်ရေးများသည် တစ်ဖက်တွင် အုပ်စုတစ်စုအတွင်း လူများကို ခိုင်မာစွာ ပေါင်းစည်းစေသော်လည်း အခြားတစ်ဖက်တွင် လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ပိုမိုနက်ရှိုင်းစေနိုင်သည်ကိုလည်း သတိထားရမည်။ လက်ရှိနွေဦးတော်လှန်ရေးကို တော်လှန်ရေးဆိုင်ရာ စိတ်ပညာရှုထောင့်မှ သုံးသပ်ခြင်း ----------------------------------------------------------------------- (၁) စုပေါင်းအမှတ်လက္ခဏာနှင့် ဂုဏ်သိက္ခာ - တော်လှန်ရေး၏ အခြေခံ နွေဦးတော်လှန်ရေးတွင် အားအကောင်းဆုံး အချက်တစ်ခုမှာ Le Bon ၏ “စုပေါင်းစိတ်ဝိညာဉ်” ဆိုင်ရာ သဘောတရားနှင့် ထပ်တူကျနေသော “ဂုဏ်သိက္ခာ” ဆိုသည့် သဘောတရားပင် ဖြစ်သည်။ ပြည်သူတို့သည် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်ပုံရိပ်ကို ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုကာ ခေတ်အဆက်ဆက် ၏ ဖိနှိပ်ခံရမှုကို ငြင်းဆန်လိုက်ကြသည်။ Le Bon ၏ အဆိုအရ “တော်လှန်ရေးကြီးများ” သည် ပုံပြင်ဆန်သော အယူအဆများနှင့် ခံစားချက်များ ထဲမှ ထွက်ပေါ်လာသည်ဟုဆိုရာ၊ နွေဦးတော်လှန်ရေးတွင် “ပြောင်းလဲမှု-အားမာန်-ရဲဝံ့မှု-အနာဂတ်” ဟူသော ခိုင်ကြည်သည့် အယူအဆများသည် တတိုင်းတပြည်လုံးရှိ ပြည်သူများ၏ အမှတ်လက္ခဏာထဲသို့ စိမ့်ဝင်သွားခဲ့သည်။ မြန်မာပြည်သူများသည် မိမိတို့ကိုယ်ကို “ဖိနှိပ်ခံပြည်သူများ” အဖြစ်မှ “တော်လှန်သော နိုင်ငံသားများ” အဖြစ်သို့ ပြောင်းလဲသတ်မှတ်လာကြသည်။ ဤသို့ စုပေါင်းအမှတ်လက္ခဏာ ပြောင်းလဲလာခြင်းသည် Ellwood ၏ စိတ်ပိုင်းဆိုင်ရာ အခြေခံ သဘောတရားနှင့် ကိုက်ညီနေသည်။ ဤအမှတ်လက္ခဏာ ပြောင်းလဲမှုက “မဖြစ်နိုင်” ဟုထင်ရသော လုပ်ရပ်များကို ရုတ်တရက် “ဖြစ်နိုင်” လာစေပြီး၊ ပြည်သူများအကြား မရှိမဖြစ် လိုအပ်သော စွမ်းရည်ရှိမှု ခံစားချက်ကို ဖန်တီးပေးသည်။ (၂) နာခံမှုအလေ့အထများ ကျဆင်းခြင်း Amann ၏ အယူအဆအရ အစိုးရတစ်ရပ်သည် “နာခံမှုအလေ့အထ” နှင့် ရုပ်ပိုင်းဆိုင်ရာ အင်အားသုံးမှု လက်ဝါးကြီးအုပ်မှုတို့အပေါ်တွင် တည်မှီနေသည်။ နွေဦးတော်လှန်ရေး၏ အဓိကအချက်မှာ “အုပ်ချုပ်သူစစ်ကောင်စီအပေါ် နာခံမှုအလေ့အထ” ၏ ကျဆင်းခြင်းပင် ဖြစ်သည်။ နိုင်ငံတဝှမ်းရှိ အာဏာဖီဆန်လှုပ်ရှားမှု (CDM) နှင့် အခြားသောပုံစံများဖြင့် မနာခံခြင်းသည် နာခံမှုအလေ့အထ၏ တရားဝင်မှုကို ချိုးဖျက်ခဲ့သည်။ နွေဦးတော်လှန်ရေးသည် စစ်အစိုးရ၏ အုပ်ချုပ်မှုကို လူအများက ရှုတ်ချလာကြသည့် ကျယ်ပြန့်သော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဤအချက်သည် Amann ၏ “နိုင်ငံတော်၏ အာဏာလက်ဝါးကြီးအုပ်မှု ပျက်စီးသွားခြင်း” ဟူသော သဘောတရားနှင့် ကိုက်ညီသည်။ စစ်အစိုးရသည် ရုပ်ပိုင်းဆိုင်ရာ အင်အားကို ဆက်လက်ထိန်းချုပ်ထားသော်လည်း တရားဝင်မှုနှင့် နာခံမှုအလေ့အထကို ကျယ်ကျယ်ပြန့်ပြန့် ဆုံးရှုံးခဲ့ရသည်။ (၃) လူမှုအလေ့အထများ ရုတ်တရက်ပြောင်းလဲခြင်း Ellwood ၏ အဆိုအရ တော်လှန်ရေးများသည် လူမှုအလေ့အထများ ရုတ်တရက် ပျက်စီးသွားခြင်း ကြောင့် ဖြစ်ပေါ်လာသည်။ နွေဦးတော်လှန်ရေးတွင် ဤအချက်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။ ရုံးများ၊ ကျောင်းများ၊ ဘဏ်များသည် CDM လှုပ်ရှားမှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ပြီး ပြည်သူပိုင်ဝန်ဆောင်မှု အများအပြားသည် အပြည့်အဝ နည်းပါးရပ်တန့်သွားပြီး ပုံစံပြောင်းပြီး လည်ပတ်နေရသည်။ နေ့စဉ်လူမှုဘဝ၏ ပုံမှန်လုပ်ထုံးလုပ်နည်းများအပေါ် အပြောင်းအလဲကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်။ Ellwood ၏ သဘောတရားအရ တော်လှန်ရေးအခြေအနေတွင်မူ ပြောင်းလဲမှုမှာ ရုတ်တရက်နှင့် ကြီးမားခြင်း ဖြစ်သည်။ နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးအင်အားစုမှ အသိအမှတ်ပြုထားသော အင်စတီကျူးရှင်းများနှင့် စစ်အစိုးရမှ ထူထောင်ထားသော အင်စတီကျူးရှင်းများ ယှဉ်ပြိုင်တည်ရှိနေခြင်းသည် လူမှုအလေ့အထများ ရုတ်တရက်ပြောင်းလဲသွားသည့် ထင်ရှားသောသာဓက ဖြစ်သည်။ ဤကဲ့သို့ ပြိုင်ဆိုင် နေသော အင်စတီကျူးရှင်းများသည် ပုံမှန်လူမှုအသိုက်အဝန်းတစ်ခုတွင် တွေ့မြင်ရလေ့မရှိပေ။ “တော်လှန်ရေးများသည် လူထု၏ စိတ်ဝိညာဉ်ထဲသို့ စိမ့်ဝင်သွားမှသာလျှင် စစ်မှန်သောရလဒ်များ ရရှိနိုင်သည်” (၄) စုပေါင်းစိတ်ပိုင်းဆိုင်ရာ စွမ်းအင်များ Le Bon ၏ အဆိုအရ တော်လှန်ရေးများသည် လူထု၏ စိတ်ဝိညာဉ်ထဲသို့ စိမ့်ဝင်သွားမှသာလျှင် စစ်မှန်သောရလဒ်များ ရရှိနိုင်သည်။ နွေဦးတော်လှန်ရေးတွင် စိတ်ဝင်စားဖွယ်အချက်မှာ ဆန့်ကျင်ဘက်တွင် ရှိသော ဆန္ဒပြသူများကြားနှင့် ကွဲပြားသောအုပ်စုများကြား သိသာထင်ရှားသော စုပေါင်းစည်းလုံးမှု စိတ်ဓာတ်ပင် ဖြစ်သည်။ ဤစုပေါင်းစိတ်ဓာတ်သည် တိုင်းရင်းသားကွဲပြားမှုများ၊ ဘာသာရေးကွဲပြားမှုများနှင့် အခြားသော