4/25/2025 0 Comments တော်လှန်ရေးနှင့် အယူဝါဒရေးသူ - Liliane
အမျိုးသမီးအသံအမျိုးသမီးအားမာန်စာစဉ် အမှတ် (၆) မှ ကောက်နုတ်တင်ပြသည်။ နိဒါန်း ------- တော်လှန်ရေးတိုင်းတွင် အယူဝါဒတစ်ခု မပါမဖြစ် ပါသည်။ အယူဝါဒသည် ရုပ်ရှင်ကားတစ်ကားတွင် ပါရှိရမည့် ဇာတ်ညွှန်းကဲ့သို့ ဖြစ်ပါသည်။ ဇာတ်ညွှန်းမရှိဘဲ ဇာတ်ကားကောင်းတစ်ခု မဖန်တီးနိုင်သကဲ့သို့ အယူဝါဒမရှိဘဲ တော်လှန်ရေးတစ်ရပ် အောင်မြင်ရန် မဖြစ်နိုင်ပါ။ အယူဝါဒသည် တော်လှန်ရေးတစ်ခု၏ အမြုတေဖြစ်သည်။ သမိုင်းကို ပြန်လည်လေ့လာကြည့်ပါက ပြင်သစ်တော်လှန်ရေး၊ အမေရိကန်တော်လှန်ရေး၊ ရုရှားတော်လှန်ရေး၊ တရုတ်တော်လှန်ရေးမှစ၍ ကမ္ဘာအနှံ့ဖြစ်ပွားခဲ့သော တော်လှန်ရေးတိုင်းသည် ရှင်းလင်းသော အယူဝါဒဆိုင်ရာ ခံယူချက်များမှ အစပြုခဲ့ကြသည်။ ၎င်းတို့အားလုံးတွင် တွန်းလှန်ရမည့်စနစ်ကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချထားသော အယူဝါဒများနှင့် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် အပြုသဘောဆောင်သော ရည်မှန်းချက်များကို မြင်တွေ့ရပါသည်။ အယူဝါဒဟူသည် ---------------- အယူဝါဒဟူသည် လူ့အဖွဲ့အစည်း (သို့မဟုတ် ဖြစ်နိုင်ချေရှိသော အုပ်စုသေးငယ်တစ်ခု) ကို စည်းနှောင် ထားသော စိတ်ခံစားမှုပြင်းထန်သည့် အတွေးအခေါ်၊ ယုံကြည်ချက်၊ သမိုင်း၊ ပုံပြင်များနှင့် တန်ဖိုးထားမှုများ ကနေ စုစည်းပုံဖော်ထားသော စနစ်တစ်ခု ဖြစ်ပါသည်။ အယူဝါဒသည် လူတစ်ဦးတည်း၏ အတွေးအခေါ် မဟုတ်ဘဲ လူအုပ်စုတစ်ခုလုံး၏ ယုံကြည်ချက်နှင့် အမြင်စနစ်တစ်ခု ဖြစ်သည်။ ၎င်းသည် လူအုပ်စုတစ်ခု၏ လုပ်ဆောင်ချက်များကို လမ်းညွှန်ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်များနှင့် တုံ့ပြန်မှုများကို ပုံဖော် ပေးသည်။ အယူဝါဒ၏ အရေးပါသော လက္ခဏာတစ်ခုမှာ စိတ်ခံစားမှုကို လှုံ့ဆော်ပေးနိုင်ခြင်း၊ စိတ်ခံစားမှု ဆိုင်ရာ တုံ့ပြန်မှုကို ဆွဲဆောင်ခြင်းနှင့် ခံစားမှုကို ဖြစ်စေခြင်း ဖြစ်သည်။ အယူဝါဒသည် လူတစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာနှင့် ခံစားမှုပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို ဖြစ်ပေါ်စေပြီး စုပေါင်းခံစားချက်များနှင့် ခံယူချက်များ ကို ဖန်တီးပေးသည်။ အယူဝါဒသည် သင်္ကေတများမှတဆင့် သမိုင်းကြောင်း၊ ဒဏ္ဍာရီများနှင့် တန်ဖိုးထားမှုများကို ဆက်သွယ်ပေးသည်။ သင်္ကေတများဆိုသည်မှာ အလံ၊ ယဉ်ကျေးမှုများ၊ ဆော်ကြောသံများ စသည့် အရာများဖြစ်သည်။ သင်္ကေတများသည် အဓိပ္ပါယ်ကျယ်ပြန့်မှုကို ကိုယ်စားပြုပြီး မတူညီတဲ့နိုင်ငံရေးအစုအဖွဲ့ အကြား တည်ရှိနေတဲ့အဓိပ္ပါယ်ကို ချက်ချင်း နားလည်စေသည်။ ဥပမာအားဖြင့် လက်သုံးချောင်းထောင်သည့် သင်္ကေတသည် နွေဦးတော်လှန်ရေးအင်အားစုကို ကိုယ်စားပြုပြီး၊ ဟင်္သာသင်္ကေတသည် မွန်လူမျိုးဖြစ်တည်မှု၊ အောက်ချင်းငှက်သည် ချင်းလူမျိုးဖြစ်တည်မှု၊ ဖားစည်သည် ကရင်လူမျိုးဖြစ်တည်မှုကို ကိုယ်စားပြုသည်။ အယူဝါဒ ပေါ်ထွန်းလာပုံ --------------------- အယူဝါဒများသည် ဗလာကျင်းအခြေအနေထဲမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ယေဘုယျအားဖြင့် လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ခွဲခြားဖိနှိပ်ဖယ်ကျဉ်မှုများနှင့် အတင်းအဓမ္မလုယူခံရမှုများကြောင့် လူအုပ်စုတစ်စု၏ အသိစိတ်သည် ပြောင်းလဲသွားပြီး အယူဝါဒ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဤအတင်းအဓမ္မလုယူမှုများ၊ ဆိုးရွားသောခွဲခြားဖိနှိပ်ဖယ်ကျဉ်မှုများသည် မကျေနပ်မှု၊ ဒေါသနှင့် ပုန်ကန်မှုကို တွန်းအားပေးသည့် ဆန္ဒတို့ကို ဖြစ်ပေါ်စေပြီး လက်ရှိအနေအထားကို ပြောင်းလဲရန် စုပေါင်းဆန္ဒတစ်ခုကို ဖြစ်ပေါ်စေသည်။ တော်လှန်ရေးအယူဝါဒ ပေါ်ပေါက်လာပုံကို အဓိကအဆင့် (၃) ဆင့်ဖြင့် ဖော်ပြနိုင်သည်။ ပထမအဆင့်မှာ လက်ရှိအခြေအနေကို ကျင့်ဝတ်မဲ့သည်ဟု အပြည့်အဝဝေဖန်ခြင်း ဖြစ်သည်။ တော်လှန်ရေး အယူဝါဒတိုင်းသည် မတရားသော လက်ရှိလူမှုစနစ်ကို ရှုတ်ချသည်။ လက်ရှိစနစ်၏ ရှုပ်ထွေးသော ပြဿနာများ၊ ချို့ယွင်းချက်များနှင့် အားနည်းချက်များကို ပြသပြီး ဤပြဿနာများကို ဖြေရှင်းရန် လက်ရှိ စနစ်၏စွမ်းရည်မရှိကြောင်း ဖော်ထုတ်ဝေဖန်သည်။ ဤအဆင့်သည် လက်ရှိအုပ်ချုပ်သူ၏ တရားဝင်မှုကို မေးခွန်းထုတ်ရန် ရည်ရွယ်ထားပြီး အုပ်ချုပ်သူ၏ စိတ်ဓာတ်နှင့် စည်းကမ်းကို ယိုယွင်းစေသည်။ ကျင့်ဝတ် ဆိုင်ရာ ဒေါသ၊ ကျင့်ဝတ်ဆိုင်ရာ စိတ်ဆိုးမှု၊ ကျင့်ဝတ်ဆိုင်ရာ ကန့်ကွက်မှုများသည် တော်လှန်ရေးအယူဝါဒများ အတွက် မရှိမဖြစ် လိုအပ်သည်။ ဒုတိယအဆင့်မှာ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် အခြားရွေးချယ်စရာ အမြင်တစ်ခုကို သတ်မှတ်ခြင်း ဖြစ်သည်။ တော်လှန်ရေးအယူဝါဒသည် လူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်သော၊ ပိုမိုတရားမျှတသော၊ ပိုမိုတန်းတူညီမျှသော အနာဂတ်ကို ခြယ်မှုန်းသည်။ ဤအဆင့်တွင် အယူဝါဒသည် ၎င်း၏ ကိုယ်ပိုင် အပြုသဘောဆောင်သော တန်ဖိုးများကို ပြန်လည်သတ်မှတ်သည်။ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ ညီအစ်ကိုရင်းချာစိတ်ဓာတ်၊ လူသားဆန်မှုစသည့် စံနှုန်းများကို အခြေပြုပြီး အတွေးသစ်၊ အမြင်သစ်ကို ဖန်တီးသည်။ ဤအခြားရွေးချယ်စရာ အမြင်သည် ကြီးကျယ်သောဒဏ္ဍာရီကို အခြေခံ၍ ကြီးကျယ်သော ဟန်ချက်ညီသော လူ့အဖွဲ့အစည်းပုံရိပ်တစ်ခုကို ဖော်ပြသည်။ ထိုအမြင်သစ်သည် လွန်ကဲသော တန်ဖိုးများကို ဖော်ပြပြီး လူထုအတွက် စည်းရုံးရေးဆော်ကြောသံ ဖြစ်လာသည်။ စည်းရုံးရေး အား အကောင်းဆုံးဖြစ်ရန် ထိုအမြင်ကို ပိုမိုနားလည်စွဲမြဲပြီး သုံးစွဲရန်အတွက် ရိုးရှင်းအောင် ပြုလုပ်ရသည်။ ထို့ကြောင့် လီနင်၏ “မြေယာ၊ ငြိမ်းချမ်းရေးနှင့် ပေါင်မုန့်” ဆိုသော ဆော်ဩသံ သို့မဟုတ် နွေဦးတော်လှန်ရေး တွင် “ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး” ကဲ့သို့ ကြွေးကြော်သံကို မြင်ရနိုင်သည်။ တတိယအဆင့်မှာ အမြင်သစ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ချက်အစီအစဉ် တစ်ခုကို ဖန်တီးခြင်းဖြစ်သည်။ တော်လှန်ရေးအယူဝါဒသည် အတွေးအခေါ်သစ်များ ရရှိရန် အကောင်အထည်ဖော်ရမည့် လုပ်ဆောင်ချက်အစီအစဉ်တစ်ခုလည်း ပါဝင်သည်။ တနည်းပြောရလျှင် တော်လှန်ရေးအယူဝါဒသည် အမြင် များနှင့် တန်ဖိုးထားမှုများ အကောင်အထည်ဖော်ရန်အတွက် အင်အားစုအသီးသီး၏ လုပ်ဆောင်ချက်ပုံစံများကို ဆက်စပ်ရန် ရှာဖွေသည်။ အချို့တော်လှန်ရေးအယူဝါဒများတွင် ချက်ချင်း လုပ်ဆောင်ရမည့်အရာများ၊ အချိန်ကာလတခုတွင် မဖြစ်မနေအကောင်အထည်ဖော်ရမည့်အရာများနှင့် နောက်ဆုံးမှ အကောင်အထည် ဖော်ဆောင်ရမည့် ရည်မှန်းချက်များဟူ၍ သတ်မှတ်သော ဦးစားပေး အစီအစဉ်တစ်ခု ပါဝင်နိုင်သည်။ “တော်လှန်ရေးအောင်မြင်ရန်အတွက် အယူဝါဒသည် ကျယ်ပြန့်သော လူထုထောက်ခံမှု ရရှိရမည် ဖြစ်သည်” တော်လှန်ရေးအောင်မြင်ရန်အတွက် အယူဝါဒသည် ကျယ်ပြန့်သော လူထုထောက်ခံမှု ရရှိရမည် ဖြစ်သည်။ တနည်းအားဖြင့် အယူဝါဒသည် ပြောင်းလွယ်ပြင်လွယ်ရှိပြီး