ပဋိပက္ခဖြစ်နိုင်ခြေရှိသော အကွဲအပြဲများကို ကျော်လွှားနိုင်ခဲ့သည်။ Yoder ၏ အဆိုအရ “စစ်မှန်သော တော်လှန်ရေးသည် လူမှုရေးသဘောထားနှင့် တန်ဖိုးများတွင် ပြောင်းလဲမှုဖြစ်သည်” ဆိုသည့်အတိုင်း နွေဦးတော်လှန်ရေးသည် လူငယ်များ၏ စိတ်ဓာတ်၊ သဘောထားနှင့် တန်ဖိုးထားမှုများကို အခြေခံကျကျ ပြောင်းလဲစေခဲ့သည်။ ယခင်က နိုင်ငံရေးတွင် စိတ်ဝင်စားမှုမရှိသူများသည် ရုတ်တရက် ပြည်သူ့ရေးရာဆိုင်ရာများတွင် တက်ကြွလာကြသည်။ လူငယ်များ၏ ယုံကြည်မှုစနစ်တွင် မဟာဗျူဟာကျသော ပြောင်းလဲမှုဖြစ်ပေါ်ခဲ့ပြီး ယခင်က တရားဝင်ဟု လက်ခံခဲ့သော အင်စတီကျူးရှင်းများနှင့် အာဏာပိုင်များကို စိန်ခေါ်လာနိုင်ကြသည်။ (၅) အတွေးအခေါ်များ ပျံ့နှံ့ခြင်း သတိပြုဖွယ်ရာအချက်တစ်ခုမှာ နွေဦးတော်လှန်ရေးကာလအတွင်း သတင်းအချက်အလက်နှင့် အတွေးအခေါ်များ ပျံ့နှံ့မှုနှုန်းပင် ဖြစ်သည်။ လူမှုကွန်ရက်များမှတဆင့် စစ်တပ်ဆန့်ကျင်ရေးသဘောထားများ၊ အတွေးအခေါ်သစ်များနှင့် နိုင်ငံရေးယုံကြည်ချက်များသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဤဖြစ်စဉ်သည် Le Bon ၏ စိတ်ပိုင်းဆိုင်ရာ ကူးစက်ရောဂါ သဘောတရားနှင့် ကိုက်ညီပြီး ခေတ်သစ်နည်းပညာက ပို၍ အားကောင်းစေခဲ့သည်။ ဆက်သွယ်ရေးမီဒီယာသည် သတင်းအချက်အလက်များ ပျံ့နှံ့ရန်သာမဟုတ်ဘဲ စိတ်ခံစားချက်များနှင့် ဖြစ်ရပ်များအပေါ် ထင်မြင်ချက်များကိုလည်း မျှဝေရန် အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ဤလုပ်ငန်းစဉ်က စုပေါင်းသဘောတူညီချက်ကို ဖန်တီးပေးပြီး ဝေးကွာသော နယ်မြေများ အကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးခဲ့သည်။ (၆) ပတ်ဝန်းကျင်အရေးပါမှုနှင့် သမိုင်းဆိုင်ရာ အခြေအနေများ Ellwood ၏ အဆိုအရ “လူမှုအလေ့အထများနှင့် အဖွဲ့အစည်းများသည် ခိုင်မာပြီး ပြောင်းလွယ် ပြင်လွယ် မရှိသောအခါ၊ ၎င်းတို့သည် ပြောင်းလဲနေသောအခြေအနေအချိန်အခါများနှင့်အတူ မပြောင်းလဲ သောအခါ တော်လှန်ရေးများ ဖြစ်ပွားရန် ပို၍ဖြစ်နိုင်ချေရှိသည်” ဆိုသည့်အတိုင်း၊ နွေဦးတော်လှန်ရေးသည် ရုတ်တရက်ပြောင်းလဲမှုနှင့် သမိုင်းရှည်ကြာသော ဖိနှိပ်မှုများအကြား ဆက်နွယ်မှုမှ ဖြစ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ တော်လှန်ရေးမတိုင်ခင်က ပြောင်းလဲရန် လိုအပ်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများစွာ ရှိခဲ့သော်လည်း အောင်မြင်ထိရောက်စွာ မပြောင်းလဲနိုင်ခဲ့သလို၊ ပြည်သူလူထု၏ မျှော်လင့်ချက်ကို များစွာ မဖြည့်ဆည်းပေးနိုင်ခဲ့ပေ။ ထိုအခြင်းအရာများသည်လည်း နွေဦးတော်လှန်ရေး ပိုမိုအားကောင်းလာရန် မီးစာ မြှင့်ပေးနိုင်ခဲ့သည်။ ထိုနည်းအတူ ၂၀၁၀ ခုနှစ်နှင့် ၂၀၂၀ ကြားကာလများတွင် လစ်ဘရယ်အတွေးအခေါ် အားကောင်းလာသော လူမှုအသိုက်အမြုံများလာခြင်းသည်လည်း တော်လှန်ရေးကို ပိုမိုလျင်မြန်စေခဲ့သည်။ (၇) စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တော်လှန်ရေး နွေဦးတော်လှန်ရေး၏ ထူးခြားသော ဝိသေသလက္ခဏာတစ်ခုမှာ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုပင် ဖြစ်သည်။ ကာလကြာရှည် “တော်လှန်ရေးစိတ်ဓာတ်” ကို ထိန်းသိမ်းထားနိုင်မှုသည် စုပေါင်းစိတ်ဓာတ် ကျဆင်းမှုကို ကာကွယ်ရန် အရေးကြီးသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ ဆက်လက်ဖြစ်ပွားနေသော ကြမ်းတမ်း သောဖိနှိပ်မှုနှင့် ခက်ခဲသော အခြေအနေများကြောင့် ပြည်သူများတွင် “အရှုံးပေးခြင်းနှင့် မျှော်လင့်ချက် ဆုံးရှုံးခြင်း” နှင့် “တက်ကြွစွာဆန့်ကျင်ခြင်း” ကြား စိတ်ပညာရပ်ဆိုင်ရာ ဆွဲငင်မှု ဖြစ်ပေါ်နေသည်။ စိတ်ပိုင်း ဆိုင်ရာဒဏ်ရာများစွာ ဖြစ်နေသည့်ကြားက အချင်းချင်းကြား အမှီသဟဲပြုပြီး တောင့်ခံနိုင်ခဲ့ကြသည်။ အောင်မြင်စွာ ခံနိုင်ရည်ရှိနိုင်ခြင်းနှင့် စုပေါင်းစိတ်ပိုင်းဆိုင်ရာ ခွန်အားကို ထိန်းသိမ်းထားနိုင်ခြင်းတို့သည် Le Bon ၏ “စုပေါင်းစိတ်ဝိညာဉ်” သဘောတရားနှင့် ဆက်စပ်နေသည်။ နိဂုံး ------ တော်လှန်ရေးဆိုင်ရာ စိတ်ပညာရှုထောင့်မှ ကြည့်လျှင် နွေဦးတော်လှန်ရေးသည် ပြင်ပနိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တစ်ခုမျှသာ မဟုတ်ဘဲ အတွင်းစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုလည်း ဖြစ်သည်။ Ellwood၊ Amann၊ Le Bon နှင့် Yoder တို့၏ သဘောတရားများအရ ဤလှုပ်ရှားမှုသည် နာခံမှုအလေ့အထများ ကျဆင်းခြင်း၊ လူမှုအလေ့အထများ ရုတ်တရက်ပြောင်းလဲခြင်း၊ စုပေါင်းအမှတ်လက္ခဏာ ပြောင်းလဲခြင်းနှင့် ကျယ်ပြန့်သော လူမှုရေးသဘောထားပြောင်းလဲခြင်းတို့မှ ပေါ်ထွက်လာသည့် စစ်မှန်သော တော်လှန်ရေး ဖြစ်ကြောင်း တွေ့ရှိရသည်။ ရေရှည်တော်လှန်ရေး၏ ရလဒ်မှာ မရေရာသေးသော်လည်း အဓိက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များမှာ ထင်ရှားနေပြီဖြစ်သည်။ ကျယ်ပြန့်သော လူဦးရေအတွင်း စွမ်းရည်ရှိမှုနှင့် ခံစားချက် ထိန်းချုပ်မှု တိုးပွားလာခြင်း၊ အားကောင်းသော လူမှုဆက်ဆံရေးများနှင့် အဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်း၊ စုပေါင်းစိတ် ဝိညာဉ်နှင့် စည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းလာခြင်း တို့ဖြစ်သည်။ ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသည် လူ့အဖွဲ့အစည်းရှိ နောက်ဆက်တွဲ ပြောင်းလဲမှုများအတွက် အခြေခံအုတ်မြစ်များလည်း ဖြစ်လာသည်။ တချိန်တည်းတွင် ပြည်သူလူထု၏ စိတ်ဒဏ်ရာအပေါ် ပြန်လည်နလန်ထူမှု၊ စိတ်ခွန်အားနှင့် ခုခံနိုင်မှု ၊ အင်အားစုအချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးနှင့် အသွင်ကူးပြောင်းနိုင်ခြင်း၊ ပြောင်းလဲလာသော တန်ဖိုးထားမှု၊ ယုံကြည်ချက်များနှင့် ခံယူချက်များအပေါ် ဟန်ချက်ညီသော နိုင်ငံရေး၊ တော်လှန်ရေး တည်ဆောက်နိုင်မှုသည် တော်လှန်ရေးအောင်မြင်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့် စိတ်ပိုင်းဆိုင်ရာ ရှုထောင့် ဖြစ်သည်။ နွေဦးတော်လှန်ရေးသည် ဂုဏ်သိက္ခာအတွက် တိုက်ပွဲ၊ ကိုယ်ပိုင်ဖြစ်တည်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် တိုက်ပွဲ၊ ဖိနှိပ်ခံရမှုကို ငြင်းပယ်သော တိုက်ပွဲဖြစ်ပြီး၊ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်တို့ကို ကိုယ်စားပြုသည်။ အခြေခံလူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာအတွက် မှတ်ကျောက်တင်စရာ တော်လှန်မှုလည်း ဖြစ်သည်။ အတွင်းပိုင်း စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသည် ဤတော်လှန်ရေး၏ အမှန်စစ်မှန်သော အခြေခံအုတ်မြစ်ဖြစ်သလို၊ နွေဦးတော်လှန်ရေးသည် စိတ်တွင်းတော်လှန်ရေးကို ဖြစ်စေခဲ့သည့်သမိုင်း အချိုးအကွေ့တစ်ခုလည်း ဖြစ်ပေသည်။ “နွေဦးတော်လှန်ရေးသည် ဂုဏ်သိက္ခာအတွက် တိုက်ပွဲ၊ ကိုယ်ပိုင်ဖြစ်တည်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲ၊ ဖိနှိပ်ခံရမှုကို ငြင်းပယ်သော တိုက်ပွဲဖြစ်ပြီး၊ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်တို့ကို ကိုယ်စားပြုသည်” အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing #politicsforwomenmyanmar #whatishappeninginmyamar #Advocacy #politics #media
0 Comments
Leave a Reply. |
|