အခွင့်အရေးကို လိုက်၍ ဆောင်ရွက် နိုင်ရမည်။ အမျိုးမျိုးသောကိစ္စရပ်များအပေါ် အယူဝါဒ၏ ရပ်တည်ချက်သည် သတ်မှတ်ပြီး အပြီးသတ်ဖြစ်၍ မရပေ။ ရှေ့တိုးနောက်ဆုတ်လုပ်ရန်နှင့် ညှိနှိုင်းရန် လုံလောက်သော နေရာချန်လှပ် ထားရမည်။ အယူဝါဒ ဆိုင်ရာ အစွန်းရောက်မှုသည် တော်လှန်ရေးကျဆုံးခြင်းကို ဖြစ်စေနိုင်သည်။ တော်လှန်ရေးအပေါ် အယူဝါဒ၏ လွှမ်းမိုးနိုင်မှုများ ----------------------------------------- တော်လှန်ရေးအယူဝါဒသည် တော်လှန်ရေး၏ ခရီးလမ်းကြောင်းနှင့် ရလဒ်ကို ပုံဖော်ပေးသည်။ တော်လှန်ရေးအပေါ် အယူဝါဒ၏ လွှမ်းမိုးနိုင်မှုများကို ဖော်ပြရပါက - (၁) ရေရှည်ရည်မှန်းချက်ကို သတ်မှတ်ပေးခြင်း - အယူဝါဒသည် တော်လှန်ရေး၏ ရေရှည် ရည်မှန်းချက်နှင့် အနာဂတ်မျှော်မှန်းချက်ကို သတ်မှတ်ပေးသည်။ ရှင်းလင်းသော ရည်မှန်းချက်မရှိဘဲ တော်လှန်ရေးသည် ဦးတည်ချက်ပျောက်ဆုံးပြီး ကမောက်ကမ ဖြစ်နိုင်သည်။ ရည်ရွယ်ချက် ရှင်းလင်းသော အယူဝါဒရှိခြင်းက တော်လှန်ရေးသမားများကို အာရုံစူးစိုက်မှုရှိစေပြီး လတ်တလော အဆင်ပြေမှုအတွက် ရည်မှန်းချက်ကို စွန့်လွှတ်ခြင်းမရှိဘဲ ရေရှည်ပန်းတိုင်ဆီသို့ ရောက်ရှိအောင် ဇွဲလုံ့လဖြင့် ကြိုးပမ်းစေသည်။ (၂) ဆွဲဆောင်စည်းရုံးမှုကို အားပေးခြင်း - စိတ်ဓာတ်လှုံ့ဆော်မှုရှိပြီး၊ ရှင်းလင်းပေါ်လွင်သော၊ ပြတ်သားသည့် အယူဝါဒသည် သာမန်ပြည်သူများကို တော်လှန်ရေးတွင် ပါဝင်လာရန် ဆွဲဆောင်နိုင်ပါသည်။ တော်လှန်ရေးခေါင်းဆောင်မှုသည် လူထု၏ နာကျင်မှုနှင့် မကျေနပ်မှုကို အခြေခံ၍ တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်လာအောင် လုပ်ဆောင်ရမည်။တော်လှန်ရေးသမားများ၏ လူထု အပေါ် စည်းရုံးရေးနှင့် နိုင်ငံရေးအသိပညာပေးနိုင်လေလေ၊ လူထုလိုလားသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်လေလေ တော်လှန်ရေးအောင်မြင်ရန် အခွင့်အလမ်းများ ပိုမိုများပြားလေ ဖြစ်သည်။ (၃) တော်လှန်ရေးလုပ်ဆောင်ချက်များကို တရားဝင်ဖြစ်စေခြင်း - အယူဝါဒသည် တော်လှန်ရေး သမားများ၏ လုပ်ဆောင်ချက်များကို တရားဝင်ဖြစ်စေပြီး ဂုဏ်သိက္ခာပေးသည်။ တရားမျှတမှုရှိသော၊ ကျင့်ဝတ်နှင့်ညီသော အယူဝါဒတစ်ခုကို အခြေခံခြင်းဖြင့် တော်လှန်ရေးသမားများသည် သူတို့၏ လုပ်ဆောင်ချက်များနှင့် တိုက်ပွဲဝင်မှုများအတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ အားအင်နှင့် ခိုင်မာမှုကို ရရှိစေသည်။ တော်လှန်ရေးသမားများကို သူတို့လုပ်ဆောင်နေသည့်အရာသည် မှန်ကန်သည်ဟု ခံစားစေပြီး လူထုက သူတို့၏ လုပ်ဆောင်ချက်များကို နားလည်ပံ့ပိုးရန် အခွင့်အလမ်း ပိုပေးသည်။ (၄) ကိုယ်ကျိုးစွန့် စွန့်လွှတ်အနစ်နာခံမှုကို မြှင့်တင်ခြင်း - တော်လှန်ရေးသည် တစ်ဦးချင်းထက် အုပ်စုလိုက် စွန့်လွှတ်အနစ်နာခံမှုကို လိုအပ်သည်။ ခိုင်မာသော အယူဝါဒနှင့် တည်ဆောက်ထားသော တော်လှန်ရေးသမားများသည် သူတို့၏ ကိုယ်ပိုင်အသက်ကိုပင် စွန့်လွှတ်ရန် အဆင်သင့်ဖြစ်ကြသည်။ တော်လှန်ရေးတစ်ခုတွင် ဤကဲ့သို့သော စွန့်လွှတ်အနစ်နာခံမှုမျိုးမရှိလျှင် ၎င်းသည် တော်လှန်ရေး၏ အဓိက စွမ်းအားစုကို ဆုံးရှုံးစေသည်။ (၅) တော်လှန်ရေးသမားများအား စိတ်ဓာတ်ခွန်အားပေးခြင်း - တော်လှန်ရေးသည် အရိပ်အမြွက် မျှသာ အမြင်ရသော ရေရှည်တိုက်ပွဲတစ်ခု ဖြစ်သည်။ ဤကဲ့သို့သော ခက်ခဲသောခရီးလမ်းတွင် တော်လှန်ရေးသမားများအား စွမ်းအင်ဖြည့်ပြီး စိတ်ဓာတ်ခွန်အားပေးသော အယူဝါဒသည် မရှိမဖြစ် လိုအပ်သည်။ အယူဝါဒသည် တော်လှန်ရေးသမားများအား ၎င်းတို့၏ စိတ်ဓာတ်နှင့် ရည်မှန်းချက်ကို ထိန်းသိမ်းထားရန် ကူညီပေးပြီး ခက်ခဲသောအခြေအနေများကို ကျော်လွှားရန် စွမ်းအားပေးသည်။ ၎င်းသည် အရှုံးနှင့် ကျဆုံးမှုများ၏ ဒဏ်ကို ခံနိုင်ရည်ရှိစေပြီး တော်လှန်ရေးကို ရှေ့ဆက်ရန် ခွန်အား ဖြစ်စေသည်။ (၆) စည်းလုံးညီညွတ်မှုကို မြှင့်တင်ခြင်း - ရှင်းလင်းသောအယူဝါဒသည် တော်လှန်ရေးအင်အားစုများ အကြား ယုံကြည်မှုကို ပိုဖြစ်စေပြီး စည်းလုံးမှုကို ပိုဖြစ်စေနိုင်သည်။ မတူညီသောအမြင်များကိုလည်း ညှိနှိုင်းရ ပိုလွယ်ကူစေသည်။ တော်လှန်ရေးအောင်မြင်မှုသည် တော်လှန်ရေးအင်အားစုကို စုစည်း နိုင်ခြင်းနှင့် ရလဒ်များကို စုပေါင်းရရှိခြင်းအပေါ် များစွာမူတည်သည်။ (၇) အရေးပေါ်ဆုံးဖြတ်ချက်များအတွက် လမ်းညွှန်ချက်ပေးခြင်း - တော်လှန်ရေးသည် မမျှော်လင့် ထားသော ပြဿနာများနှင့် ရက်စက်ကြမ်းကြုတ်သော ရွေးချယ်မှုများကို မကြာခဏ ရင်ဆိုင်ရသည်။ ဤအခြေအနေများတွင် အယူဝါဒသည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အကျိုးဖြစ်ထွန်းသော လမ်းညွှန်မှု ကို ပေးနိုင်သည်။ ခိုင်မာသော အယူဝါဒရှိသော တော်လှန်ရေးသမားများသည် ၎င်းတို့၏ အခြေခံ တန်ဖိုးများနှင့် ရည်မှန်းချက်များကို မစွန့်လွှတ်ဘဲ မျှော်မှန်းမထားသော အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုအဆင်သင့် ဖြစ်ကြသည်။ (၈) တော်လှန်ရေးအလွန် ပြုပြင်ပြောင်းလဲရေးများအတွက် အခြေခံအုတ်မြစ်ချခြင်း - အယူဝါဒသည် တော်လှန်ရေးအလွန် လူမှုပြုပြင်ပြောင်းလဲရေးများနှင့် အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုများအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ခိုင်မာပြီး တိကျသော ရှင်းလင်းသောအယူဝါဒမရှိဘဲ တော်လှန်ရေးသည် အစိုးရတစ်ရပ်ကို ပြုတ်ကျစေခြင်းဖြင့်သာ အဆုံးသတ်သွားပြီး ပိုမိုကောင်းမွန်ကာ၊ တရားမျှတသော၊ တန်းတူညီမျှသည့် လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်မည် မဟုတ်ပါ။ နိဂုံး ----- တော်လှန်ရေးတိုင်းသည် အယူဝါဒဆိုင်ရာ ရည်မှန်းချက်များနှင့် ခံယူချက်များ ပါရှိသည်။ အယူဝါဒများ မပါသော တော်လှန်ရေးများသည် ဖရိုဖရဲဖြစ်ကာ အကျိုးမဲ့၊ သို့မဟုတ် ဖိနှိပ်သော စနစ်တစ်ခုကို အခြား တစ်ခုဖြင့် အစားထိုးသည့် ရလဒ်သာ ဖြစ်ပေါ်စေသည်။ တော်လှန်ရေးတိုင်းတွင် ထိရောက်သော အယူဝါဒသည် သာတူညီမျှကာ ပိုမိုတရားမျှတမှု၊ လူသားဆန်မှုရှိသော လူ့အဖွဲ့အစည်းတစ်ခုဆီသို့ ဦးတည်စေသည့် အရေးပါသော ကိရိယာတစ်ခု ဖြစ်သည်။ တော်လှန်ရေးတစ်ခု၏ အောင်မြင်မှုသည် ထိရောက်သော အယူဝါဒနှင့် ခိုင်မာသည့်ချဉ်းကပ်မှု၏ ပေါင်းစပ်မှုအပေါ် မူတည်ပါသည်။ သို့မှသာ တော်လှန်ရေးသည် စစ်မှန်သော လူသားဆန်သော လူမှုအသိုင်းအဝိုင်းသစ်တစ်ခု ဖန်တီးရန် ရည်မှန်းချက်ကို ပြည့်မီနိုင်မည် ဖြစ်ပါသည်။ အယူဝါဒသည် တော်လှန်ရေး၏ စိတ်ဝိဉာဉ်ဖြစ်ပြီး ထိုစိတ်တန်ခိုးနှင့် ကြီးမားသော ရန်သူကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် ခိုင်မာအားကောင်းသော အယူဝါဒတစ်ခုကို တည်ဆောက်နိုင်မှသာ တော်လှန်ရေးအောင်ပွဲကို မြင်တွေ့ကြရမှာ ဖြစ်ပါသည်။ “အယူဝါဒ ဆိုင်ရာ အစွန်းရောက်မှုသည် တော်လှန်ရေးကျဆုံးခြင်းကို ဖြစ်စေနိုင်သည်” အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing #politicsforwomenmyanmar #whatishappeninginmyamar #Advocacy #politics #media
0 Comments
Leave a Reply. |
|